ပင်လောင်းမြို့နယ်အတွင်း တောင်ရိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကျင်းပ

ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)

တတိယအကြိမ်မြောက် တောင်ရိုးတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကို ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ဆည်ခေါင်းကျေးရွာတွင် ဖေဖေါ်ဝါရီ ၂၂ ရက်မှစတင်ကာ လေးရက်ကြာကျင်းပခဲ့သည်။

“ပွဲတော်ကိုကျင်းပရတာ တောင်ရိုးအမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ အရင်သုံးနှစ်တုန်းက မကျင်းပဖြစ်တာ တောင်ရိုးအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မရှိသေးလို့ဖြစ်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှမြင့်ကပြောပါသည်။

ပွဲတော်တွင်  တောင်ရိုး ရိုးရာအကများ၊ သီချင်းများ၊ တောင်ရိုးအလှမယ်ပြိုင်ပွဲများနှင့် မီးရှုးလွှတ်ပွဲများ ထည့်သွင်းကျင်းပခဲ့သည်။ တောင်ရိုး ရိုးရာယဉ်ကျေးမှုအကအဖွဲ့ ၄၇ ဖွဲ့ပါဝင်ခဲ့ပြီး ရှမ်းအကအဖွဲ့နှင့် ပအိုဝ်းအကအဖွဲ့ တစ်ဖွဲ့စီပါဝင်ဆင်နွဲခဲ့သည်။
ပွဲတော်တွင် ရိုးရာအကဖြင့် ဖျော်ဖြေနေကြသည်
၎င်းပွဲသို့ ပရိတ်သတ် ငါးထောင်ကျော်တက်ရောက်ခဲ့ကြပြီး ယခင်နှစ်များထက် တိုင်းရင်းသားများ ပိုမိုပါဝင်လာသည် ဟုပွဲစီစဉ်သူများကပြောသည်။

ဆည်ခေါင်းကျေးရွာသည် တီကျစ်ကျောက်မီးသွေးတွင်းနှင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ အနီးတွင်တည်ရှိပြီး လေထုညစ်ညမ်းမှုနှင့် စက်ရုံထွက်အညစ်အကြေးများဒဏ်ကိုခံစားနေရသော ရွာတစ်ရွာဖြစ်သည်။

တောင်ရိုးလူမျိုးများသည် ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲတို့တွင် အဓိကနေထိုင်လျှက်ရှိပြီး ပင်လုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်း နေထိုင်သည်။ တောင်ယာနှင့် လယ်လုပ်ငန်းများလုပ်ကိုင်ကြသည်။
ပင်လောင်းမြို့နယ်အတွင်း တောင်ရိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကျင်းပ ပင်လောင်းမြို့နယ်အတွင်း တောင်ရိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုစုံညီပွဲတော်ကျင်းပ Reviewed by သစ်ထူးလွင် on 19:18 Rating: 5

No comments:

Powered by Blogger.