ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာနှင့် ပင်ငိုကျေးရွာရှိ
ဒေသခံများ၏ စိုက်ပျိုးခြံများအား စစ်တပ်မှသိမ်းယူရန်အတွက်
ပြင်ဆင်လျက်ရှိကြောင်း ယင်းဒေသမှ ဒေသခံ ခွန်ခမ်းကောင်းက ပြောသည်။
“ခြံတွေထဲကိုလာပြီး တပ်မြေဆိုတဲ့ စာတမ်းပါတဲ့တိုင်တွေ လာစိုက်တယ်။ ဒေသခံရွာသားတွေအနေနဲ့ ဒီကိစ္စကို တော်တော်လေး စိုးရိမ်နေတယ်။ မစားနိုင်မအိပ်နိုင်နဲ့ဖြစ်ပြီး စိတ်ညစ်နေကြရတယ်။ ဒေသခံတွေအနေနဲ့က စိုက်ပျိုးရေးပဲလုပ်တတ်တာလေ။ အဲဒီတော့ သူတို့စားဝတ်နေရေးအတွက် စိုးရိမ်နေကြတာပေါ့” ဟု ၎င်းကဆိုသည်။
ယခုလို တပ်မြေအဖြစ် သတ်မှတ်ခံရသည့် စိုက်ပျိုးဧကပေါင်း ၆၁၀ ကျော်ရှိပြီး ယင်းမြေများပေါ်တွင် ဂျုံ၊ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ စတော်ဘယ်ရီ နှင့် ဟင်းသီးဟင်းရွက်အစုံတို့ကိုစိုက်ပျိုးလျက်ရှိပြီး ယင်းမြေများမှာ မြေစာရင်းဌာနသို့ အခွန်ဆောင်ထားခြင်းမရှိသော်လည်း ဘိုးဘေးစဉ်ဆက်လုပ်ကိုင်လာသော စိုက်ပျိုးမြေများဖြစ်သည်။
လယ်ယာမြေများအား တပ်ပိုင်မြေ အဖြစ်သိမ်းယူလျှက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ လယ်သမားအရေးဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူက “အရင်က လယ်သိမ်းတာတွေက ခေါင်းစဉ်တပ်သိမ်းတဲ့အတွက် ကျွန်တော်တို့လုပ်ပေးရတာလွယ်တယ်။ ခုက ခေါင်းစဉ်မတပ်ဘဲ စစ်တပ်ကလည်းသိမ်းတယ်။ ၀န်ကြီးဌာနတွေကလည်းသိမ်းတယ်။ နိုင်ငံတော် နာမည်သုံးပြီးသိမ်းကြတာဆိုတော့ ကျွန်တော်က မေးချင်တယ် နိုင်ငံတော်ဆိုတာ စစ်တပ်လားလို့” ဟု ဝေဘန်ပြောကြားသည်။
အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ယခုလွှတ်တော်တွင်းဆွေးနွေးလျက်ရှိသော လယ်ယာမြေ ဥပဒေတွင် လယ်သမားများအား စိုက်ပျိုးလုပ်ပိုင်ခွင့် အာမခံချက်ရှိရေးအတွက် စည်းကမ်းချက် သတ်မှတ်ပြဌာန်းထားသော ပိုင်ဆိုင်ခွင့်ဂရံ ချထားပေးနိုင်ရေးအတွက် ထည့်သွင်းရေးဆွဲသင့်သည်ဟု မိမိ အကြံပြုလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဇန်န၀ါရီလ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် မြေလွတ်မြေရိုင်းဥပဒေတွင် တရားဝင်စာရင်းမရှိသော လယ်သမားများအတွက် ဥပဒေဖြည့်စွက်ခဲ့သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “တောသူတောင်သားဆိုတာ တရားဝင်ဖြစ်တာ မဖြစ်တာ မသိဘူး။ ဒါပေမယ့် သူတို့ဘာသာ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေကြသူတွေပါ။ ဒီလိုလူတွေကို ကာကွယ်နိုင်မယ့်ဥပဒေပြဌာန်းနိုင်ဖို့လိုတယ်” ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “စစ်တပ်အနေနဲ့ ပြည်သူ့ဘဏ္ဍာကို လုပြီးတပ်တည်ဆောက်မယ့်အစား လူထုနဲ့လွတ်ကင်းတဲ့နေရာမှာ သွားဆောက်သင့်တယ်။ ဒါမှ လူထုရဲ့ ဆန္ဒနဲ့နီးစပ်တဲ့ တပ်မတော်ဖြစ်လာနိုင်မယ်” ဟု ပြောကြားသည်။
ယင်းကိစ္စအား နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးချုပ်တို့သို့ လိပ်မူတိုင်ကြားခဲ့ သော်လည်း နိုင်ငံတော် သမ္မတအနေဖြင့် ယခုအချိန်ထိ ၎င်းတို့၏တိုင်ကြားစာကို ဖတ်ရှုနိုင်ခြင်းမရှိသေးဟု နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် အဆက်အသွယ်များထံမှ သိရကြောင်း ခွန်ခမ်းကောင်းက ဆက်လက်ပြောကြားသည်။ ။
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)

တောင်ကြီးမြို့နယ်မှ စိုက်ပျိုးခြံများအား စစ်တပ်မှသိမ်းယူရန် ပြင်ဆင်
Reviewed by သစ်ထူးလွင်
on
19:23
Rating:
9 comments:
စိတ်မညစ်ပါနဲ့ စစ်တပ်ကလုပ်ကျွေးမလို့ နေမှာ။အကုန်လုံးကိုသိမ်းချင်နေတာ။တိုးတက်အောင်လုပ်ရင်လုပ်ပေါ့။မတိုးတက်လို့ ကတော့အဲဒီစစ်တပ်ကလူတွေကိုထမင်းမကျွေး၊ရေမတိုက်၊လစာမပေးပဲအလကားခိုင်းစားတော့။
သိမ်းပြီးရင်းသိမ်း အာဏာပါထပ်သိမ်းမှာလား?
အဲလိုပြေားလို့မရဘူးလေ...စစ်တပ်လည်းပြည်သူတွေအတွက်လုပ်နေဒါပါဘဲ
ဘာလို့စစ်တပ်ကိုအဲလောက်တောင်ရန်ရှာနေကြဒါတုန်းဟ
စစ်တပ်က ပြည်သူတွေ အတွက် လုပ်နေတယ်ဆိုတဲ့ တစ်ခုလောက် ပြောပြစေချင်ပါတယ်....
သိခဲ့ ကြုံခဲ့ တွေ့ဖူးခဲ့တာတော့ အာဏာ လက်ကိုင်ထားပြီး အနိုင်ကျင့် ဗိုလ်ကျတာပဲတွေ့ဖူးလို့ပါ....
ဒါဟာ နိုင်ငံတော်ရဲ့ ပျက်ဆီးရာပျက်ဆီးကြောင်းနဲ့ ပင်လုံ စာချုပ်အပေါ် စော်ကားနေတာနဲ့ အတူတူပဲဖြစ်တယ်
သိမ်းတာ အကျင့်ပါနေပီ။ အာဏာမသိမ်း၇၇င် မြေကွက်သိမ်းတယ်
သြော် နယ်ချဲ့စနစ်ပပျောက်ပြီမှတ်နေတာ ကိုရွှေနိုင်ငံမှာ ကျန်သေးသကိုး။
ဗိုလ်ချုပ်မိန့်ခွန်းတစ်ခုရှိတယ် " ကျုပ်တို့တိုင်းပြည်က မိအေးနှစ်ခါနာတယ် " တဲ့။ ဗိုလ်ချုပ်လဲဆုံးပြီးတော့ နအဖလဲတက်လာရော မိအေးနှစ်ခါမကဘူး ဆယ်ခါမကကိုနာတယ်ဗျာ။ ပါးစပ်ကဒီမိုကရေစီနိုင်ငံ ထူထောင်နေတယ်ပြောပြီး လက်တွေ့ကျတော့ အာဏာရှင်စနစ်မှ မပျောက်သေးဘဲကိုး။ ဒီလူတွေရှိနေသမျှ ဒီအတိုင်းပဲဆက်သွားမှာပဲ။
နိုင်ငံတစ်နိုင်ငံမှာအင်အားတောင့်တင်းတဲ့တပ်မတော်ဆိုတာမရှိမဖြစ်လိုအပ်ပါ တယ်။နောက်ပြီးတပ်မတော်ဆိုတာပြည်သူ့သားသမီးတွေနဲ့ဖွဲ့စည်းထားတာပါ။
ပြည်သူကိုမိဘသဖွယ်စောင့်ရှောက်ပါ။ရိုင်းစိုင်းတဲ့အပြုအမူတွေမလုပ်ပါနဲ့။
Post a Comment