အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေး နိုင်ပါရန် တင်ပြခြင်း

နေ့စွဲ – ၁ ၊၂ ၊၂၀၁၂
သို့
ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး၊တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့။
အကြောင်းအရာ။ ။ အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေးနိုင်ပါရန် တင်ပြခြင်း
အထက်ပါ အကြောင်းအရာ ကိစ္စနှင့် ပတ်သက်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်
ကျန်းမာရေး ဌာနတွင် ကျန်းမာရေးကြီးကြပ်(၁) ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဦးဇော်နိုင် နှင့် ဓါတ်ခွဲ ကျွမ်းကျင်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဦးစိုးဝင်းသိန်းတို့ နှစ်ဦးသည် ၄င်းတို့အား ယုံကြည်စွာပေးအပ်ထားသော တာဝန်ဝတ္တရားများဖြင့် အများပြည်သူတို့အပေါ်တွင် တရားလက်လွတ် အကျင့်ပျက် ခြစား လာဘ်ပေး လာဘ်ယူ မှုများကို နေ့စဉ် ပုံမှန်ဝတ္တရားများကဲ့သို့ စနစ်တကျ ကျူးလွန် ဆောင်ရွက်နေပါသည်။
အထက်ဖော်ပြပါ ကျန်းမာရေး ကြီးကြပ်(၁) ဦးဇော်နိုင် ၏ နေ့စဉ် အကျင့်ပျက် ခြစား ကျူးလွန်ဆောင်ရွက်နေသော ကိစ္စရပ်များမှာ နိုင်ငံတော်အစိုးရမှ အများပြည်သူ များအတွက် မွေးဖွားမှု မှတ်ပုံတင်နိုင်ရန် မွေးစာရင်း လက်မှတ်များကို အခမဲ့ထုတ်ပေးထားပါသည်။ ဦးဇော်နိုင်သည် ပုံမှန်မွေးစာရင်း လက်မှတ် ခြောက်လ အရွယ် ကလေးများ အတွက်မှတ်ပုံတင်ပါကတစ်စောင်လျှင် မြန်မာကျပ်ငွေ နှစ်ထောင်ကျပ်မှ နှစ်ထောင့်ငါးရာကျပ်အထိ တောင်းယူအလွဲသုံးစား ပြုလုပ်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးများ
ကျောင်းအပ်ရန် မွေးစာရင်း လက်မှတ်လာရောက် တောင်းယူပါက ၄င်း၏ကိုယ်ပိုင် တံဆိပ်တုံး ရိုက်နှိပ်ကာ တစ်ဦးလျှင် မြန်မာကျပ်ငွေ တစ်သောင်းမှ တစ်သောင်းငါးထောင်ကျပ်အထိ တောင်းယူကာ အလွဲသုံးစား ပြုလုပ်နေပါသည်။ ဦးဇော်နိုင်သည် သေဆုံးသွားသော ပင်စင်စားဝန်ထမ်းများအတွက် ကျန်ရစ်သူမိသားစုဝင်များက ပင်စင်လစာ ဆက်လက်ရရှိဖို့ သေစာရင်း ထောက်ခံစာများ လာယူလျှင် မောက်မောက်မာမာ အော်ဟစ်ကြိမ်းမောင်း ဆက်ဆံခဲ့ပါသည်။ ပင်စင်စားများ အပေါ်တွင်လည်း အကြောင်းမရှိ အကြောင်းရှာကာ အမျိုးမျိုး လှည့်ပတ်ပြီး ခက်ထန်စွာပြောဆို ဆက်ဆံပါသည်။
ကျန်းမာရေး ဦးစီးဌာန သည် တစ်နှစ်အောက် ကလေးငယ်များ အား ကူးစက်တတ်သော ရောဂါ ၇ မျိုးမှ ကာကွယ်နိုင်ရန်အတွက် ပုံမှန် ကာကွယ်ဆေးကျွေးရေး စီမံကိန်း လုပ်ငန်းကို နိုင်ငံတော်၏ အထောက်အပံ့ဖြင့် လစဉ် အခမဲ့ ဆောင်ရွက်ပေးနေပါသည်။ မြို့နယ်အတွက် လိုအပ်သော ကာကွယ်ဆေးများကို နယ်ကျန်းမာရေး ဌာနများမှ အလှည့်ကျ မှာယူလျှင် ဦးဇော်နိုင် က မြန်မာကျပ်ငွေ နှစ်သောင်း ရှစ်ထောင် ကောက်ခံယူပါသည်။ သို့သော် ကာကွယ်ဆေးများ သွားရောက် ထုတ်ယူသော တာဝန်ကျ ဝန်ထမ်းအား ကျပ်ငွေ နှစ်သောင်းငါးထောင် သာလျှင် ထုတ်ပေးပြီး ကျန်သောကျပ်ငွေ သုံးထောင်ကို သူ၏ ကိုယ်ကျိုးအတွက် လစဉ် အလွဲသုံးစားပြုလုပ်နေပါသည်။ ထို့အပြင် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများကိုလည်း စာရင်းအတိုင်း ထုတ်မပေးပဲ ဦးဇော်နိုင်သည် ၄င်း၏ ကိုယ်ကျိုးအတွက် ဖြတ်ယူသုံးစွဲကာ ပြင်ပသို့ ကျပ်ငွေ နှစ်သောင်း ဖြင့် ကာကွယ်ဆေးထိုးပေးခြင်းများ ပြုလုပ်နေပါသည်။
ကသာမြို့ပေါ်နှင့် ကျေးရွာ များရှိ လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင် ၄ဝ ကျော် မှတ်ပုံတင်ရာတွင်လည်း တာဝန်ခံမှာ ဦးဇော်နိုင်ပင်ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ခြင်း အတွက် လိုင်စင်ကြေးဟု ပြောကာ ဆေးဆိုင် တစ်ဆိုင်လျှင် ကျပ်ငွေ နှစ်သောင်း ငါးထောင် တိတိ ကောက်ခံယူကာ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ် သုံးစွဲနေပါသည်။ ကသာမြို့အတွင်း ပွဲတော်များ ပြုလုပ်လေ့ရှိရာ ထိုပွဲတော်များ ကျင်းပချိန်တွင် ဈေးဆိုင်များမှကျန်းမာရေးထောက်ခံစာကို ဦးဇော်နိုင်ထံတွင် ယူရပါသည်။ ထိုသို့ ကျန်းမာရေးထောက်ခံချက်များ ယူရာတွင် ပွဲတော်ကျင်းပသည့် ရက်အတိုင်းအတာအပေါ်ကို လိုက်၍ သုံးရက်ကျင်းပမည်ဆိုလျှင် ကျပ်ငွေ တစ်သောင်း ငါးထောင် မှ နှစ်သောင်းအထိ၊ ပွဲတော် ငါးရက် ကျင်းပ မည်ဆိုလျှင် ကျပ်ငွေ နှစ်သောင်းမှ သုံးသောင်းအထိ ကို ၄င်း၏ သဘောဆန္ဒနှင့် ကောက်ယူပြီးကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေပါသည်။
ထို့နောက် ဓါတ်ခွဲ ကျွမ်းကျင်ဝန်ထမ်း တစ်ဦးဖြစ်သူ ဦးစိုးဝင်းသိန်း ၏ နေ့စဉ် အကျင့်ပျက် ချစား လာဘ်ပေးလာဘ်ယူ မှုများ ကိုလည်း တင်ပြပါသည်။ ဦးစိုးဝင်းသိန်းသည် နိုင်ငံတော် အစိုးရမှ ပြည်သူများအတွက် ကျန်းမာရေးအခမဲ့ စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်း သုံးပစ္စည်းများ ကို ထုတ်ဝေပေးနေပါသည်။ ထိုသို့အခမဲ့ ထုတ်ဝေပေးနေသော ဓါတ်ခွဲခန်းသုံး ပစ္စည်းများကို ဦးစိုးဝင်းသိန်းသည် မိမိ၏ ကိုယ်ပိုင် ပစ္စည်းများကဲ့သို့ သုံးစွဲကာ လာရောက် ၍ ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်သောလူနာရှင်များ အပေါ်တွင် မတန်တဆ အခကြေးငွေ တောင်းယူ၍ မိမိ၏ ကိုယ်ကျိုးအတွက် သုံးစွဲနေပါသဖြင့် ထိုသို့ တာဝန်ကို အလွဲသုံးစားလုပ်၍ အကျင့်ပျက် ချစား လာဘ်ပေးလာဘ်ယူ ပြုလုပ်နေသော ကသာခရိုင် ပြည်သူ့ဆေးရုံ မှ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်။
ဘားမားဗီဂျေ
အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေး နိုင်ပါရန် တင်ပြခြင်း အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူ ကျန်းမာရေး ဝန်ထမ်း နှစ်ဦးအား အရေးယူအပြစ်ပေး နိုင်ပါရန် တင်ပြခြင်း Reviewed by သစ်ထူးလွင် on 05:52 Rating: 5

8 comments:

ရာရာ said...

အဲ့ဒီ ထောက်ခံစာ ဆိုတာကြီးဟာ ကျွန်တော်တို့တိုင်းပြည်မှာ တကယ်မလိုအပ်တဲ့နေရာတွေမှာ လည်းရှိနေလေတော့ အဲ့ဒါကြီးကို အကြောင်းပြပြီး ခြစားမှုတွေက ရှိနေမှာပဲလို့မြင်မှာတယ်။...ဥပမာဗျာ..ခု ပင်စင်တွေတိုးပေးတဲ့အခါ လူကိုယ်တိုင်လာတာကြီးကို သက်ရှိထင်ရှားရှိနေသေးကြောင်း ထောက်ခံစာပါမှ ဆိုတော့ မခက်ဘူးလားဗျာ...။

Forever.ml said...

hahahaha... ပြောတတ်ပ ရာရာရေ

Android Myanmar said...

ပေါပေါကြောင်ကြောင် နိုင်သော ဌာနဆိုင်ရာများသို့
အခြား အူကြောင်ကြောင်နိုင်သော ထောက်ခံစာများ အကြောင်းလဲရှိပါသေးသည်။ ဌာနဆိုင်ရာများတွင် အလုပ်လျှောက်ပါက သက်ဆိုင်ရာ ဘွဲ့လတ်မှတ်ပါရှိပါကလက်မခံဘဲ ဆယ်တန်းအောင်လတ်မှတ်ကိုပါ တောင်းခံတတ်ပါသည်။ ဘွဲ့ရပြီးသူတစ်ယောက်အနေဖြင့် ဆယ်တန်းအောင်လတ်မှတ် မလိုအပ်တော့ပါ။ တကယ်တော့ ထောက်ခံစာများ အကြောင်းပြု၍ လုပ်စားကြခြင်းသာဖြစ်ပါသည်။

Anonymous said...

အဟေး တို့၇ပ်ကွက်ထဲက ကလေး တယောက်ကတော့ မွေးစာ၇င်း ၂ ခုတောင် ၇ှိတယ် ။ မြို့  နယ် တခုစီနဲ့

စင်ရော် said...

ကသာမှာတင်မကဘူး၊ တပြည်လုံးဒီအတိုင်းပဲ၊ ဝေးလံခေါင်ဖျားဒေသတွေကမြို့ နယ်ဆေးရုံတွေမှာ နိုင်ငံပိုင်ပစ္စည်းတွေကိုအသုံးပြုပြီးစီးပွားရေးသဖွယ်လုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအများကြီးပဲ။

lizard said...

အရေးယူမယ်ဆို အားလုံးကိုအရေးယူမှရမယ်။ နို့မဟုတ်ရင်လည်း ဝန်ထမ်းတွေကို ခံစားခွင့် ကောင်းကောင်းပေးလိုက်ရင် လာဘ်စားတာ၊အကျင့်ပျက်တာက သူ့အလိုလို တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ် လို့ ယုံကြည်ပါတယ်။

HtetNWin said...

သူများတွေလဲ ဒီလိုပဲရုန်းကန်လှုပ်ရှားနေရတာပဲ..တမူးပိုရှုချင်တာ သဘာဝမကျပါဘူး..တော်တော်များများက သူဌေးဖြစ်ကို ကြံနေကြတာပါ..ငတ်လို့ မဟုတ်ဘူး..လူတိုင်းတိုင်းက အရင်လိုပါးစပ်လေးပိတ်ပြီးငြိမ်နေရင် အရင်ကလိုပဲဖြစ်နေမှာပဲ..မသင့်တော်တာရှိရင်ပြောပါ..ပြောမရရင် စာနယ်ဇင်းတွေကနေအော်ပါ..အဲဒါမှပြောင်းလဲမှာ..

phyu phyu said...

That is too much.They should be jail anyway.

Powered by Blogger.