နိုင်ငံတော် အရန်ဆန်ဝယ်ယူရာတွင် မှန်ကန်မှုမရှိသည့် အ၀ယ်ဒိုင်များအား ပိတ်သိမ်းသွားရန်ရှိ


ပြည်တွင်းမှာ ဆန်ဈေးမြင့်တက်မှုကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက၊ သမ၀ါယမတို့ စုပေါင်းဝယ်ယူတဲ့ နိုင်ငံတော် အရန်ဆန်ကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်ဝယ်ယူ လျက်ရှိပါတယ်။ ဒီလို ၀ယ်ယူရာ မှာ နိုင်ငံတော် အရန်ဆန်အတွက် တောင်သူများဆီမှ တိုက်ရိုက် မ၀ယ်ဘဲ ကုန်သည်များမှ ပြန်လည် တင်သွင်းတဲ့ ဆန်များကို ၀ယ်ယူတဲ့ အရန်ဆန်အ၀ယ်ဒိုင်များကို  ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ နိုင် ငံတော်အရန်ဆန် ထားရှိရေး ကြီးကြပ်မှုကော်မတီရဲ့ သတင်းများအရ သိရပါတယ်။

ဒီလို ဆောင်ရွက်ရခြင်းဟာ တောင်သူများမှ တိုက်ရိုက်ရောင်းချခွင့် ပိုမိုရရှိစေဖို့အတွက်ဖြစ်ပြီး အဆိုပါ ပိတ်သိမ်းခြင်းခံရတဲ့ အရန်ဆန် ၀ယ်ယူရေး အ၀ယ်ဒိုင်များနေရာမှာ အခြားသော အရန်ဆန် ၀ယ်ယူရေးအဖွဲ့တစ်ဖွဲ့ဖြင့် ပြန်လည် ၀ယ်ယူသွားမှာဖြစ်ပါတယ်။ အဲ့ဒီလို အရန်ဆန်ဝယ်ယူရေး အ၀ယ်ဒိုင်များမှ တောင်သူဆီမှ တိုက်ရိုက်ဝယ်ယူခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာ နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ အဖွဲ့၁၀ဖွဲ့ ဖွဲ့ကာ အရန်ဆန်ဝယ်ယူနေတဲ့ အ၀ယ်ဒိုင်များကို ကွင်းဆင်း စစ်ဆေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူး အစရှိတဲ့ တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၆၄မြို့နယ်မှာ သက်ဆိုင်ရာမြို့နယ်များအလိုက် အ၀ယ်ဒိုင်များဖွင့်ကာ ၀ယ်ယူလျက်ရှိပါတယ်။ ဒီလို ၀ယ်ယူရာမှာ ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၁၀ရက်နေ့အထိ တောင်သူများဆီမှ တိုက်ရိုက်ဝယ် ယူမှုအနေနဲ့ စပါးတင်း ၁၉၄၆၁၃ တင်းကို ၀ယ်ယူပြီးဖြစ်တဲ့ အပြင် အဆိုပါ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးအတွက် ငွေ ပမာဏ ကျပ်၃.၄၉၅ မီလီယံထုတ်ပေး ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် အရန်ဆန် ၀ယ်ယူရေးအ၀ယ်ဒိုင်များ မှ တောင်သူများ တိုက်ရိုက်ရောင်းချမှု ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် အသံချဲ့စက်များဖြင့် အသိပေးကာ ၀ယ်ယူလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
MRTV-4
နိုင်ငံတော် အရန်ဆန်ဝယ်ယူရာတွင် မှန်ကန်မှုမရှိသည့် အ၀ယ်ဒိုင်များအား ပိတ်သိမ်းသွားရန်ရှိ နိုင်ငံတော် အရန်ဆန်ဝယ်ယူရာတွင် မှန်ကန်မှုမရှိသည့် အ၀ယ်ဒိုင်များအား ပိတ်သိမ်းသွားရန်ရှိ Reviewed by သစ်ထူးလွင် on 16:17 Rating: 5

No comments:

Powered by Blogger.