နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို

ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာစေရန်အတွက် အခြေအနေနှင့်မကိုက်ညီသော တည်ဆဲဥပဒေများကို ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ခန်းမ၌ ယနေ့  ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲ တွင်သူရဦးရွှေမန်းက ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီး မြှုပ်နှံလိုသူများစွာရှိသည်ဟု ကြားသိရကြောင်း သို့သော် တည်ဆဲဥပဒေများကို လေ့လာပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိသည်ဟု ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများက ပြောကြားသည်ဟု ၎င်း ကဆိုသည်။
“ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ၀င်လာဖို့ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းမီတဲ့၊ ကိုယ့်နိုင်ငံနဲ့လက်တွေ့ကျမယ့် ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့လိုပါတယ်” ဟု သူရ ဦးရွှေမန်း ကဆိုသည်။

၎င်းကထပ်မံ၍ ဥပမာအားဖြင့် ၁၉၄၇ ခုနှစ်ကတည်းက ပြဌာန်းထားသော ယာယီသွင်းကုန် ထုတ်ကုန် ဥပဒေကို ယနေ့အထိ ကျင့်သုံးနေဆဲဖြစ်ကြောင်း၊ ယင်းဥပဒေသည် ယနေ့ခေတ်အခြေအနေနှင့် မလျော်ညီသဖြင့် ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်ရကြောင်း၊ ထိုဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တာဝန်ရှိကြောင်း၊ ယင်း ၀န်ကြီးဌာနများမှ ပြင်ဆင်ရန် နှောင့်နှေးနေပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တွန်းအားပေးရန်လိုအပ်ကြောင်း သူရဦးရွှေမန်းကဆိုသည်။

“ပြုပြင်ပြောင်းလဲရေးကို ကြိုက်ပါတယ်ဆိုပြီး နှောင့်နှေးနေတဲ့အတွက် ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ရွေတဲ့ဘက်က မရွေ့ရင် ကျွန်တော်တို့ တွန်းတဲ့ဘက်က ပိုတွန်းရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဦးမော်သန်းက “ဥပဒေတွေက ရှိပြီးသားပါ။ လက်ရှိဥပဒေတွေကလည်း နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အခြေခံခြင်းတူပါတယ်။ ဖော်ဆောင်တဲ့အပိုင်းကပဲ လိုနေတာပါ။ ဥပဒေကို ဥပဒေအတိုင်း အာမခံချက် မပေးနိုင်တာကမှ တကယ့်ပြဿနာပါ” ဟု သူ၏ အမြင်ကိုပြောကြားသည်။

လက်ရှိ တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အနေဖြင့် ယခုအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ဥပဒေများအပါအ၀င် စီးပွားရေးဆိုင်ရာ ဥပဒေအချို့ကို ပြုစုလျက်ရှိသည်။      ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာနိုင်ရေး တည်ဆဲဥပဒေများပြင်ရန်လို Reviewed by သစ်ထူးလွင် on 05:22 Rating: 5

4 comments:

yoothar said...

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက တိုင်းပြည်အတွက်အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာမှာဖြစ်ပါတယ်၊ ဒါကြောင့် ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို အမြန်ဆုံးပြင်ဆင်ပေးဖို့လိုသလို ရှိပြီးဥပဒေများ၊ပြင်ဆင်ပြဌာန်းထားတဲ့ ဥပဒေများကိုလည်း လက်တွေ့အကောင်အထည်ဖေါ် ကျင့်သုံးနိုင်ဖို့ လိုအပ်ပါတယ်၊ ပြုပြင်ပြောင်းလဲရေးကို ကြိုက်ပါတယ်ဆိုပြီး နှောင့်နှေးနေတဲ့အတွက် လွှတ်တော်ဥက္ကဌကြီးတွင်မဟုတ်ပါဘူး ပြည်သူတွေကလည်း အားမရပါဘူး၊ ရွေ့အောင်မြန်မြန်သာ တွန်းပေးပါလို့ ၊ ဒါမှ တိုင်းပြည်တိုးတက်မှု အရှိန်ရလာမှာ ဖြစ်ပါတယ်

ယုယ said...

ကျနော် ဖတ်မှတ်သင်ယူဖူးသော အသိတစ်ခုအား မျှဝေလိုပါတယ်...
ရင်းနှီးမြှုပ်နှံမှုဆိုရာဝယ် မိမိနိုင်ငံအတွက် အဓိကလိုအပ်သော အလုပ်အကိုင်ရရှိရေး/အခြေခံလိုအပ်ချက်များ တိုးတက်ဖွံ့ဖြိုးလာစေရေး/အနာဂတ်ဈေးကွက်အလားအလာ/ သဘာဝပတ်ဝန်းကျင်ကို အလေးထားစေရေး ... စတဲ့ အချက်အလက်များစွာအပေါ်မှာ အခြေခံစဉ်းစားသင့်ပါတယ်... အဓိကကတော့ ပြည်တွင်းပြည်ပ ရင်းနှီးလုပ်ကိုင်သူတွေအတွက် မျှတသော/အာမခံချက်ရှိသော သဘောတရားတွေ ရှိဖို့လိုအပ်ပါမယ်...
မိမိတို့နိုင်ငံအတွက် ဘယ်လိုအရာတွေ ရင်းနှီးမြှုပ်နှံခွင့်ပေးမလဲ ဆိုတာ အဓိက ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲမှာ ပါပါတယ်... ဆရာတစ်ယောက်ပြောဖူးတယ်...
ကိုယ့်နိုင်ငံသားတွေ ရင်းနှီးလုပ်ကိုင်လို့ရတဲ့ အရာတွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြည်သူအလုပ်အကိုင်ရရှိရေး ၀င်ငွေတိုးတက်ရရှိရေး စတာတွေကို ဖန်တီးပေးရပါမယ်...
ဥပမာ- ယခုကာလမှာ ခေတ်စားနေတဲ့ ခရီးသွားလုပ်ငန်းဆိုပါစို့
အဲဒီကဆက်နွယ်တဲ့ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ ဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးသင့်ပါတယ်..
ဘာကြောင့်လဲဆိုရင်... ဧည့်သည်အများစုအတွက် STAR အဆင့်သတ်မှတ်ချက်တွေ မြင့်တဲ့ဟိုတယ်တွေက အရေးမပါပါဘူး... ဧည့်သည်အတွက် အခြေခံလိုအပ်ချက် တွေကို အဆင်ပြေအောင်စီမံပေးထားဖို့ပဲလိုပါတယ်... ဒီအခါမှာ ပြည်တွင်းက လူတွေ ခရီးစဉ် နေရာတိုင်းမှာ မရင်းနှီးနိုင်ဘူးဆိုရင် ဒီနေ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး နေတဲ့နိုင်ငံတွေမှာ လုပ်နေသလိုမျိုး Home Stay, Community Base စတဲ့ပုံစံတွေနဲ့လုပ်နိုင်ပါတယ်... ဟိုတယ်ဇုန်သီးခြားမလိုပါဘူး...
ဟိုတယ်ဇုန်သီးခြားလုပ်ရင်... အဲဒီလူတွေကပဲ သွား၊ လာ၊ နေ၊ ထိုင်၊ စားသောက်မှုကို ချုပ်ကိုင်လာမှာပါ...ခရီးစဉ်ဒေသရဲ့ Carrying Capacity ကို အလေးမမူတော့ပဲ စီးပွားဖြစ်တွက်ခြေကိုက်အောင်လုပ်ဆောင်ရင်း သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်၊ ဒေသခံတွေအတွက် မူရင်းဘ၀နေထိုင်စားသောက်မှုပုံစံတွေ ပျောက်ကွယ်နိုင်ပါတယ်။ ဒေသခံတွေအတွက် မိမိတို့ မိရိုးဖလာ လုပ်ငန်းကို လုပ်ကိုင်ရင်း အသက်မွေးနိုင်တဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖန်တီးရပါမယ်... ဧည့်သည်တွေအတွက် ဟိုတယ်ထက်စာရင် မြန်မာ့ဓလေ့နဲ့ တည်ဆောက်ထားတဲ့ တဲအိမ်လေးမှာ နေရတာ ပိုနှစ်သက်မှာပါ... (စားသောက်နေထိုင်မှုကိုတော့ ကျန်းမာရေးနဲ့အညီ ပြင်ဆင်ထားရမှာပေါ့)
ဒါက ဥပမာပါ... တခြားအရာတွေလည်း အများကြီးရှိပါသေးတယ်
FDI ကိန်းဂဏန်းတွေ မြင့်တက်လာဖို့အရေးကြီးသလို ပြည်သူ့အကျိုးစီးပွား (စီးပွားရေးသမားများကိုဆိုလိုခြင်းမဟုတ်) အတွက် ပြည်သူတစ်ရပ်လုံးအကျိုးစီးပွားဖြစ်ထွန်းရေးအတွက်လည်း အရေးကြီးပါကြောင်း ပြောလိုပါတယ်....

Myo Aung said...

ဦးရွှေမန်းပြောသလို တလျှို့ဥပဒေတွေကို ပြင်ရမယ်ဆိုတာမှန်တယ်။ ဆရာဦးမော်သန်းပြောတာ ပိုမှန်ပြီးတော့ ပိုပြီးလက်တွေ့ကျတယ်။ ရှိပြီးသားဥပဒေကို ဥပဒေတည်မြဲရေးကို အရင်လုပ်ပြီးတော့ လိုအပ်တာကို ပြင်ဆင် ဖြည့်စွက်သင့်တယ်။

La Minn said...

နိုင်ငံခြားရင်းနှီးမှုကိုအမှန်တစ်ကယ်လိုချင်ရင် ဥပဒေတွေလိုအပ်ရင်ပြင်ဖို့
ထက်နိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုတယ်။ အစိုးရအဖွဲ့အတွင်းမှာမညီညွတ်ရင် ဘယ်သူ့အတွက်မှအာမခံချက်မရှိဘူး။ တိုင်းရင်းသားအားလုံးနဲ့
လည်းငြိမ်းချမ်းရေးရဖို့လိုတယ်။ ကိုယ်ကျိုး(သို့)ပါတီအကျိုးအတွက် တစ်စင်
ထောင်နေတဲ့ အနေအထားမျိုးမဖြစ်စေချင်ပါဘူး။

Powered by Blogger.