ဗဟိုအမျိုးသမီးဆေးရုံကြီးမှ အတွေ့အကြုံများ

ဗဟိုအမျိုးသမီးဆေးရုံကြီးမှ အတွေ့အကြုံများ (လူသားအချင်းချင်း မေတ္တာထားနိုင်ကြပါစေ)

ယနေ့မြန်မာအမျိုးသမီးတော်တော်များများ အိမ်ထောင်ပြုပြီး ကလေးမီးဖွားတော့မည်ဆိုလျှင် လူတန်းစားအလိုက် (ပုဂ္ဂလိကဆေးရုံ/ အစိုးရဆေးရုံ/ အရပ်လက်သည်)များထံတွင် ယုံကြည်အားကိုးစွာ မီးဖွားကြသည်။ ဗဟိုအမျိုးသမီးဆေးရုံတွင် ကလေးမီးဖွားကြသော အမျိုးသမီးများသည် နာကျင်ခြင်းဝေဒနာကို ပြင်းစွာခံစားရသည်သာမဟုတ်ပဲ မြန်မာလူမျိုးအချင်းချင်း ခေါင်းပုံဖြတ်၊ မိုက်ကြေးခွဲခြင်း ကိုပါ ခံစားနေကြရပါသည်။
ပထမဦးစွာ ဗိုက်နာ၍ဆေးရုံသို့ရောက်လာသောလူနာကို အရေးပေါ်ခန်းတွင် စတင်သန့်ရှင်းရေးလုပ်သောအခါ သန့်ရှင်းရေးခကို ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအား ပေးရပါသည်။
လူနာမှတ်တမ်းတင်ပြီး မွေးခန်းသိှု့ တွန်းလှည်းနှင့်တွန်းသွားပေးသောအခါ တွန်းခကို ထိုဝန်ထမ်း(၂)ဦးအား ပေးရပါသည်။ (တစ်ဦးလျှင် ၂---နှုန်းနှင့် နှစ်ဦးစာ) မပေးမနေရ။
မွေးခန်းရောက်သောအခါ ၀မ်းချူခ၊ ကလေးမွေးပေးသောအိုဂျီခ၊ လက်ထောက်ဆရာဝန်ခ၊ ကလေးကောက်ဆရာဝန်ခ၊ အကူဆရာဝန်ခ၊ သန့်ရှင်းရေးလုပ်ပေးသော ဆေးရုံဝန်ထမ်းများ၏ လုပ်အားခ (အမှန်တော့ဖြင့် သူတို့ကအုပ်စုလိုက်တောင်းတာပါ။ မွေးသည့်လူနာ၏ခင်ပွန်း(သို့)အုပ်ထိန်းသူအမျိုးသားများကိုသာ အခန်းထောင့်တနေရာသို့ခေါ်သွားပြီး အုပ်စုလိုက် (၄)၊(၅)ဦးမှ သန့်ရှင်းရေးကဘယ်လို၊ စေတနာထားလုပ်ပေးသည် မည်သို့မည်ပုံနှင့် ဘယ်လောက်မှနော် ကျွန်မတို့ကလူကများတယ် စေတနာထားလုပ်ပေးတယ် ကလေးလဲကောင်းတယ် မိခင်လဲကျန်းမာတယ် စိတ်ချ ဘာညာနှင့် လူကြည့်ပြီး တောင်းချင်တိုင်းတောင်းလို့သာနေပါသည်။ ဤနေရာတွင်ဈေးဆစ်၍ မရပါ။ တောင်းသည့်ပမာဏကိုမပေးနိုင်ပါက အုပ်စုလိုက်ဝိုင်းပြောခြင်းကိုခံရပြီး အပြင်ပြန်ထွက်ဖို့မလွယ်ကူပါ။) ) များကို ပေးရပါသည်။
ပြီးနောက် မွေးဖွားတုန်းက ထမိန်ကိုလဲယူသွားပြီး မတောင်းမိလျှင်ပြန်မပေးပါ။ တောင်းပါကလည်း ဒီလောက်ညစ်ပတ်နေတာ ဘာလုပ်ဖို့ပြန်ယူမှာလဲ ဟုမေးပါသည်။ နောက်ရက် အေးအေးဆေးဆေးနှင့် မျက်နှာချိုသွေးပြီးပြောလျှင်တော့ တစ်ထည်ကို (၅၀၀)၊နှုန်းနှင့်ပြန်ရွေးရပါသည်။
ပိုးသတ်ခန်းထဲမှ လူနာနားနေခန်းသို့ပြန်သွားရသောအခါတွင် တွန်းလှည်းတွန်းခကို နှစ်ယောက်စာ ပေးရသည်။ အခန်းသို့ပစ္စည်းများလိုက်ပို့ပေးသည့် ၀န်ထမ်းမှ စေတနာကြေး၊ အထုပ်များနေရာချပေးပြီး ကုတင်ကိုစောင်များခင်းကျင်းပေးသူ အား စေတနာကြေးများပေးရပါသည်။
မနက်ပိုင်း သန့်ရှင်းရေးဝန်ထမ်းမှ အိမ်သာနှင့်အခန်းကြမ်းပြင်များကိုသန့်ရှင်းရေးလုပ်သောအခါ သူမ၏ဆူပူမှုကိုခံကြရပြီး သန့်ရှင်းရေးခပိုက်ဆံပေးသောလူနာရှင်ဆို မပြောပါ။ (ပိုက်ဆံမတတ်နိုင်ပဲ လာမွေးသူများဆို မျက်နှာအလွန်ငယ်ကြရပါသည်။)
သြော် ဆေးရုံဆိုတာ ပိုက်ဆံမရှိရင်ကလေးမွေးဖို့ဆိုတာ မလွယ်ပါလား။ ပိုက်ဆံရှိလို့တက်တာတောင်မှ လူလူချင်းပြောဆိုဆူပူခြင်းကို ခံရတယ်။ ငွေညှစ်ခြင်းကိုခံရတယ်။ ဒီလိုမျိုးတွေကြောင့် ပိုက်ဆံမတတ်နိုင်လို့ အရပ်လက်သည်နှင့် မွေးဖွားသောအမျိုးသမီးများ၏ ကံကြမ္မာဆိုးသတင်းတွေကို မကြားချင်လျက်ကြားနေရသည်။ ပိုက်ဆံတတ်နိုင်လို့ နာမည်ကြီးဆေးရုံတွေမှာမွေးသောအမျိုးသမီးများ၏ ကံကြမ္မာဆိုးသတင်းတွေကို မကြားချင်လျက်ကြားနေရသည်။ (အဓိကကတော့ စေတနာမထားကြခြင်း)
လူလူချင်းစာနာစိတ်ထားကြပြီး စေတနာတရားလေးများရှိလျှင်တော့ ဆေးရုံကိုအားကိုးပြီးလာကြသောသူများ ပိုမိုယုံကြည်အားကိုးကြမည်မှ ဧကန်မလွဲပါ။
ကိုယ်တွေ့ကြုံသူတစ်ဦး
ဗဟိုအမျိုးသမီးဆေးရုံကြီးမှ အတွေ့အကြုံများ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ အတွေ့အကြုံများ Reviewed by သစ်ထူးလွင် on 19:59 Rating: 5

8 comments:

စင်ရော် said...

့မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ REFORM လုပ်စရာအများကြီးပဲ။

phoe man chu said...

လူသားအချင်းချင်း မေတ္တာထားနိုင်ကြပါစေ၊ဟုတ်တယ်။

Unchange in Manner said...

မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဒီလိုအဖြစ်အပျက်တွေကြုံနေရတာ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။ အခုတင်ပြထားတဲ့အဖြစ်အပျက်တွေဟာ အမှန်ဖြစ်နေတာပါ။ ကိုယ်တွေ့မို့ပါ။ နိုင်ငံတော်ကပြောင်းလဲမှုတွေကို အရှိန်အဟုန်မြင့်နေ တဲ့အချိန်မှာ ဒီလိုအပြုအမူတွေမရှိသင့် ကြတော့ပါဘူ။ တာဝန်ရှိသူတွေကို မှန်ကန်တဲ့ ပြုပြင်မှုလေးတွေကို လုပ်ပေးကြပါအုံး။

Hein Myat Soe said...

သန့် ရှင်းရေးလုပ်တဲ့ သုံးပြီးသားဘရိတ်ဓားတွေကိုလည်းအသစ်ဝယ်လာတာဆိုပြီးပိုက်ဆံတောင်းတယ်လို့ ကြားရတယ်။တာဝန်ရှိသူတွေကမသိတာလား၊မသိချင်ယောင်ဆောင်နေတာလားတော့ မသိပါ။

အတာ said...

သူတို့ကို တိုင်းပြည်က လုပ်ခလစာကို ပေးထားပြီးသား မဟုတ်ဘူးလား.. လုပ်ခ လစာယူပြီးသားဆိုရင် သူတို့အလုပ်သူတို့လုပ်တာကို ဘာလို့ထပ်ပေးရမှာလဲ.. အောက်ခြေကစပြီး ပြင်သင့်နေတဲ့ အထောက်ထားကများနေပါပြီ.. ပျက်အစဉ် ပြင်ခဏခဏပဲ...

လရောင်ဝါ said...

ဒါတွေဟာလစာမလောက်ငှလို့ဖြစ်ရတာတွေပါ အစိုးရဝန်ထမ်းလစာကလဲတစ်ယောက်ထဲတောင်စားစရိတ်မလောက်ပါဘူး မိသားစုအတွက်ဆိုဝေးရော လစာကိုလောက်ငှအောင်ပေးရင်အကျင့်ပျက်ချစားတယ်ဆိုတာ အများအားဖြင့်တော့ပျောက်ကွယ်သွားမှာပါ အရမ်းကြီးလောဘကြီးပြီးငွေမျက်နှာပဲကြည့်တဲ့သူတွေကတော့စားပြီးရင်းစားနေမှာပဲလေ

LUGYEE said...

သြော်လူတွေ ရထားတဲ့နေရာအမျိုးအစားကိုလိုက်ပြီး ကလိန်ကကျစ်ကျ လိမ်လည်နေကြလိုက်တာများ.......................................

Kleo Patra said...

အတွေ့အကြုံလေးတခုကို တင်ပြပါရစေ
ကျမ မိသားစုထဲမှ တစ်ယောက် ဒီဆေးရုံမှာဘဲ ဆေးရုံတက်တော့
အောက်ခြေ၀န်ထမ်းတွေမှာ တော်တော်ဆိုးရွာစွာ အကျင့်ပျက်နေတာကို အထက်ပါအတိုင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီး ဆေးရုံမှာ ခွဲခန်းကနဲပြီး ခွဲမဲ့သူက များနေလို့ လနဲ့ချီပြီး စောင့်ခဲ့၇ပုံတွေ ကိုရေးချင်ပေမဲ့ မတင်တတ်လို့ မျိုသိပ်ခဲ့၇ပါတယ်။
နေပြည်တော်က ၀န်ကြီးတွေရဲ့အိမ်ဂေဟာတွေမှာတော့ ခွဲခန်းပစ်စည်းအပြည့်အစုံရှိတဲ့ ခွဲခန်းတွေပါ တွဲဖက်ဆောက်လုပ်ထားတဲ့ အကြောင်းသေချာတဲ့သတင်း၇ပ်ကွက်မှ ကြား၇တဲ့အခါ အများပြည်သူအတွက်ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာတော့ ခွဲခန်3းခန်းလောက်မှာ တနေ့ 10ယောက်ကို အပြေးအလွှားခွဲပေးနေ၇ပြီး
သူတို့မှာတော့ စည်းစိမ်အပြည့်နဲ့ ဖြစ်မှ ခွဲမယ့် ခွဲခန်းကြီးကလဲအဆင်သင့်............အင်း
ဆေးရုံမှ တာဝန်ရှိသူတွေကိုလဲ သိစေချင်ပါတယ်။
ဆ၇ာဝန်ကြီးက ကောင်းသလောက် အောက်ခြေ၀န်ထမ်းတွေရဲ့ ဆိုးရွားတဲ့ အကျင့်ပျက်မှုတွေကို ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်

Powered by Blogger.