တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းပြင်ဆင်ချက်များ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည်



တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှအလုပ်သမားများ
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဘက်မှ လစာတိုးမြှင့်တောင်းခံမှုနှင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်ပေးပါရန်ကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်သမားရေးရာ ဖြေရှင်းပေးသည့် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စက်ရုံမှပေးအပ်သည့် အခြေခံလစာ၊ အလုပ်သမားအခွင့်အရေးများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အခြားသော ဖိနပ်စက်ရုံအချို့သည်လည်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်ပေါ်လာကြောင်း လက်ရှိအချိန်တွင် ကျန်စက်ရုံများမှ ပြေလည်အောင် ညှိနှိုင်းပြီးဖြစ်သော်လည်း တိုင်ရီစက်ရုံအနေဖြင့်မူ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းမှုပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။
''တချို့ဂျာနယ်တွေမှာတော့ ပြေလည်သွားပြီလို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ အလုပ်သမားတွေဘက်က စက်ရုံကပေးတဲ့အချက်ကို သဘောတူပါတယ်လို့ လက်မှတ်မထိုးရသေးပါဘူး''ဟု စက်ရုံ အလုပ်သမား များ၏ကိုယ်စား လုပ်သက်ရှစ်နှစ်ရှိ မမိုးဝေက ပြောပြခဲ့သည်။  ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး လစာ တစ်နာရီ ၇၅ကျပ်မှ ၁၀၀ကျပ်သို့ လည်းကောင်း၊ အချိန်ပိုကြေး တစ်နာရီ ၁၀၄ ကျပ်မှ ၂၁၈ ကျပ်သို့ လည်းကောင်း တိုးမြှင့် ပေးခဲ့ကြောင်းနှင့် ယင်းနှုန်းထားအား သဘောတူညီသူများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ သဘောမတူသူများ အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
'' ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ။ အခုသူတို့ တိုးပေးတာက အခြားကြေးတွေမှာ ဖြစ်ပါတယ်။ အိုတီကြေးကလည်း အိုတီရှိမှ ရပါတယ်။ ကျန်တဲ့ တာဝန်ကျေကြေး၊ ရက်မှန်ကြေးနဲ့ ဆုကြေးတွေက ပုံမှန်တွက်ချက်ထားလို့ မရပါဘူး။ ဒီပုံမှန်တွက်လို့မရတဲ့ ကြေးတွေအားလုံးပေါင်းပြီးမှ လစာက တစ်သောင်းတိုးပေးတယ်လို့ ပြောနိုင်တာပါ။ ဒီကြေးတွေဆိုတာကလည်း သူဌေးနဲ့ မန်နေဂျာပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ''ဟု မမိုးဝေက ပြောကြားခဲ့သည်။  စက်ရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ''ဒီဘက်က တိုးပေးနိုင်တာ အကုန်ပါပဲ။ သူဌေးက ဒီထက်ပိုပြီးမတိုးပေးနိုင်ဘူးလို့ ပြောပါ တယ်''ဟု စက်ရုံမန်နေဂျာဆိုသူက ဖြေကြားခဲ့ပါသည်။  တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံသည် လုပ်သားအင်အား ၂၀၀၀ ၀န်းကျင်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံဖြစ်ပြီး လုပ်ခလစာအဆင်မပြေမှုနှင့် အခြားသော ဖိအားများကြောင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် မတ်လတွင် တစ်ကြိမ် အလုပ်သမားများနှင့်  ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
တိုင်ရီစက်ရုံမှပေးအပ်သည့် အခြေခံလစာသည် အခြားသောစက်ရုံများမှ ပေးအပ်သည့် လစာများထက် နည်းပါးနေပြီး လုပ်သားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပိုင်းတွင်လည်း အလုပ်မြန်မြန်ပြီးစေရန်၊ အရေအတွက် ပိုမိုပြီးစေရန် ဖိအားပေးစေခိုင်းမှုများ အခြား စက်ရုံများနှင့် နှိုင်းယှဉ်ပါက များပြားနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အလုပ်သမားအများစု လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ၎င်းတို့ဘက်မှ တောင်းဆိုသည့်အချက်များ ညှိနှိုင်းမှုမရရှိပါက မြို့နယ်ဝါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြပြီး ရရှိလာသည့် ညွှန်ကြားချက်အရ ဗဟိုဝါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားများဘက်မှ ဆောင်ရွက်ပေးမည့် ရှေ့နေကိုဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။
EMG
တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းပြင်ဆင်ချက်များ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည် တိုင်ရီဖိနပ်စက်ရုံ လစာ၊ စည်းကမ်းပြင်ဆင်ချက်များ ၀ါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြသွားမည် Reviewed by သစ်ထူးလွင် on 03:29 Rating: 5

3 comments:

oaksoeaung@gmail.com said...

အမှားအမှန်တစ်ခုကိုပြုလုပ်ဖို့ငွေကြေးကြောင့်နှောင့်နေးနေသလား...ဒါမှမဟုတ်ဒီတရုတ်...ပေးသင့်ပေးထိုက်တဲ့လူတွေကိုမပေးပဲ...မပေးသင့်မပေးထိုက်တဲ့လူတွေကိုပေးပီးအာဏါတစ်ခုကိုဝယ်ယူနေသလော...ဒါမှမဟုတ်မင်းတို့အလကားရခဲ့တဲ့ဟာတွေကိုပြန်ရောင်းစားချင်နေသလားကွယ်...အာဏါပိုင်များအမျိုးဂုဏ်ကိုစောင့်ရှောက်ဖို့အခွင့်ရေးရတယ်လို့သဘောထားဆောင်ရွက်သင့်ပါတယ်

san san said...

တခြားနေရာတော့ မေ၇ာက်ဖူး၍ မသိပါမလေးကိုပြောမယ်။မလေးနိုင်ငံသားတွေဟာသူ့တို့အလုပ်ချိန် ၈နာရီ(နိုင်ငံတကာ တနေ့ အလုပ်ချိန်)ပါ။ဒီထက်ပိုရင် over time ပါ။နိုင်ငံရဲ့တရားဝင် အလုပ်ပိတ်ရက်ကို ဆင်းရ ရင် over time အနေနဲ့အဲ့ဒီနေ့အတွက် လုပ်ခကိုသာမန်ရက်ထက် ၃ဆ မှ ၅ဆပေးရတယ်။နေ့တိုင်း နေ့လည် ထမင်းစားချိန်၁၂နာရီမှ ၁နာရီ တိတိပေးတယ်။tea time ဆိုပြီး ၃နာရီ ခွဲမှ ၄နာရီထိ ပေးတယ်။အရေးပေါ်ခွင့် တနှစ် ၁၀ရက်၊တနှစ် မှာ လစာအပြည့် တလ holiday ဆိုပြီးရတယ။်အစိုးရ တရားဝင်ပိတ်ရက် ဟာ တနင်္ဂနွေနဲ့တိုက်နေရင် တနလာင်္နေ့ဆက်ပိတ်ပေးရတယ်။ည ဆိုင်းဆင်းရင် ထမင်းဘိုး၊လဖက်ရည်ဘိုးနဲ့ ညဆိုင်းအတွက် special allowance ပေးရပါတယ်။ကိုယ်ရေး ကိုယ်တာ ပိတ်ပင်ခွင့်မရှိပါဘူး(ဥပမာ အိမ်သာတက်ခြင်း)။အစိုးရ အနေနဲ့ အလုပ်သမားဘက်က မားမားမတ်မတ် ရပ်တည်ရပါတယ်။ဒါဟာ ပြည်သူ့အစိုးရ စစ်ဖြစ်ပါတယ်။မြန်မာနိုင်ငံက အလုပ်သမားတွေ ကော အဲ့ဒီ အခွင့်အရေး၇ပါရဲ့လား။မလေးသာမန်ဝန်ထမ်းလစာဟာ မိသားစု ၅ယောက်ထိုင်စား၍ရပါသည်။မူဆလင်များ သောကြာနေ့ နေ့တဝက် ပြန်ပြီးဘုရား ရှစ်ခိုးခွင့်ပေးတယ်။

စစ်မုန်းသူ said...

အမေသိပါစေ
(၁၂-ရက်ကြာ ဆန္ဒပြနေသော တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမလေးများကိုယ်စား )

ဆင်းရဲမှု မဖူလုံမှုတွေနဲ့
နေသားကျနေကြပေမယ့်
တခါတလေတော့လည်း
ထကြွမိကြတယ်အမေ….။

အမေရဲ့ ဒီမိုကရေစီခရီးကို
အနှောင့်အယှက်ပြုမိရင်တော့
ဆောရီးပါအမေ……။

အမေ စဉ်းစားကြည့်ပါ
တနာရီ တရာကျပ်တဲ့
အဲဒီဝင်ငွေက
ငွေတိုးချေးစားနေသူတွေနဲ့နပန်းလုံး
ကိုယ့်ပြည်တွင်းမှာပဲ
သူ့ကျွန်လုံးလုံးပေါ့အမေ။

တနေ့ ထမင်းနှစ်နပ်
အဲဒီတနာရီတရာကျပ်နဲ့
ဘယ်လိုစားလောက်မတုန်း
အနောက်ကမိသားစုအတွက်
သမီးတို့ရဲ့လုပ်အားခရှယ်ယာ
စိတ်ကူးထဲတောင် ရှာမရဘူးအမေ။

တက်တက်ကြွကြွနဲ့
အားရပါးရပြောနေကြတဲ့စကား
နားမဆံ့အောင်ကြားမိပါရဲ့
ဒီမိုကရေစီခရီးတဲ့လား
သမီးတို့အဖို့တော့…..
ယီးလေးလေး…ယီးလေးယိုပါပဲအမေ။

သမီးတို့အတွက်ကတော့
ဒီမိုကရေစီဆိုတာအပထား
မ၀ရေစာထမင်းနပ်တွေကြား
ကိုယ့်တိုင်းပြည်အရိပ်အောက်မှာ
တပါးကျွန်ဘ၀နဲ့ ပြားပြားမှောက်
ဖာမဖြစ်ရုံလောက်သာသာပါအမေရယ်….။

သမီးတို့ သမီးတို့နဲ့……….
သမီးတို့အတွက်တင်ပဲလား
တတိုင်းပြည်လုံးငတ်ပြတ်
ဒီအခြေထိဆိုက်နေခဲ့တာ
ကြာပေါ့အမေရယ်….။

ဆယ်နှစ်ရက်ဆန္ဒပြပြီး
လုပ်အားခတိုးတောင်းတော့
သမီးတို့က သူရဲကောင်းပေါ့။
တနေ့လုပ်မှတနေ့စား
ဗျာများနေရတဲ့ခေတ်မှာ
ဆယ်နှစ်ရက်အလုပ်ပျောက်လို့
ပါးစပ်ဘယ်နှပေါက် ဆန်ပြုတ်သောက်နေရတယ်ဆိုတာ
မျက်ရည်ခံထိုး ငိုပြောရမှာလားအမေရယ်…။

သမီးတို့တွေ မာန်တင်း
အင်အားရှိသလောက်တော့
တင်းခံကြည့်ရုံပေါ့အမေ….။
မခံနိုင်လို့ အလုပ်ပြုတ်လည်း
အနှိပ်သည် လုပ်ကြရုံပေါ့
တတိုင်းပြည်လုံးအတွက်မဟုတ်လို့
သိပ်တော့ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။
သမီးတို့ ကုသိုလ်ပေါ့အမေရယ်…။

သြော်……….. မေ့လို့အမေ….
သမီးတို့ ဘယ်ဘ၀ရောက်ရောက်
အမေ့နောက်မှာ မြဲမြဲရပ်
မဲတပြားကတော့
အမေ့အတွက် ဆက်ဆက်ပါ။
သမီးတို့ဘ၀ နာလန်မထနိုင်လည်း
နောင်မျိုးဆက်သစ်
သမီးတို့လို ရေတိမ်မနစ်ရအောင်
စွမ်းဆောင်ပေးပါ အမေရယ်….။

မောင်ပါလ
၁၉.၂.၂၀၁၂

Powered by Blogger.