ယခင်လက်နက်ကိုင်အဖွဲ့ဝင် တိုင်းရင်းသားများအားသက်ဆိုင်ရာ အဖွဲ့၏ စာရင်းပါအတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးမည်

ကေအင်န်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး(၀ဲ)နှင့် ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့အား ဇန်န၀ါရီလ ၁၁ ရက်နေ့က ဘားအံမြို့တွင် ချစ်ကြည်ရေးညစာစားပွဲ၌ အတူတွေ့ရစဉ်။ ဓာတ်ပုံ - ကောင်းထက်
ယခင်ပဋိပက္ခဖြစ်ပွားနေခဲ့ပြီး ငြိမ်းချမ်းရေး ရရှိလာသော နယ်မြေများမှ နိုင်ငံ သားစိစစ်ရေးကတ် လက်ဝယ်မရှိသည့် ယခင်လက်နက် ကိုင်အဖွဲ့ဝင်များနှင့် မိသားစုဝင်၊ ဆွေမျိုးများ၊ အကြောင်း အမျိုးမျိုးဖြင့် ယင်းဒေသသို့ ရောက်ရှိနေ သူများအား သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ နဂိုမူလစာရင်းပါ လူများအတိုင်း ကော်မတီဖွဲ့ စိစစ်၍ နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးမည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မီဒီ ယာများနှင့် တွေ့ဆုံရာ၌ ယင်းသို့ပြော ကြားခြင်း ဖြစ်သည်။
"တပ်ဖွဲ့ဝင်တွေ၊ မိသားစု၊ ဆွေမျိုး သားချင်းများ ရှိမယ်။ အဲလိုပဲ အကြောင်း အမျိုးမျိုးကြောင့် နယ်စပ်ဒေသတွေ ရောက်နေသူတွေ ရှိမှာပေါ့။ ဒါတွေ အားလုံးကို ကျွန်တော်တို့က သူတို့မှာ (သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အစည်းတွင်) ရှိတဲ့ နဂိုမူလစာရင်းနဲ့ပြန် ပြီး တိုက်ရမယ်။ ပြန်တိုက်ပြီး ဒီလူတွေဟာ တိုင်းရင်းသားတွေဖြစ်ကြောင်း ဒါတို့ လူတွေပဲဆိုတာကို သူတို့ ကေအင်န်ယူ အဖွဲ့တွေက အာမခံရမယ်။ သူတို့မှာ ငါးဦးကော်မတီဖွဲ့ရမယ်။ သူတို့ ငါးဦး ကော်မတီ ဖွဲ့ပြီးတော့ ကိုယ့်တိုင်းရင်းသား ဟုတ်ပြီဆိုတာနဲ့ အခု ကျွန်တော်တို့ လုပ်နေတဲ့ မှတ်ပုံတင်လုပ်ငန်းစဉ်အတိုင်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ တိုင်းရင်းသားများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက် ဥပဒေအရ တိုင်းရင်းသားများဖြစ်ရာ နိုင်ငံသားဖြစ်မှုတွင် အမြင့်ဆုံးဖြစ်သည့် မွေးရာပါနိုင်ငံသား၊ နိုင်ငံသားစိစစ်ရေးကတ် အနီရောင်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ငါးဦးကော်မတီ၊ သို့မဟုတ် ခြောက်ဦး ကော်မတီထံ အကြောင်းအမျိုးမျိုး ကြောင့် လိုအပ်သည့်အထောက်အထားများ မပြသနိုင်သည့် တိုင်းရင်းသားများ အတွက် တိုင်းရင်းသား ဟုတ် မဟုတ်နှင့် သွေးနှောသူများကို သက်ဆိုင်ရာဒေသ တွင် အမှန်တကယ်နေထိုင်သူ ဟုတ် မဟုတ် စိစစ်အတည်ပြု၍ နိုင်ငံသား ကတ်များ ထုတ်ပေးရန် ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သည့် လုပ်ထုံးလုပ်နည်းဖြစ်ပြီး ငါးဦး ကော်မတီကို ရပ်/ကျေး အုပ်ချုပ် ရေးမှူး၊ ပြည်သူ့ရဲ၊ ကျန်းမာရေး၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ မှ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ခြောက်ဦးကော်မတီကို အထက်ပါအဖွဲ့ ၀င်များနှင့်အတူ ရပ်မိရပ်ဖ၊ သို့မဟုတ် ဘာသာရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူ တစ်ဦးဖြင့် ဖွဲ့စည်းကြောင်း သိရသည်။
အစိုးရအဖွဲ့က နိုင်ငံသို့ ပြန်လာရန် ဖိတ်ခေါ်ထားသည့် အကြောင်းအမျိုးမျိုး ဖြင့် ပြည်ပသို့ရောက်ရှိနေသူများအနေဖြင့် ပြည်ပ နိုင်ငံများတွင် နိုင်ငံသားခံယူထားပါက မြန်မာနိုင်ငံသား ပြန်လည်ခံ ယူရာတွင် ယခင်နိုင်ငံ၏ နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်ရန်လိုအပ် ကြောင်းနှင့် သက် ဆိုင်ရာ မြန်မာသံရုံးများတွင် နိုင်ငံသား ပြန်လည်ခံယူရန် လျှောက်ထားရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
' မြန်မာသံရုံးက လ၀ကကို သဘောထား မှတ်ချက် တောင်းတဲ့အခါ ဒီလူ ဒီနိုင်ငံမှာနေသွားတယ်ဆိုတဲ့ အထောက် အထားကို ပြန်ကြည့်ပြီး ဒီနိုင်ငံမှာ နေ သွားတာမှန်တယ်၊ နိုင်ငံသားဖြစ်ပြီဆိုရင် ပြန်ပြီး လက်ခံမယ့်အစီအမံတွေ ရှိပါ တယ်။ အဲဒါဆိုရင် တခြားနိုင်ငံမှာမွေးခဲ့တဲ့ သူတို့ရဲ့ သားသမီးတွေလည်း ဒီကို ပြောင်းလာရင် ဒီနိုင်ငံသား ဖြစ်မှာပါ။ အဲဒီအခွင့်အရေးကို နိုင်ငံတော် သမ္မတကြီးက တရားဝင် ကမ်းလှမ်းထားတာဖြစ်တယ်"ဟု ဦးခင်ရီက ပြောသည်။
ပြည်ပနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော လုပ်ထုံးလုပ်နည်းနှင့် အညီ နိုင်ငံသားဖြစ်ထိုက်သူများ အတွက်လည်း ပဋိပက္ခအလွန်လုပ်ငန်း များဖြစ်သည့် မိုင်းစသည့် လုံခြုံရေးဆိုင် ရာ ရှင်းလင်းမှု၊ ဒေသခံလူများ စုစည်းမှု များ လုပ်ဆောင်ချိန်တွင် နိုင်ငံသားကတ် များထုတ်ယူနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူအများစုဖြစ်သည့် တိုင်းရင်းဖွား မွေးရာပါနိုင်ငံသားများ နိုင်ငံသား စိစစ်ရေကတ် ထုတ်ယူရာတွင် အဆင်ပြေ မြန်ဆန်ရေးအတွက်လည်း လုပ်ထုံးလုပ်နည်းအချို့ကို ပြင်ဆင်၍ မိုးပွင့် စီမံချက်အမည်ဖြင့် စီမံချက်ချ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းစီမံ ချက်ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ် ထုတ်ယူ ရာတွင် ကုန်ကျစရိတ်ကို ၁၉၈၁ ခုနှစ် ဥပဒေ လုပ်ထုံးလုပ်နည်းပါ အတိုင်း တစ်ဦးလျှင် ခြောက်ကျပ်သာ ကောက်ခံသော်လည်း ထောက်ခံချက်၊ ဓာတ်ပုံ၊ သွေးစစ်ခ စသည့် ဆက်စပ် လိုအပ်ချက်များအတွက် ကုန်ကျစရိတ်များ ရှိနေခြင်းမှာ လ-၀-က က ကောက်ခံ သည့်စရိတ်များ မဟုတ်ကြောင်းနှင့် ယင်းအတွက် ညှိနှိုင်းပေးနိုင်ရန်တိုင်း ဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
စန္ဒာလွင်  (မြန်မာ့တိုင်းမ်)
ယခင်လက်နက်ကိုင်အဖွဲ့ဝင် တိုင်းရင်းသားများအားသက်ဆိုင်ရာ အဖွဲ့၏ စာရင်းပါအတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးမည် ယခင်လက်နက်ကိုင်အဖွဲ့ဝင် တိုင်းရင်းသားများအားသက်ဆိုင်ရာ အဖွဲ့၏ စာရင်းပါအတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးမည် Reviewed by သစ်ထူးလွင် on 09:17 Rating: 5

2 comments:

hate love said...

အမယ်လေး တော်လိုက်တာကိုခင်ရီရယ်။ငြိမ်းချမ်းရေးတကယ်လုပ်ပါလား။မှတ်ပုံတင်ထုတ်ပေးမယ်တဲ့။ဟေ့လူရေ့အဲဒီတိုင်းရင်းသားတွေကနဂိုကတည်းကပြည်ထောင်စုသား။တိုင်းရင်းသားတွေ။လူဆိုးတွေမဟုတ်ဘူး။ခင်ဗျားတို့ခေါင်းစဉ်တပ်လို့သောင်းကျန်းသူဆိုပြီးဖြစ်နေရတာလေ။ခင်ဗျားတို့ကတတ်လဲတတ်နိုင်ပါတယ်။ကိုခင်ညွန့်လိုတော့မလုပ်နဲ့နော်။ဖာထီးဖာထီးဆိုပြီးလုပ်စားသွားတာတွေ။ကိုယ်ပြောတဲ့စကား။အလုပ်တွေကိုတော့ပြီးအောင်တာဝန်ယူနော်ကိုခင်ရီ။
အဲ့ဒီလူတွေလဲပြည်သူတွေဟ။စစ်တယ်အလုပ်မရှိမှာစိုးလို့သူပုန်နာမည်တပ်ပြီးစစ်တပ်ကိုလေ့ကျင့်အလုပ်ပေးနေတာဘယ်-----ပေးတွေလဲ။ရေးရင်းဒေါကန်လာပြီ-----------

Unknown said...

ဟုတ်ပါ့...
တရုတ်သွေး ကုလားသွေးနှောမှ မှတ်ပုံတင်က မြန်၂ရတာဗျ..
ငွေရတာကိုး....
ရန်ကုန်မြို့ လယ်ကြီးမှာတောင် အဲလိုပါ...
တိုင်းရင်းသားစစ်၂တွေကျတော့  ဟိုနေ့ ချိန်း ဒီနေ့ ချိန်း နဲ့ ..
ဘယ်လောက်ပဲ မြန်ဆန်အောင် အခမဲ့လုပ်ပေးနေပြီပြောပြော...
ပေးတော့ ပေးနေရသေးတာပဲလေ..
အထက်က ဘာတွေပဲပြောနေပါစေ.....
အလကားပါပဲ...ကိုယ်တွေ့ပါ...း(

Powered by Blogger.