မြစ်သားကြက်သွန်နီ အထွက်နှုန်း လျော့ကျမှုကြောင့် တောင်သူများ အရှုံးပေါ်

w71912
မြစ်သား ကြက်သွန်နီ အထွက်နှုန်း လျော့ကျမှုကြောင့် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီ တောင်သူများထံမှ စုံစမ်းသိရှိရသည်။
“ဒီနှစ်ကမိုးကောင်းတော့ တောင်သူတွေမှာ နှစ်ပြန်သုံးပြန် ပြန်စိုက်ရတယ်။ ဒီလိုစိုက်ရတဲ့ အတွက် စိုက်ပျိုးစရိတ်လည်း တော်တော်ကုန်သွားတယ်။ ဒါပေမယ့် ကြက်သွန် ပေါ်ချိန်ရောက်ပြန်တော့ လည်း မိုးကရွာချပြန်တော့ စိုက်ခင်း တော်တော်များများ ပျက်ဆီးသွားတယ်။ ရတဲ့ကြက်သွန်ကျတော့ လည်း အရည်အသွေးက ညံ့နေတယ်။ ဒီနှစ်ဟာ တောင်သူရှုံးတဲ့ နှစ်ပါ”ဟု မြစ်သားမြို့နယ်အတွင်း ရှိ ကြက်သွန်နီစိုက်တောင်သူတစ်ဦး က ပြောကြားသည်။
မြစ်သားမြို့နယ်အတွင်း ရာသီဥတု မကောင်းသောကြောင့် ကြက်သွန်စိုက်ခင်းများ ရေလွှမ်းမိုးခြင်း၊ ကြက်သွန်စိုက်ခင်းများပျက်ဆီးခြင်း၊ ကြက်သွန်အထွက်နှုန်း လျော့ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းခြင်းကြောင့် တောင်သူများမှာ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ်အထွက်နှုန်းက ထက်ဝက်အောက်ကို လျော့သွားတယ်။ နောက်ပြီး အရင်က မြေပြင်ပေါ်တင် လက်ညှိုးထိုးရောင်းခဲ့ရပေမယ့် အခုဖော်ပြီးမှပဲ ၀ယ်တော့တယ်။ အမြဲ ၀ယ်နေကြ လက္ကားကုန်သည်ကြီးတွေလည်း ကြက်သွန်နီ အရည်အသွေး ညံ့လို့ ဒီနှစ်လာမ၀ယ်ကြဘူး။ လာတဲ့ ကုန်သည်လေးတွေကို ခယရောင်းနေရတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကြက်သွန်နီဈေးက တစ်ပိဿာ ၂၅၀ ကျပ် လောက်ပဲရတယ်။ အခုတစ်ပိဿာ  ၃၅၀၊ ၄၀၀၊ ၄၂၅ ကျပ်အထိတက်လာပေမယ့် မနှစ်က အောက်ဆုံးဈေးကို မမီသေးဘူး”ဟု ကြက်သွန်နီ တောင်သူတစ်ဦးက ပြောသည်။
ယခုနှစ် ဇန်န၀ါရီလမှစတင်ကာ ကြက်သွန်နီဈေးနှုန်းများ ပြန်လည် မြင့်တက်လာသော်လည်း ယမန်နှစ် ကြက်သွန်နီရာသီ အနိမ့်ဆုံးဈေးသို့ပင် မရောက်ရှိသေးကြောင်း သိရသည်။
“မနှစ်က တစ်ပိဿာကို အနိမ့်ဆုံးဈေး ၄၅၀ ကျပ်ရှိပြီး အမြင့်ဆုံး ဈေး ၁၃၀၀ ကျပ်အထိရောက်ခဲ့ တယ်။ ဒီနှစ်ကြက်သွန်နီ စပေါ်ချိန်တုန်းက ၂၅၀ ကျပ်ပဲရှိတယ်။ ဒီရက်ပိုင်း ဈေးပြန်တက်လာတယ်ဆို ပေမယ့် မနှစ်ကအနိမ့်ဆုံးဈေးကို  မရောက်သေးဘူး။ နောက်ပြီး ပုံမှန် တစ်ဧကအထွက်နှုန်းက ပိဿာ ၂၅၀၀ ကနေ ၃၀၀၀ အထိထွက်ပေ မယ့် ဒီနှစ်မှာကျွန်တော်စိုက်တဲ့ လေးဧကမှာ ပိဿာ ၂၇၀၀ ပဲထွက်တဲ့ အတွက် ဒီနှစ်ဈေးနှုန်းအတိုင်းဆိုရင် တော်တော်လေးကို ရှုံးပါတယ်”ဟု ကသည်းကုန်း ရွာသားတစ်ဦးက ပြောသည်။
မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးသော တောင်သူများအနေဖြင့် မျိုးစေ့စိုက်ပျိုးထုတ်လုပ် ရန်ခက်ခဲလာပြီး အခြားမြို့နယ်များသို့ သွားရောက်စိုက်ပျိုး ထုတ်လုပ်ရခြင်းကြောင့် မျိုးစေ့အတွက် ပိုမိုကုန်ကျကာ ရေရှည်တွင် မြစ်သားမြို့နယ်၏ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု ကို သက်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။
EMG
မြစ်သားကြက်သွန်နီ အထွက်နှုန်း လျော့ကျမှုကြောင့် တောင်သူများ အရှုံးပေါ် မြစ်သားကြက်သွန်နီ အထွက်နှုန်း လျော့ကျမှုကြောင့် တောင်သူများ အရှုံးပေါ် Reviewed by သစ်ထူးလွင် on 18:17 Rating: 5

1 comment:

Real man said...

ကျွှန်တော်တို့ နိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်းက တောင်သူတွေတဲ့
မေးခွန်းလေး ထုတ်ချင်ပါရဲ့
ဘာကြောင့်များ 70% နဲ့ 30% ရာခိုင်နှုန်းမှာ
30% အတွက်ပဲ စဉ်းစားပြီးလုပ်ပေးနေတာလဲ
70% မှာတော့ နွား(ကျွန်)နဲ့ဖက်ရုံး ပြီး
နွားကဲ့သို့ ကျွန်ပမာ သနားစရာ

Powered by Blogger.