ရွှေစက်တော် ပွဲတော်တွင် ရန်ကုန်မှ ဘုရားဖူးယာဉ်လိုင်းဖြင့် လာရောက်သူများပြား

ယခုနှစ် ရွှေစက်တော် ဘုရားပွဲတော်တွင် တဲကျောင်းများမှာ ယခင်နှစ်က ၅၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၉၀၀ ကျော်အထိရှိလာခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်မှ လာရောက်ကြသော ဘုရားဖူးများမှာ ဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူပိုများလာပြီး ပွဲတော် ဖွင့်ပွဲနေ့က ဘုရားဖူးယာဉ်များ မန်းချောင်း အထက်ဘက် နမ္မဧည့်ရိပ်သာကား ရပ်နားကွင်းနှင့် မန်းချောင်း အောက်ဘက် ကားရပ်နားကွင်းများ ပြည့်နေသည်အထိ ရှိခဲ့ကြောင်း သိရသည်။
ပွဲတော်ဆိုင်ခန်းခများမူရင်းဈေး ထက်ပိုမိုကုန်ကျခဲ့ရပြီး တဲကျောင်းများမှာ ဆောက်လုပ်ခွင့်ရသော နာမည် ပေါက်စလစ်ကို အဆင့်ဆင့်ရောင်းချမှုများ ရှိခဲ့သောကြောင့်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ဒီပွဲတော်မှာ ဈေးလာရောင်းခဲ့တာ နှစ်သုံးဆယ်ကျော်ပါပြီ။ တစ်နှစ်ထက်တစ်နှစ် ကုန်ကျ စရိတ်တွေက ပိုတက်လာတာပေါ့။ ဒါပေမယ့် အခုနှစ်မှာ ဆိုင်ခန်းတစ်ခန်းကို ကျပ်တစ်သိန်းနှုန်းနဲ့သတ်မှတ် ချက်အတိုင်းရောင်းတယ်ဆိုပေမယ့် ဆိုင်ခန်းတွဲတွေကို ပြီးစလွယ်ဆောက်ထားလို့ နောက်ထပ်ပြင်ရတာတွေ ရှိခဲ့ပါတယ် အမိုးတွေဆိုရင် သက်ငယ်ပျစ်တွေကျဲလွန်းလို့ ကိုယ့်ဖာသာထပ်ဝယ်ပြီး မိုးပေးခိုင်းခဲ့ရတယ်။ အောက်ခံအခင်းတွေကိုလည်း ကိုယ့်မှာပါတဲ့ ပျဉ်ချပ်တွေနဲ့ပဲ ခင်းထားရပါတယ်” ဟု ဆယ့်နှစ်ပွဲ ဈေးသည်တစ်ဦးက ပြောပြသည်။
“တကယ့် သတ်မှတ်ချက်အတိုင်း ဆိုရင်တော့ လုပ်ငန်းရှင်တစ်ဦးက နာမည်ပေါက်တစ်ခုနဲ့လုပ်ငန်းတစ်ခု ကိုပဲ လုပ်ကိုင်ရတာပါ။ ဒါပေမယ့် တဲကျောင်းဆောက်လုပ်ခွင့် ပါမစ်တွေ မရအရတင်ပြီး၊ တချို့က ပါမစ်တွေ ကို ကျပ်သိန်း ၂၀ လောက်အထိ ပေးဝယ်ကြတာတွေ ရှိပါတယ်။ အဆောက်အအုံဆောက်ပြီးလို့ ပြန်ရောင်းတာတွေလည်း ရှိလာပါတယ်။ ပါမစ်ဖိုးရော အဆောက်အအုံ ဖိုးရော အပါ ကျပ် ၃၅ သိန်းအထက်ထိ ပေးဝယ်သူတွေ ရှိလာပါတယ်။ တဲကျောင်း တည်းခိုခတွေကို ဂေါပကအဖွဲ့က သတ်မှတ်ပေးတာတွေ ရှိပေမယ့် လူကျရင်ကျသလို တိုးတောင်းကြတော့ လာရောက်တဲ့ ဘုရားဖူးတွေအတွက် ပိုမိုကုန်ကျမှုတွေ ရှိလာပါတယ်”ဟု ပွဲတော်သို့နှစ်စဉ် လာရောက်လုပ်ကိုင်သော လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
ရွှေစက်တော်ပွဲတော်တွင်သမိုင်း အကြောင်းနှင့်ပတ်သက်သောအထင် ကရနေရာများ၊ အထက်စက်တော် ရာသို့တက်ရာ လမ်းတစ်လျှောက်ရှိ ရေချမ်းစင်များ၊ မိလ္လာလုပ်ငန်းနှင့် ဖိနပ်အပ်နှံရာနေရာများကို ကန်ထရိုက်စနစ်ပေး၍ လုပ်ကိုင်လေ့ရှိကြကြောင်း၊ မင်းဘူး၊ စကျမကွေးမြို့ များမှသာမက တောင်တွင်းကြီး၊ ရေနံချောင်းနှင့် ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များလာရောက်ရင်းရင်းနှီး မြှုပ်နှံလေ့ရှိကြောင်း သိရပါသည်။ ဘုရားပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း၊ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့ အထိ ကျင်းပလေ့ရှိသည်။   
EMG
ရွှေစက်တော် ပွဲတော်တွင် ရန်ကုန်မှ ဘုရားဖူးယာဉ်လိုင်းဖြင့် လာရောက်သူများပြား ရွှေစက်တော် ပွဲတော်တွင် ရန်ကုန်မှ ဘုရားဖူးယာဉ်လိုင်းဖြင့် လာရောက်သူများပြား Reviewed by သစ်ထူးလွင် on 17:54 Rating: 5

2 comments:

Android Myanmar said...

မန်းရွှေစက်တော် ဘုရားပွဲကို အမြဲသတိရပါတယ်။ အဆင်ပြေတဲ့တနေ့ (ဒီနှစ်ပိုင်းမှာ) တခါတခေါက်လောက်တော့ သွားဖြစ်အောင်သွားလိုက်အုံးမယ်။

Anonymous said...

လွမ်း၏

Powered by Blogger.