ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ

ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တာရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ နိရဉ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
kuwait-desert
မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံရောက် ရခိုင်လူငယ် တစ်ဦးကို နိရဉ္စရာက မေးမြန်းရာသူက ယခုလို ပြောသည်။

" အခု သူတို့က တော်တော် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ သူတို့ကို ကူဝိတ်နိုင်ငံက စက်ရုံ တစ်ခုမှာ လက်သမား အလုပ်တွေ ရမယ်ဆိုပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကူဝိတ်နိုင်ငံကိုရောက်တော့ သဲကန္တာရ တစ်ခုကို စေလွှတ်ပြီး မြေတူးခိုင်းတယ်လို့ သိရပါတယ်။ မြေတူးရတာကလည်း အောက်ကို လူအရပ် ၂ ရပ်စာနဲ့ အနိမ့်ဆုံး ဆိုရင် တစ်ရပ် လက်တခတ်ထိ အဲသလိုမျိုး တူးရတယ်လို့ ပြောပါတယ်။ ဆောင်းတွင်းဆို ချမ်းကလည်း အရမ်းချမ်းတဲ့ သဲကန္တာရထဲမှာ တစ်နေ့မှ မအားရဘဲ နေ့တိုင်း တူးနေရတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ပေးတဲ့ လစာကလည်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀၊ ကူဝိတ်ပိုက်ဆံ ဆိုရင် (ကူဝိတ်ဒီနာ ၉၀)ရတယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

အဆိုပါ အလုပ်သမားများအား ရွှေအင်အား ကုမ္ပဏီမှ တစ်လ ကျပ် (၅) သိန်းနှင့် (၆)သိန်း အကြားရမည် ဆိုကာ ကူဝိတ်နိုင်ငံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ဒါ့ပြင် ပိုဆိုးတာက သူတို့ နေမကောင်းရင် ဆေးခန်းပြတာ၊ ဆရာဝန်ကို ခေါ်ပြတာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဗမာကောင်လေး တစ်ယောက်က ခြေထောက်ကျိုးသွားတာ ဆေးရုံပြတာ မရှိဘဲ အေးဒီ ကန္တာရထဲမှာဘဲ ဖြစ်သလိုကုနေရတယ်လို့ ပြောပါတယ်။ အခု တစ်လလောက်တောင် ရှိနေပြီး အလုပ်တောင် မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ကျောက်ဖြူက ကောင်လေး တစ်ယောက်လည်း အစာအိမ်ရောဂါ ဖြစ်ပြီး ဗိုက်အောင့်တာကို ဆေးရုံမပြဘဲထားတယ်လို့ သိရပါတယ်။ ဗိုက်အောင့်ရင် အလုပ်မဆင်းနိုင်ဘူး။ သက်သာရင် အလုပ်ဆင်းတယ်။ အလုပ်မဆင်းရင် ပိုက်ဆံကိုလည်း ဖြတ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

မြန်မာ အလုပ်သမားများအား ကူဝိတ်သို့ ပို့ဆောင်သော ကုမ္ပဏီမှာ ရန်ကုန် လှိုင်သာယာ FMI ထဲတွင် ရုံးခန်းဖွင့် ထားပြီး အဆိုပါ ကုမ္ပဏီမှ မင်းသူဟု အမည်ရသော လူယုံ တစ်ယောက်ကိုလည်း ကူဝိတ်နိုင်ငံသို့ စေလွှတ်ပြီး အလုပ်သမားများကို ကြီးကြပ်နေကြောင်း သိရသည်။

ယခုအခါ ကိုမင်းသူမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်နေပြီး မြန်မာ အလုပ်သမားများဘက်မှ မရပ်တည်ဘဲ ကုမ္ပဏီဘက်မှ ရပ်တည်ကာ မြန်မာ အချင်းချင်း ခွဲခြားဆက်ဆံမူများ ရှိနေကြောင်း သိရသည်။ မြန်မာ အလုပ်သမားများ လုပ်နေသော ကုမ္ပဏီမှာ ကူဝိတ်နိုင်ငံတွင် လာရောက် အလုပ် လုပ်နေသော ကိုးရီးယား အခြေစိုက် SAMSUNG ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမား ၁၆၀ တွင် ၃၀ ခန့်မှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ထိုအထဲမှ အများစုမှာ ကျောက်ဖြူမှ ဖြစ်ကြောင်း သိရသည်။ ရွှေအင်အားကုမ္ပဏီသည် ကျောက်ဖြူမြို့တွင် လာရောက် အလုပ် လုပ်စဉ် ကုမ္ပဏီနှင့် အလုပ် အတူတူ လုပ်ဖူးသော လက်သမားများကို ကူဝိတ်နိုင်ငံ စက်ရုံ တစ်ခုတွင် လက်သမား အလုပ်ရမည်ဆိုကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ
ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ Reviewed by သစ်ထူးလွင် on 10:23 Rating: 5

9 comments:

Violin Angle said...

ရက်စက်လိုက်ကြတာ လူစိတ်တွေမရှိတော့ဘူးလား မသိဘူး သနားပါတယ်

Awoo said...

Violin Angle ပြောတာ ဟုတ်တယ်ဗျာ

tharzaw said...

အဲဒီလိုလိမ်ကြသော ကုမ္ပဏီတွေနဲ့လူတွေကို
အဖြစ်မှန်ဖော်ထုတ်ပြီး တရားစွဲအရေးယူသင့်ပါကြောင်း။

Tun said...

Can take this incidence as a case of human trafficking. Should prosecute this man power company and so called Min Thu seriously.

Quote For Life said...

တစ်ခုခုလုပ်ကြပါဦးဗျ စာနာကြပါဗျာ

Unknown said...

နိုင်ငံခြား မသွားခင် မိမိ လုပ်ရမဲ့ အလုပ် ကလက်ခံ ရရှိတဲ့  စာချုပ် အရင် ဖတ်ဖို့ အကြံ ပြု ချင်ပါတယ်။အဲ့ဒီ စာချုပ်အရ မိမိ လက်ခံနိုင်မဲ့ အချက်အလက်တွေ ဥပမာ-နေမကောင်းပါက ကုမ္မဏီ မှ ဆေးကုသ စရိတ် အကုန်အကျခံ ခြင်း၊နားရက် ပုံမှန် ရရှိခြင်းတို့ နဲ့ အတူ လူတစ်ယောက် ရသင့် ရထိုက်တဲအခွင့်အရေးတွေ ပါမှလည်း မိဝေး ဖဝေး နိုင်ငံမှာ နေရတာ အဆင်ပြေမှာပါ။တစ်လောက ဟိုတယ်ကို ရောက်လာတဲ ကောင်လေးတစ်ယောက် သူအင်တာဗျူးခဲ့တုန်းက ရာထူးတစ်မျိုး တစ်ကယ် ရောက်လာတော့ လုပ်ရတဲ့ နေရာ အထွေထွေ သန့် ရှင်းရေးဖြစ်နေရော။သူလက်မှတ်ထိုး ထားတဲ့ စာချုပ်မှာ ရေးထားတာလည်း အထွေထွေ သန့် ရှင်းရေးတဲ့ ။မိမိ ဘက်က ကြိုတင်ပြင်ဆင်မှု မရှိပဲ နိုင်ငံခြားရောက် ပြီးရော၊အဆင်ပြေပြီ ထင်မှတ်သူများ တစ်ကယ့်တစ်ကယ်တမ်းကျတော့ လာမိတာ မှားပြီဆိုတဲ့ လူတွေ တစ်ပုံကြီးပါ။မိမိ နားမလည်ရင်တောင် နားလည်သူကို ဖတ်ခိုင်းပြီး လက်မှတ် ထိုးသင့်ပါတယ်။တရားဝင် သွားရောက် လုပ်ကိုင်မည့် သူတိုင်း မိမိ လုပ်ရမဲ့ ကုမ္မဏီ ရဲ့ စာချုပ် ရကို ရရမှာပါ။မိမိနဲ့ ချိတ်ဆက်ပေးတဲ့ အေဂျင်စီ ကို ယုံစားမိရင်တော့ ငါးပါးတင်မဟုတ် သံဃာစင် ပါမှောက်နိုင်ကြောင်း သတိပေးအပ်ပါသည်။(အေဂျင်စီ အများစုမှာ ၄င်းတို့ အမြတ်အစွန်းရရှိရေးအတွက် တော်ကီ တစ်ခုတည်းနှင့် မိမိ နိုင်ငံသားများအား တရားဝင် လူကုန်ကူးနေသောသူများ ဖြစ်ပါသည်)

Anonymous said...

သို့ 
သမ္မတ ဦးသိန်းစိန်
ကျွန်တော်တို့ မြန်မာနိုင်ငံသားသည် Kuwait နိုင်ငံ တစ်နိုင်ငံတည်းမှာဒုက္ခရောက်နေကြတာမဟုတ်ပါ။နိုင်ငံတိုင်းလိုလိုမှာဖြစ်ပါတယ်။ အခုကြည့် အိမ်နီးချင်း မလေးရှားနိုင်ငံဆိုလည်း ဘိုင်အိုမတ်တြစ်စနစ်(6P)အစီအစဉ်အရဖမ်းတဲ့ အထဲမှာ Passport ကိုင်ဆောင်ထားတဲ့ လူတွေ အများကြီး Camp ထဲမှာထိန်းသိမ်းခဲထားရပါတယ်။ဒါ့ အပြင် နိုင်ငံအုပ်ချုပ်ခဲ့ တဲ့ အစိုးရတွေမကောင်းခဲ့ လို့ မြန်မာနိုင်ငံသားဆို အနိုင်ကျင့် ခံနေကြရပါတယ်။
ပြောချင်တာကတော့  မြန်မာနိုင်ငံသားဆို ကမ္ဘာ့ နိုင်ငံတွေက လေးစားလာအောင်လုပ်ဖို့  တိုက်တွန်းချင်ပါတယ်။
ဥပမာ။ ။နိုင်ငံခြားမှာလို Card သုံးပြီး ငွေသွင်း၊ငွေထုတ် လို့ ရတဲ့  Cash Deposit စက်တွေ၊ ATM စက်တွေရှိဖို့ ။ လူတန်းစားမရွေး ဖုန်းတွေသုံးနိုင်ဖို့ ၊လမ်းတွေ ပြုပြင်ဖို့ ။
ခိုင်မျိုးမြတ်
khaingmyomrat@gmail.com

komyo said...

ဒီသတင်းကိုဖတ်ရတာအလွန်ပဲစိတ်မကောင်းပါဘူး အမှန်ပြောရရင်ကျွန်တော်လဲ gulf country မှာအလုပ်လုပ်နေတာပါ အဲဒီနိုင်ငံတွေရဲ့ ရာသီဥတုရဲ့ အကြောင်းကို
ကောင်းကောင်းသိပါတယ်သိပ်ဆိုးပါတယ်
ပူရင်လဲအရမ်းပူပြီးအေးရင်လည်းအရမ်းအေးပါတယ် မိုးရာသီဆိုတာမရှိပါဘူး အဲဒီလိုနိုင်ငံမျိုးတွေမှာလုပ်ရတဲ့ မြန်မာတွေကိုသိပ်ကိုသနားစရာ
ကောင်းပါတယ်ပို့ ပေးတဲ့ အေးဂျင့် မှာတာဝန်ရှိပါတယ် အကောင်းဆုံးနည်းနဲ့ ဖြေရှင်းပေးပါလို့ တော့ တောင်းဆိုချင်ပါ
တယ်။နိုင်ငံတော်အဆိုးရအနေနဲ့ လိုအပ်တဲ့ အကူညီတွေကိုလဲ
ပြုလုပ်ပေးစေချင်ပါတယ် good government clean government လို့ ဘယ်လောက်ပင်ကြွေးကျော်နေပါစေ ကမ္ဘာ
ပေါ်မှာမြန်မာတွေအနိမ်ခံနေရတာကအဆိုးရရဲ့ ဦးဆောင်မှု့ 
ဘယ်လောက်အထိကောင်းသလဲဆိုတာကိုပြသနေတာပါ။
အဲဒီအတွက်သမ္မတကြီးအကောင်းဆုံးဖြေရှင်းပေးနိုင်ပါစေလို့ 
မေတ္တာရပ်ခံပါတယ်။ထစ်ခနဲရှိတိုင်းသမ္မတကြီးကိုပဲပြောနေတာ
ကိုတော့ စိတ်မဆိုးပါနဲ့ သမ္မတကြီးကိုယုံကြည်အားကိုးလို့ ပါ။
သမ္မတကြီးကျမ်းမာပါစေ......
ကိုမျိုး
ခေတ္တ..........ဒိုဟာ ကာတာ

Anonymous said...

BAD BUSINESS COMPANIES IN MYANMAR...

WE ARE LOOSING OUR HUMAN RESOURCES ! ! !

Powered by Blogger.