လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ စတင်တော့မည်

ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင်  ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅% လောက်ထိ သေချာသလောက်ရှိပါတယ်ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီ  အလံ၊ တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီတဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီဟု အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် ()ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ ၁။ ဦးနိုင်းနိုင်း ၂။ ဒေါက်တာမျိုးအောင်၃။ မြောင်းမြဗဆွေ ၄။ ဦးဝင်းသောင်း ၅။ ဦးအောင်ထူး   ၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း ၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊ အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
လုပ်ငန်းတွေကိုလဲ ()ခုခွဲထားတယ်၊ ဘဏ္ဍာရေး ဥပဒေရေး စည်းရုံးလှုံ့ဆော်ရေး သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ  အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့ ရုံးခန်းလည်း ရှိပြီးသားပါဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က  ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက်  ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဝင့်သင်ဇာကျော်(မြစ်မခ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ စတင်တော့မည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ စတင်တော့မည် Reviewed by သစ်ထူးလွင် on 15:45 Rating: 5

No comments:

Powered by Blogger.