ကျောင်းသားလေးကို ဖမ်းဆီးရိုက်နှက် လက်ပြန်ကြိုးတုပ် ထားခဲ့တဲ့ ကျောင်းအုပ်ကြီးဦးဌေးလွင် ကို အမှုဖွင့် အရေးယူ

တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်နှက်ခံရတဲ့ ကျောင်းသားမောင်ပြည့်စုံ(၁၂)နှစ်

လူငယ်တစ်ဦးအား ဖမ်းဆီးကာ ရိုက်နှက်၍ ကျောင်းဝရန်တာတွင် လက်ပြန်ကြိုး တုပ်ထားခဲ့သည်ဆိုသော သင်္ဃန်းကျွန်း မြို့နယ် အမက(၂၀)မှ ကျောင်းအုပ်ကြီး ဦးဌေးလွင် (၄၉ နှစ်)၊ ကျောင်းစောင့် နေလင်းအောင် (၃၄ နှစ်)နှင့် ဦးစိန်ထွန်း (၄၇ နှစ်)တို့အပေါ် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းရဲစခန်းက (ပ) ၅၈ / ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၅ / ၁၁၄ အရ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်၊ သမာဓိ (၁) လမ်းသွယ်နေ ဦးအုံးညွန့် (၅၁ နှစ်) သည် ၁၄-၁-၁၂ နေ့ည ၇ နာရီခန့်အချိန် နေအိမ်သို့ပြန် ရောက်စဉ် သားဖြစ်သူ မောင်ပြည့်စုံ (၁၂ နှစ်) (အထက ၁ ) ခုနစ်တန်းကျောင်းသားမှာ စံပြဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် တင်ထားရကြောင်း သိရ၍ သွားရောက်မေးမြန်းသည်။
၁၄-၁-၁၂ နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သားဖြစ်သူ မောင်ပြည့်စုံသည် မောင်ကမား၊ သားညီ၊ ဖိုးသားတို့နှင့်အတူ (အမက ၂၀) ကျောင်းအပြင်ဘက်၌ ကစားနေရာမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးက မောင်ပြည့်စုံ တစ်ယောက်တည်းအား ဖမ်းဆီးကာ (အမက ၂၀) ကျောင်းဝရန်တာတွင် လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ညနေ ၃ နာရီခွဲခန့်၌ မောင်ပြည့်စုံ၏ အစ်မဖြစ်သူ မနှင်းပွင့်ဖြူနှင့် အစ်ကို ကိုအောင်မိုးသူ တို့က ကျောင်းအုပ်ကြီးထံ သွားရောက် တောင်းပန်ပြီး ကြိုးအားဖြေ၍ခေါ်လာစဉ် လမ်းတွင် သတိလစ်၍ စံပြဆေးရုံကြီး သို့ ပို့အပ်ကာ အတွင်းလူနာအဖြစ် တင်ထားရသည်ကို သိရသဖြင့် ဖခင် ဦးအုံးညွန့်က အရေးယူပေးရန် တိုင်တန်း သည်။
ရဲတပ်ဖွဲ့က တရားလိုဦးအုံးညွန့်အား စစ်ဆေးခြင်း၊ သက်သေများဖြစ်သော မနှင်းပွင့်ဖြူ (၂၂ နှစ်)၊ မောင်အောင်သူမိုး (၂၃ နှစ်)၊ မောင်ကျော်ဇေယျ (၁၇ နှစ်)၊ ဖြိုးကိုကို (၁၁ နှစ်)၊ အောင်ဖြိုးဝေ (၁၁ နှစ်)၊ လွင်မိုးယံ (၁၈ နှစ်)၊ ရင်ဂို (၁၃ နှစ်) တို့အား စစ်ဆေးခြင်း၊ အခင်းဖြစ် အရပ်အား သွားရောက်စစ်ဆေး မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ တရားခံဖြစ်သူ (အမက ၂၀) ကျောင်းအုပ်ကြီး ဦးဌေးလွင်၊ ကျောင်းစောင့် နေလင်းအောင်၊ ဦးစိန်ထွန်းတို့အား ဖမ်းဆီးစစ်ဆေး ခံဝန်ပေးခြင်း၊ သက်သေခံပစ္စည်း ကြိုးအား သိမ်းဆည်းခြင်း၊ အမှုမှ ဒဏ်ရာရသူအား စံပြဆေးရုံ၊ ကလေးဆောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရဲစာပေး၍ ပြန်ကြားစာရရှိရေးတို့ကိုပါ ဆောင်ရွက်ထားသည်။
အမှုမှ တရားလိုနှင့် သက်သေများ၏ အစစ်ခံထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးနှင့် ကျောင်းစောင့်နှစ်ဦးတို့က မောင်ပြည့်စုံအား ဖမ်းဆီး၍ ကျောင်းအပေါ်ထပ်ဝရန်တာတွင် လက်ပြန်ကြိုး တုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ကျောင်းအုပ်ကြီးဦးဌေးလွင်အား စစ်ဆေးရာ မောင်ပြည့်စုံအား ကျောင်းဝင်းအတွင်း ၀င်လာ၍ ကျောင်းစောင့် နေလင်းအောင်နှင့် ဦးစိန်ထွန်းတို့က ဖမ်းဆီးပြီး ၀ရန်တာတွင် ကြိုးဖြင့် တုပ်ထားကြောင်း၊ ၎င်းက မောင်ပြည့်စုံ အား ကြိုးဖြင့်တုပ်ခြင်းမရှိဘဲ အမည် နေရပ်လိပ်စာအား မေးမြန်းစစ်ဆေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ကလေး၏ အစ်ကိုနှင့် အစ်မ လာခေါ်သောအခါ ပြန်လည်အပ်နှံပေး ခဲ့ကြောင်း ရဲထံ အစစ်ခံ ထွက်ဆိုသည်။
ဆက်လက်၍ ကျောင်းစောင့် နေလင်းအောင်အား စစ်ဆေးရာ ကျောင်းအတွင်း သို့ ကလေးတစ်ဦးဝင်လာ၍ ဦးစိန်ထွန်း နှင့်အတူ ဖမ်းဆီးပြီး ကျောင်းအပေါ်ထပ် ၀ရန်တာတွင် ၎င်းကိုယ်တိုင် လက်နှစ်ဖက်ပူး၍ ကြိုးဖြင့် တုပ်နှောင်ခဲ့ကြောင်း၊ ကျောင်းအုပ်ကြီးအား ပြောပြ အပ်နှံခဲ့ကြောင်း အစစ်ခံထွက်ဆိုသည်။
ဦးစိန်ထွန်းအား စစ်ဆေးရာ နေလင်းအောင်ကဲ့သို့ပင် အစစ်ခံထွက်ဆိုသည်။
အမှုနှင့်ပတ်သက်၍ ဆေးစာအမြန် ရရှိရေး၊ ဥပဒေအကြံပြုချက် အမြန်ရရှိရေး ဆောင်ရွက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
မင်းသုနောင်  (မြန်မာ့တိုင်းမ်)
ကျောင်းသားလေးကို ဖမ်းဆီးရိုက်နှက် လက်ပြန်ကြိုးတုပ် ထားခဲ့တဲ့ ကျောင်းအုပ်ကြီးဦးဌေးလွင် ကို အမှုဖွင့် အရေးယူ ကျောင်းသားလေးကို ဖမ်းဆီးရိုက်နှက် လက်ပြန်ကြိုးတုပ်  ထားခဲ့တဲ့ ကျောင်းအုပ်ကြီးဦးဌေးလွင် ကို အမှုဖွင့် အရေးယူ Reviewed by သစ်ထူးလွင် on 09:42 Rating: 5

10 comments:

chawthu said...

ကျောင်းအုပ်ဖြစ်ပြီး မလှိမ့်တစ်ပတ် လုပ်ချင်နေတာ ပေါ်လွင်တယ်.....။ ထားပါတော့ ကလေးကပဲ ကျောင်းထဲ ဝင်လာတယ် ဆိုရင်တောင် ဖမ်းဆီးခွင့် မရှိပါဘူး..... ကျောင်းစောင့်တွေက ဖမ်းဆီး ကြိုးတုတ်တယ်ဆိုရင်တောင် သူ့ဆီ အပ်တဲ့ အချိန်ကြရင် မိဘခြင်း ကိုယ်ချင်းစာပြီး ဆရာ့ဂုဏ်အရ ကြိုးကိုတောင် ဖြေပေးဖို့ ပြောရမှာ......။ အခုတော့ ညနေ အထိ ဝရံတာမှာ ဒီအတိုင်း ထားနေမှတော့ သူလည်း အလိုတူ အလိုပါဆိုတာ ထမင်းစားတဲ့ လူတိုင်းသိတယ်.....။ ဒီလို လူမျိုးတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးကြပါ..... ဆရာ့ဂုဏ် မရှိတဲ့ သူတွေကို ကျောင်းကနေ ထုတ်ပယ်ကြပါ.....။ လူယဉ်ကျေးမှု မရှိတဲ့ ဆရာယောင်၊ သမားယောင် တွေကြောင့် ရိုးသားဖြူစင်တဲ့ ကလေးပေါင်းများစွာ လမ်းမှားကို ရောက်နိုင်တယ်.....

Unknown said...

ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသားတွေ အတွက် သင်ခန်းစာယူသင့်ပါသည်။

tharnyi said...

ဆရာ တွေကစတဲ့ ဇာတ်လမ်းဘဲ..ကျနော်တို့ နိုင်ငံမှာ ခလေးတွေကို
စတင်ပြီး အသိဥာဏ်ပညာပေးတဲ့ နေရာမှာ ဆရာေ တွ က.အလွန်ကို
ဆိုးပါတယ်..ဆရာကောင်းတွေတော့မပါ အများစု.သောဆရာ.ဆရာမ
တွေက တော့ ခလေးတွေကို သူ့ ဆီမှာ ကျုရှင်မယူရင် ပိုပြိးတော့ ဆူတာ
ရိုက်တာ တွေ အကျင့်လုပ်ပေးတာကိုတွေ့ ပါတယ်.အတန်းပိုင်ဆရာဆီမှာ
ကျုရှင်ယူရင် စာမေးပွဲအောင်တယ်.အတန်းတဲ မှာမျက်နှာမငယ်ရဘူးဆိုတဲ့ 
အသိတွေကို.ခလေးတွေ နားလည်ထားပါတယ်. အဲ့လို.အကျင့်ဆိုးတွေ
နဲ့ စပြီးကြီးပြင်းလာတဲ့ ခလေးတွေဟာ..ပေးမှရတယ်..ဆိုတဲ့ အသိ..
ကိုယ်ကလဲ.ရမှလုပ်ပေးမယ်..ဆိုတာလေးတွေ...ရင်ထဲမှာ..၀င်ပြီပေါ့.
ဆရာဆရာမတွေကို..သေချာစိစစ်သင့်ပါတယ်..မျိုးဆက်သစ်တွေကို
ပြုပြင်ပေးမယ့်..အဓိကကျသော..သူတွေဖြစ်နေလို့ ပါ..

ရာရာ said...

ဒီကျောင်းဆရာ စိတ်ဝေဒနာရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်...ရွာသာကြီးစိတ်ကျန်းမာရေးကိုသာပို့သင့်ပါတယ်..ဘယ်တော့မှပြန်မလွှတ်ဖို့မသင့်ပါဘူး...ကလေးတွေအန္တရာယ်ရှိတာကြောင့်ပါ။

Myanmar said...

မြန်မာပြည် ပညာေ၇း ဘယ်အဆင့်ေ၇ာက်နေလဲဆိုတာ သိပ်သိသာတယ်။ ။

Unknown said...

ဒီလို ဆရာ/ဆရာမတွေ မြစ်ကြိးနားမြို့ အထက (၁)မှာလည်း ရှိနေတယ်
ပိုက်ဆံမရှိတဲ့ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေကို ကျောင်းကထွက်သွား
ဆိုပြီး အရှက်ရအောင်လုပ်ပြီး ကျောင်းထွက်ခဲ့ရတဲ့ ကလေးတွေ အများကြီးပါပဲတဲ့။ မြစ်ကြီးနား အထက(၁) ကိုးတန်းနဲ့ ၁၀ တန်းက ဆရာမတွေပါ။

ahphyulay said...

နိုင်ငံခြားတွေမှာ ပိတ်ရက်ဆို ကစားကွင်းက အိုပန်းပါပဲ။
အားပေးရမှာက လူငယ်တွေပါပဲ။ သူပိုင်တာလည်းမဟုတ်။
သူထမ်းရတာလည်းမဟုတ်။ အကျင့် ကိုက အာဏာရူးတွေ
အတိုင်းပဲ။ အခုအစိုးရအဖွဲ့ ထဲမှာလည်း ..သူ့ လို ဗြူရိုကရက်တွေ
အများကြီး ရှိနေသေးတယ်။

သံလျင်သား said...

ကျောင်းအုပ်ဆရာကြီး ကသူ ကြိုးမတုပ်ဘူးလို့ လိမ်ပြောနေရင်....
ဒီ ကလေး က သူ့ ကိုယ်သူကြိုးပြန်တုတ်တာပဲဖြစ်မှာပေါ့လို့...ပြောရမလိုဖြစ်နေပြီ
ကျောင်းအုပ်လုပ်ပြီး လူလိမ်ကြီး....

252525 said...

မိုက်ရိုင်းလိုက်တာကွာ..

Violin Angle said...

အရမ်းဆိုးဝါးလွန်းတယ် ဒီကလေးနေရာမှာ သူ့သားသမီးဆိုရင်ရော သူဘယ်လိုလုပ်မလဲ ဒီကလေးလိုပဲလုပ်မှာလား စိတ်မမှန်ဘူးနဲ့တူတယ် သားသမီးချင်းကိုယ်ချင်းမစာဘူး ဒီအတိုင်းသာ အရေးမယူဘဲနဲ့ ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ပညာရေးက မတွေးဝံ့စရာဘဲ

Powered by Blogger.