ဂျပန်နိုင်ငံပိုင် ဘဏ်ကြီးတစ်ခုက ထားဝယ် ရေနက်ဆိပ်ကမ်း အတွက် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ ချေးငွေ ထုတ်ပေး

ထားဝယ် ရေနက်ဆိပ်ကမ်း၏ စီမံကိန်း မျိုးစုံအတွက် လုပ်ကိုင်ခွင့်ရ အီတာလျံ၊ ထိုင်းကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်း လုပ်ဆောင်ရေး ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ငါးဘီလျံ ရယူကာ ၂၀၁၂ တွင် အခြေခံ အဆောက်အအုံများ စတင် ဖြည့်ဆည်း သွားတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းချေးငွေ ကိစ္စအတွက် အီတာလျံ၊ ထိုင်းကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta က ဂျပန်နိုင်ငံမှ ဘဏ်နှင့်ချိတ်ဆက် ချေးယူခဲ့ခြင်းဖြစ်ကာ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ တန်ကြေးရှိသော ချေးငွေ သဘောတူညီမှု ရှိခဲ့သည်ဟု သိရသည်။

“ထားဝယ် ရေနက်ဆိပ်ကမ်းက ပြန်လှည့်လို့ မရတဲ့ စီမံကိန်းပဲလေ။ ဘာပဲဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင် ကိစ္စကိုတော့ ထည့်ပြီး တွက်ချက် လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် FREADA မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။ “ဒီစီမံကိန်းအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးမယ့် လုပ်ဖော်ကိုင်ဖက်ကို လာမယ့်နှစ်မှာ ရမယ်လို့ မျှော်လင့်ထားတယ်။ ဒီစီမံကိန်းက မလက္ကာ ရေလက်ကြားကို ဆက်သွယ်ဖို့ သယ်ယူပို့ဆောင်ရေး စရိတ် လျှော့ချအပေးနိုင်ဆုံး စီမံကိန်းကြီး တစ်ခုပါပဲ။ JBIC (Japan Bank of International Cooperation) နဲ့လည်း စာချုပ်ချုပ်တော့မှာပါ” ဟု ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။

“ဂျပန်က ဆိပ်ကမ်းနဲ့ ကားလမ်းတွေ ဖွံ့ဖြိုးဖို့ ကူညီမယ်လို့ သဘောတူထားသလို တရုတ်က ရထားလမ်းစီမံကိန်းကို ကူညီမယ်လို့ သဘောတူထားတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ဂျပန်နိုင်ငံမှ ချေးငွေဖြစ်သော ယင်းငွေပမာဏကို အီတာလျံ ထိုင်းကုမ္ပဏီက ခွဲဝေသုံးစွဲရာတွင် ဆိပ်ကမ်းနှင့် ကားလမ်းမကြီးအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနှင့် မဂ္ဂါဝပ် ၄၀၀၀ ရှိသော ကျောက်မီးသွေးလောင်စာ စွမ်းအင်ထုတ်လုပ်မှု အတွက် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ မျှဝေ သုံးစွဲသွားမည်ဖြစ်ကာ ၂၀၁၂ တွင် စတင် အကောင်အထည်ဖော်မည်ဟု သိရသည်။
 
By Pyi Myanmar
ဂျပန်နိုင်ငံပိုင် ဘဏ်ကြီးတစ်ခုက ထားဝယ် ရေနက်ဆိပ်ကမ်း အတွက် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ ချေးငွေ ထုတ်ပေး ဂျပန်နိုင်ငံပိုင် ဘဏ်ကြီးတစ်ခုက ထားဝယ် ရေနက်ဆိပ်ကမ်း အတွက် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ ချေးငွေ ထုတ်ပေး Reviewed by သစ်ထူးလွင် on 15:45 Rating: 5

No comments:

Powered by Blogger.