ရန်ကုန်မြို့တော်နှင့် မန္တလေး မြို့ကြီးတို့တွင် လမ်းအသုံးပြုမှု အများဆုံးအချိန်(Working Hours) များ၌ ယာဉ်ကြောကျပ် တောက်ပိတ်ဆို့မှုများ သိသိသာသာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ယာဉ်ကြောကျပ် တောက်ပိတ်ဆို့မှုများမှာ လမ်းအသုံးပြုမှု အများဆုံးရှိရာ လမ်းဆုံလမ်းခွများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာများဖြစ်သည့် ဈေးဝယ် စင်တာကြီးများ၊ ဈေးများ၊ ကျောင်းများအစိုးရရုံးများနှင့် နီးစပ်နေသည့် နေရာများတွင် လေးဆယ့်ငါးမိနစ် တစ်နာရီနီးပါးမျှကြာအောင် ယာဉ်ကြောပိတ်ဆို့နေမှုမှာ ကြာမြင့်နေတတ်ပြီး ဟွန်းမတီးရ ဧရိယာများတွင်ပင် ဟွန်းရှည်သံများဆူညံစွာ ကြားနေရကြောင်း ရန်ကုန်မြို့ခံများက ပြောကြားခဲ့ကြသည်။
“ရန်ကုန်မြို့မှာတော့ ရုံးချိန် ကျောင်းချိန်ရယ်မှ မဟုတ်တော့ပါဘူး။ တစ်နေ့ကုန် ယာဉ်ကြောက ပိတ်နေတာပဲ။ ကျွန်တော်တို့ မင်္ဂလာဈေး တစ်ဝိုက်ဆို တစ်နေ့ကုန်ယာဉ်ကြော ကျပ်နေလို့ လိုင်းကားကြီးတွေရဲ့ ဟွန်း သံတွေဆူညံနေတာပါပဲ။ ဗညားဒလ လမ်းမကြီးပေါ်က မင်္ဂလာဈေးရှေ့ မှတ်တိုင်မှာဆိုရင် မြို့ထဲဘက်ကို ထွက်မယ့်ကားနဲ့ မြို့ထဲက နေလာတဲ့ လိုင်းကားတွေရော ကိုယ်ပိုင်ကားတွေ ရော အမြဲပဲ စုပြုံပိတ်မိနေတတ်တယ်။ ဟွန်းမတီးရ နယ်မြေဖြစ်ပေမယ့် ယာဉ်တွေ ပိတ်နေတော့ လမ်းတောင်းတဲ့ ကားဟွန်းသံတွေအမြဲလို ပြန်ကြားနေရတယ်”ဟု မင်္ဂလာဈေးတွင် ဈေးဝယ်လေ့ရှိသူတစ်ဦးက ဆိုပါသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ် တောက်ပိတ်ဆို့မှုများဖြစ် ပေါ်နေရခြင်းမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလခန့်က ယာဉ်အိုယာဉ်ဟောင်းများ လဲလှယ်ရေးစီမံချက်အရ မော်တော်ယာဉ်သစ်များ ၀င်ရောက်လာမှုကြောင့်ဟု သုံးသပ်မှုများ ရှိနေသော်လည်း ရန်ကုန်မြို့တော်ရှိလမ်းများ၏ အကျယ်အ၀န်း၊ မြို့တော်ရှိလမ်းများပေါ်တွင် သွားလာနေသည့် ယာဉ်စီးရေမှာ အခြားမြို့ကြီး များနှင့် နှိုင်းယှဉ်ပါက ပြောပလောက်အောင် များပြားခြင်းမရှိသေးဟုလည်း ထောက်ပြသူများလည်း ရှိသည်။
လူ ၃၀ စီးနိုင်တဲ့ အင်ဂျင်ပါဝါလည်းမကြီးတဲ့ ယာဉ်တစ်စီး တင်သွင်းခွင့် ပြုတာနဲ့ လူသုံးလေးယောက်စီးနိုင်တဲ့ အင်ဂျင်ပါဝါမြင့် ဆလွန်းကား ၁၀ စီးကို သွင်းခွင့်ပြုတာ လတ်တလောမှာ ဘယ်ဟာ ပိုသင့်တော်လဲ ချိန်ဆစဉ်းစားစေချင်ပါတယ်။ လောလောဆယ် အနေအထားတွေ အရတော့ လူအများစုစီးနိုင်တဲ့ အမျိုးအစားကို ဦးစားပေးသင့်တယ်လို့ ထင်ပါတယ် . . . |
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် ခရီးသည်တင်ယာဉ် များကို အဓိက အားထားနေရသည့် ခရီးသွားများအတွက် ယာဉ်ပေါ်တွင် အချိန်ကြာမြင့်စွာ အချိန်ပေးနေရခြင်း များရှိလာကြောင်းလည်း သိရသည်။ ယင်းသို့ အချိန်ပေးနေရမှုများမှာ ယာဉ်နှင့် လူစည်ကားသည့် နေရာများ တွင်သာမက တစ်မြို့လုံးဖြန့်၍ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ယာဉ်အစီးရေစုစုပေါင်းမှာ နှစ်သိန်းခွဲကျော်ခန့်သာရှိနေပြီး၊ နိုင်ငံတကာ မြို့ပြများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကများစွာ ကွာခြား နေသေးသော်လည်း မဟာဗန္ဓုလ လမ်းမကြီး၊ အနော်ရထာလမ်းမကြီး တွင်သာ ခရီးသည်တင်ယာဉ်လိုင်းများ စုပြုံပြေးဆွဲနေခြင်း၊ ရန်ကုန်မြို့တော်ရှိ မြို့ပတ်နှင့် မြို့ပြင်မြို့နယ် များမှ ယာဉ်လိုင်းအသီးသီးအနေဖြင့် မြို့လယ်ဆူးလေကိုသာ ဦးတည်ပြေး ဆွဲသည့်စနစ်ကို ဆက်လက်ကျင့်သုံး နေခြင်းနှင့်အဓိကလမ်းမကြီးများပေါ် တွင် ယာဉ်များအား အချိန်ကြာမြင့်စွာ ရပ်နားခွင့်ပြုထားခြင်းတို့ကြောင့် ယာဉ်ကျပ်တောက်ပိတ်ဆို့မှုများ ဖြစ်လာရကြောင်း သုတေသီအချို့ သုံးသပ်ထားပါသည်။
“ကျွန်တော်က တောင်ဒဂုံကပါ အလုပ်ကမြို့ထဲမှာရှိတဲ့ ကုမ္ပဏီတစ်ခု က ယာဉ်မောင်းတစ်ယောက်ပါ။ အလုပ် တက်ချိန်က ၉ နာရီဆိုတော့ အိမ်က နေမနက်ပိုင်းဆိုရင် ၆ နာရီခွဲလောက်စ ထွက်ရတယ်။ မှတ်တိုင်မှာ ကားစောင့်ရင် အနည်းဆုံး နာရီဝက်လောက် ကြာပါတယ်။ ပြီးတော့လမ်းမှာ ကားပိတ်တာတွေနဲ့ ကားကျပ်တာတွေက နေ့ တိုင်းလိုလိုရှိနေတော့ တစ်နေ့ကိုကား ပေါ်မှာအသွားအပြန် ၄ နာရီလောက် က အချိန်ကုန်တယ်။ ကျွန်တော်တို့လို လက်လုပ်လက်စားတွေက အဓိက လိုင်းကားကိုဘဲ အားကိုးနေရတာ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း၊ ယာဉ်လိုင်းတွေကို စိစစ်ပြီး လိုအပ်တဲ့ နေရာတွေကို တိုးချဲ့ ပြေးဆွဲပေးသင့်ပါတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုဇော်ထွန်း က နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများအား ပြောပြခဲ့သည်။
ယင်းအပြင် ယခင်က ခရီးသည်တင် ယာဉ်လိုင်းများအား ကန့်သတ်ထားသည့် ကန့်သတ်ချက်ကို ဖြေလျော့ပေးခဲ့သည့်အတွက် ခရီးသည်တင်လိုင်း အချို့ကို အားပြုစီးနင်းနေရသည့် ခရီး သည်များအတွက် ယာဉ်အခက်အခဲများ ဖြစ်ပေါ်နေရခြင်းများလည်း ရှိလာပြီး၊ ၀င်ငွေများများရနိုင်သည့် ယာဉ်လိုင်းအတွင်းသို့ ၀င်ငွေနည်းသည့် ယာဉ်လိုင်းမှ ယာဉ်အချို့ပြောင်း ရွှေ့မှုများရှိလာခြင်းကလည်း လမ်းကြောင်း တစ်ခုတည်းပေါ်တွင် ယာဉ်အစီးရေ များပြားနေမှုကြောင့်လည်း စည်းမဲ့ကမ်းမဲ့ ရပ်တန့်ခြင်းများ မောင်းနှင်သွားလာမှုများကြောင့် ယာဉ်ကြောပိတ်ဆို့ ရှုတ်ထွေးမှုများကို ဖြစ်လာစေကြောင်း သိရသည်။
“တချို့ယာဉ်လိုင်းတွေက ခရီးလမ်းကြောင်း ရှည်ပေမယ့် စီးနင်းတဲ့ သူများတယ်။ ဒါပေမယ့် ခရီးလမ်း ကြောင်းရှည်တဲ့အတွက် အခြားယာဉ်လိုင်းတွေနဲ့ လမ်းကြောင်းတစ်ထပ် တည်းကျတဲ့နေရာကလည်းရှည်နေတဲ့ အတွက် အဲဒီယာဉ်လိုင်းမှာ ၀င်ငွေကလျော့တာမျိုး ရှိတယ်။ ဒါမျိုးဆိုရင် ယာဉ်ပိုင်ရှင်တွေက လမ်းကြောင်းရှည်ပေမယ့် အခြားယာဉ်လိုင်းတွေနဲ့ လမ်းကြောင်းသိပ်မထပ်ဘဲ ၀င်ငွေများများ ရမယ့် လိုင်းမျိုးကို ပြောင်းလာကြတယ်။ အဲဒီတော့ ယာဉ်လိုင်းတွေဘက် က အဆင်ပြေပေမယ့် စီးတဲ့သူကျတော့ အဆင်မပြေတော့ဘူး။ တစ်ဘက်မှာလည်း လမ်းကြောတစ်ခုတည်းမှာ ပြေးနေတဲ့ ယာဉ်တွေများလာရင် ခရီးသည် လုတင်မောင်းပြေးတာတွေ၊ နောက် ကားမလာမချင်းစောင့်ပြီး အချိန်ဆွဲပြီး ထောက်ထားတွေ လုပ်လာတဲ့အခါ မလိုအပ်ဘဲ လမ်းပေါ်မှာ ယာဉ်တွေ ထပ်ပြီး အကြာကြီးရပ်နေတာ။ လမ်း ကြောပြောင်းပြီး အတင်းဝင်အတင်း ထွက်လုပ်တာကြောင့် လမ်းပိတ်မှုတွေ ဖြစ်လာတဲ့အတွက် ဒီလို လိုင်းပြောင်းတာမျိုးကိုလည်း ကြပ်မတ်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။
ကားဟောင်းလဲလှယ်ရေး အစီအစဉ်အရ တင်သွင်းသည့် ယာဉ်အစီးရေမှာ လက်ရှိတွင် အစီးရေတစ်သောင်းကျော်သာ ရန်ကုန်၊ မန္တလေးလမ်းမပေါ်သို့ ရောက်ရှိပြီး အဆိုပါအစီးရေမှာလည်း အသစ်ထပ်တိုးသည့် ယာဉ်အစီးရေမဟုတ်ဘဲ ယခင်ရှိနှင့်ပြီး ကားဟောင်းများနေရာသို့ ၀င်ရောက်လာခြင်းသာ ဖြစ်ကြောင်း သိရသည်။
ကားသစ်အစီးရေ ပြောပလောက်သည့် ပမာဏတိုးလာခြင်း မဟုတ်သေးသော ယခုကာလ၌ပင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားရပ်နားရန်နေရာအတွက် အကျပ်အတည်းကြုံနေရသော် ထပ်မံ ၍ကားသစ်များ ၀င်ရောက်လာပါကပိုမို ဆိုးရွားသည့် အနေအထားရှိလာမည် ဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။
“ကားဟောင်းလဲလှယ်တဲ့ အစီအစဉ်အရ ရန်ကုန်၊ မန္တလေးလမ်းပေါ် ကိုရောက်လာတာ အစီးရေတစ်သောင်းကျော်ပဲ ရှိသေးတယ်။ ဒီအစီးရေထဲမှာ တစ်ဝက်လောက်က အရင်ကတည်းက လမ်းပေါ်မှာ သွားနေတဲ့ကားတွေပဲ အသစ်တိုးတာက အစီးရေထောင် ဂဏန်းပဲရှိသေးတာ။ ဒီလိုအချိန်မှာ တောင် ဒီလောက်ယာဉ်ကြောပိတ်ရင် နောက်ထပ်အစီးရေ လေးငါးသောင်းသာဝင်ရင် အခုထက်ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင်ပြဿနာကြုံရမယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
“ကားတင်သွင်းတဲ့ မူဝါဒကလည်း ကိုယ့်မှာရှိတဲ့ အခြေခံ အဆောက်အအုံ၊ ကိုယ်လုပ်နိုင်တဲ့ အခြေခံအဆောက်အအုံနဲ့ လိုက်လျောညီထွေတဲ့ တိကျတဲ့ မူဝါဒရှိဖို့ လိုတယ်။ ဥပမာ-ကားတင်သွင်းခွင့်ကို ဘယ်လိုခွင့်ပြုမယ်၊ လမ်းပိုင်းပြင်ဆင်မှုကို ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ ဒီနှစ်ချက်က ညီနေဖို့လိုတယ်။ လမ်းပြင်ဆင်မှုဘာမှမရှိဘဲ ကားကိုချည်းပဲ သွင်းနေရင်လည်း အများပြည်သူနိစ္စဓူဝ ဒုက္ခတွေ့နေမှာပဲ”ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“ယာဉ်ဟောင်းလဲလှယ်တဲ့ အစီအစဉ် အရ တင်သွင်းလာတဲ့ကားထဲမှာ Hatchback နဲ့ Wagon သတ်မှတ်ချက်လွဲပြီး မော်ဒယ်မြင့်သွားလို့ ပေးဆောင်လိုက်ရတဲ့အထဲမှာ အနိမ့်ဆုံး ၂၆၅ ရာ ခိုင်နှုန်းကနေ အမြင့်ဆုံး ၄၆၅ ရာခိုင် နှုန်းအထိရှိခဲ့တယ်။ ဒါက မြန်မာနိုင်ငံ မှာ ယာဉ်တင်သွင်းမှုအပေါ် အပြင်းထန်ဆုံး ဒဏ်တပ်ရိုက်တဲ့ အမြင့်ဆုံးအခွန်နှုန်းပဲ။ ဒေသတွင်း နိုင်ငံအချို့မှာတော့ ထိုင်းမှာဆိုရင် Luxury ကားတွေကို တင်သွင်းစီးရင် ၂၀၀ ရာခိုင်နှုန်းလောက် အခွန်ကျသင့်တယ်။ မလေးရှားမှာဆိုရင် အင်ဂျင်ပါဝါအလိုက်ခွဲ ထားတယ်။ ၂၅၀၀ စီစီအထက်ဆိုရင် ၁၀၀ ကနေ ၃၀၀ ရာခိုင်နှုန်းလောက် ကျသင့်တယ်။ ဒါက Duty နဲ့ Local Tax အပါအ၀င်ပေါ့။ စင်ကာပူမှာဆိုရင် ၄၀၀ ကနေ ၅၀၀ ရာခိုင်နှုန်း လောက်အထိတောင် ရှိတယ်။ ဒီမှာ အများပြည်သူ စီးတဲ့ကားကို ဦးစားပေးဖို့အတွက် အခွန်လျှော့ပြီး ဇိမ်ခံကားတွေမှာမြှင့်မယ်ဆိုရင် အင်ဂျင် ပါဝါ ၂၅၀၀ စီစီအထက်ကို အမြင့်ဆုံး ၂၅၀ ရာခိုင်နှုန်းလောက် အထိတော့ သတ်မှတ်လို့ရမှာပေါ့။ ကျွန်တော်တို့ ယာဉ်ဟောင်းတွေ လဲလှယ်တဲ့သူတွေတောင် အင်ဂျင်ပါဝါနိမ့်တာတောင်မှ ၁၆၅ ရာခိုင်နှုန်းအထိ ပေးဆောင်နေရတာပဲ နိုင်ငံတကာဈေးနဲ့ သုံးဖို့ဆိုတာ ကတော့ လမ်းအနေအထား၊ ခုံးကျော်တွေ အနေအထားတွေက အဓိကအကျဆုံး ဖြစ်မှာပါ”ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြ ခဲ့သည်။
အခြေခံ အဆောက်အအုံပိုင်း ပြည့်စုံသည့် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများတွင် ၀ယ်ယူစီးနင်း နေရသည့် ဈေးနှုန်းမျိုးဖြင့် ၀ယ်ယူရ ရှိနိုင်ရန်မှာ လတ်တလော ပြည်တွင်းရှိ အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ လိုအပ်ချက် အခြေအနေများကြောင့် မဖြစ်နိုင်သေးကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
“ကျွန်တော်တို့နိုင်ငံမှာ ခရီးသည်တင်ယာဉ်ကို နေ့စဉ် အသုံးပြုနေကြရတဲ့ လူဦးရေပမာဏနဲ့ လက်ရှိပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်အရေအတွက် က လိုအပ်ချက်တွေအများကြီးပါ။ အခု ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်နဲ့ လဲလှယ်ခွင့်ပြုတဲ့ အထဲမှာ လူအများစု အသုံးပြုစီနင်းနိုင်တဲ့ ခရီးသည်တင် ယာဉ်တွေ၊ Pick-up ယာဉ်တွေ၊ Taxi ယာဉ်တွေ တင်သွင်းမှု အရမ်းနည်းပါးနေပါတယ်။ ဒါကြောင့် လူအများစုစီးရမယ့် ကားတွေကို အခွန်နှုန်းထား သက်သာစွာနဲ့ များများ တင်သွင်းခွင့်ရနိုင်အောင် စီစဉ်ဆောင်ရွက်ပေး သင့်ပါတယ်။ လက်ရှိအနေအထားအရ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်တွေ အများကြီး ရှိနေတဲ့အချိန်မှာ လူနည်းစုသာ စီးနင်းနိုင်တဲ့ Luxury အမျိုးအစား ကားတွေထက် လူအများစုစီးနိုင်တဲ့ ကားတွေတင်သွင်းနိုင်အောင် လုပ်ဆောင်ပေးရမှာပါ။ အမှန်တော့ ဘတ်စကား အပ်မှ ဘတ်စကား၊ Truck ကားအပ် မှ Truck ကားသွင်းခွင့်ပေးတဲ့စနစ် အစား အများစုအသုံးပြုလို့ရတဲ့ ကားတွေ တင်သွင်းခွင့်ကိုတော့ ကန့်သတ် မထားသင့်ဘူး။ ကားဟောင်းလဲလှယ်ရေး အစီအစဉ်အရ ကားတင်သွင်းခွင့်ပေးတဲ့ မူဝါဒတွေမှာ တည်ငြိမ်မှုမရှိတာကို တွေ့ရတယ်။ မူဝါဒက တစ်သတ်မတ်တည်း မဟုတ်ဘူးဖြစ်နေတယ်။ လက်ရှိခြောက်လမ်းသွားဆို ပေမယ့် အပြည့်အ၀မသုံးနိုင်တဲ့ လမ်း တွေ၊ လိုအပ်ချက်ရှိနေတဲ့ ကားပါကင် ပြဿနာတွေ၊ ပြည်သူတွေ ပြောနေကြတဲ့ လေထဲရောက်နေသေးတယ် ဆိုတဲ့ ခုံးကျော်တံတား အစီအစဉ်တွေအတိုင်း ဆိုရင် ၆ လ၊ တစ်နှစ်အတွင်း ကား အစီးရေ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ၀န်း ကျင်အထိသာ ၀င်လာရင်တော့ ဒီထက် ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ သေချာပေါက်ကြုံရမှာပါ။ အခု ၁၅ မိနစ် လောက်စောင့်ရတဲ့ ပွိုင့်တွေမှာ နာရီဝက် ၄၅မိနစ်လောက် စောင့်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
“ထိုင်းနိုင်ငံမှာဆိုင်ရင် Luxury ကားတွေကို အခွန် ၂၀၀ ရာခိုင်နှုန်း လောက် ကောက်ခံတာကို တွေ့ရပါတယ်။ ဒီမှာလည်း ၂၅၀၀ စီစီ အထက်ယာဉ်တွေကို လိုက်လျောညီထွေ ထိရောက်တဲ့ အခွန်နှုန်းထားတွေ ကောက်ခံရမှာပါ။ တစ်ဖက်မှာလည်း ၁၅၀၀ စီစီကနေ ၂၀၀၀ စီစီ လောက် အထိ ကားတွေကို Taxi အဖြစ် အသုံးပြုနိုင်အောင် အခွန်နှုန်းထား လျှော့ပေါ့ ပေးသင့်ပါတယ်။ ခရီးသည်တင်ယာဉ် တွေ၊ အငှားယာဉ်တွေဆိုရင် အခွန် ၀ ရာခိုင်နှုန်းနဲ့တောင် ပေးသင့်တယ်လို့ ထင်တယ်။ ဒါမှခရီးသည်တွေအတွက် ကားလည်းပေါမယ်၊ အပြိုင်အဆိုင် မောင်းစရာမလိုတော့လို့ အန္တရာယ်လည်း ကင်းသွားလိမ့်မယ်။ ဘတ်စကားနဲ့ အငှားယာဉ်တွေကို တကယ်လုပ်မယ့် ကုမ္ပဏီတွေက တာဝန်ယူ တင်သွင်းနိုင်အောင် ဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်။ လူ ၃၀ စီးနိုင်တဲ့ အင်ဂျင် ပါဝါလည်းမကြီးတဲ့ ယာဉ်တစ်စီးတင် သွင်းခွင့်ပြုတာနဲ့ လူသုံးလေးယောက် စီးနိုင်တဲ့ အင်ဂျင်ပါဝါမြင့်ဆလွန်း ကား ၁၀ စီးကိုသွင်းခွင့်ပြုတာ လတ်တလောမှာ ဘယ်ဟာပိုသင့်တော်လဲ ချိန်ဆစဉ်းစားစေချင်ပါတယ်။ လောလောဆယ် အနေအထားတွေအရတော့ လူအများစုစီးနိုင်တဲ့ အမျိုးအစားကို ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်” ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
ဒေသတွင်းနိုင်ငံ အချို့၏ (Luxury) ကားဝယ်ယူမှု အပေါ် ကောက်ခံသည့် အခွန်နှုန်းများ
စင်ကာပူ - စင်ကာပူနိုင်ငံတွင် ကားဝယ်ယူပါက ၀ယ်ယူခွင့် ပါမစ်တန်ဖိုးအပါအ၀င် ကားတန်ဖိုး၏ ၄၀၀ ရာခိုင်နှုန်း ၀န်းကျင်မှ ၅၀၀ ရာခိုင်နှုန်းအထိ ကုန်ကျမည်ဖြစ်သည်။ အဆိုပါ ကုန်ကျစရိတ်တွင် လမ်းအသုံးပြု ခမပါဝင်ဘဲ သီးသန့် ထပ်မံပေးဆောင်ရသည်။
ထိုင်း - ထိုင်းနိုင်ငံတွင် ဇိမ်ခံကားဆိုပါက မည်သည့် အမျိုးအစားမဆို အကောက်ခွန်မှ အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံသည်။ အဆိုပါ ၂၀၀ ရာခိုင်နှုန်းမှာ အကောက်ခွန်မှ ကောက်ခံသည့် နှုန်းသာဖြစ်ပြီး ပြည်တွင်းအခွန်၊ လမ်း အသုံးပြုခွန်၊ အာမခံကြေးများမပါဝင်ပါ။
မလေးရှား - မလေးရှားနိုင်ငံတွင် ကားဝယ်ယူမည်ဆိုပါက အကောက်ခွန်မှ ၎င်းတို့ သတ်မှတ်သည့် ကားတန်ဖိုး၏ အခွန်နှုန်း ၁၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်းထိ ကောက်ခံသည်။ သက်တမ်းငါးနှစ်နှင့် အထက် ကားများကို မလေး ရှားနိုင်ငံတွင် တင်သွင်းခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင်း မော်တော်ယာဉ်ဆိုင်ရာ အချက်အလက်များ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ကားစီးရေ - ၈၀၀၀ ၀န်းကျင်
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်အစီးရေ - ၂ ဒသမ ၅ သိန်းဝန်းကျင်
ရန်ကုန်တိုင်းဒေသကြီးရှိ အငှားယာဉ်စီးရေ - ၂၀၀၀၀ ၀န်းကျင်
ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ အများဆုံး ဖြတ်သန်းနေသည့် လမ်းမကြီးများ
လမ်းအမည် | အကျယ် |
ကမ္ဘာအေးဘုရားလမ်း | ၇၂ ပေ |
ပြည်လမ်း | ၇၂ ပေ |
အနော်ရထာလမ်း | ၅၀ ပေ |
ဗိုလ်ချုပ်လမ်း | ၆၀ ပေ |
ကုန်သည်လမ်း | ၅၀ ပေ |
မဟာဗန္ဓုလလမ်း | ၅၀ ပေ |
ကမ်းနားလမ်း | ၇၂ ပေ |
ဘုရင့်နောင်လမ်း | ၇၂ ပေ |
ပါရမီလမ်း | ၅၀ ပေ |
အင်းစိန်လမ်း | ၇၂ ပေ |
ဗညားဒလလမ်း (တာမွေအ၀ိုင်း) | ၇၂ ပေ |
ဗားကရာလမ်း | ၇၂ ပေ |
ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် ယာဉ်ကြော ကျပ်တောက် ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားလာ
Reviewed by သစ်ထူးလွင်
on
21:59
Rating:
3 comments:
bus ကားအပ်မှ bus ကားသွင်း truck ကားမှ truck ကားသွင်းကန်သတ်ထားပေမည်. အဓိကကြသော bus ကားတင်းသွင်းမှု.မှာ ၁၀စီး အစီး၂၀သာရှိ။ကန်.သတ်မထားပဲ လွတ်လပ်စွာတင်သွင်ခွင်.ပေးပြီး model လျာ.ပေးခြင်း အခွန်ကင်းလွတ်ခွင်.ပေးခြင်း cng ကီစအစဉ်ပြေစေရန်စီစဉ်ပေးခြင်းသာ လမ်းမှန်ဖြစ်သည် ဒီမိုပိုစန်သည်။
အဓိက လူသွားလမ်း ပလက်ဖောင်းဖြစ်ပါတယ်။ ဦးစားပေးနေတာက ကားသွားလမ်း ဖြစ်နေတယ်။ လူသွားလမ်း ပလက်ဖောင်းတွေနည်းတယ်။ ပလက်ဖောင်းတွေပေါ်မှာ ဈေးသည်တွေ၊ မီးစက်တွေ၊ သစ်ပင်တွေ၊ ဆက်သွယ်ရေးကိစ္စတွေ၊ ဓါတ်တိုင်တွေ နေရာယူထားတယ်။ တချို့ပလက်ဖောင်းတွေက လူသွားလို့ မရအောင်ကို ပျက်စီးနေတယ်။ လူတွေ လမ်းသွားလမ်းလာတွေ ဘယ်လိုခရီးသွားလဲ။ ယာဉ်တွေမောင်းနှင်တဲ့ ကားလမ်းတွေပေါ်မှာ လူတွေနဲ့ ကားတွေနဲ့ ပူးနောင်းဂျိမ်ဂျိမ်ဘဲ၊ တစ်ချို့ပလက်ဖောင်းတွေပျောက်ပျက်ကုန်တယ်။ ထိန်းသိမ်းမှု မရှိတော့ နီးစပ်ရာ ဆိုင်ခန်း၊ အိမ်ခန်းတွေက ပြုင်ပြီး သူပိုင်သလိုလို လုပ်ထာုးကတယ်။ လုံခြုံရေး အေုကာင်းပြချက်နဲ့ ကုန်သည်ုကီးများဟိုတယ်ရှေ့က ပလက်ဖောင်းကတော့ ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေရတယ်။ ဆိုလိုတာက ခရီးသွားလမ်းလျှောက်ပြည်သူတွေအတွက် ပလက်ဖောင်းကို အဆင့်မြင့်ဦးစားပေးတည်ဆောက်ပေးပါက ယာဉ်သွားယာဉ်လာတွေအတွက်ပါ မုကာမီအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။
အထစ်ကလေးတွေမရှိရင် လုပ်စားလို့မကောင်းဘူးလေ။ အဲဒီအထစ်လေးတွေ ရှိမှ ဂွင်ရှိမှာပေါ့။ လူလူချင်းထစ်ငေါ့ခြင်း ကင်းရှင်းကြပါစေ။
Post a Comment