တောင်ငူမှ ရွှေကုန်သည် အပ်ငွေသိန်းသုံးသောင်းကျော် ပြန်မပေးသဖြင့် အမှုဖွင့် ခံရ
ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူမြို့ပေါ်ရှိ ရွှေကုန်သည်ကြီး
တစ်ဦးထံတွင် ရွှေနှင့် ငွေသားများ တရားမဝင် အပ်နှံမှုကြောင့် မြို့ပေါ်နှင့်
နယ်မြို့နယ်ကလေးများရှိ လုပ်ငန်းရှင်ပေါင်း များစွာနှင့်
အဖွဲ့အစည်းတချို့၏ ငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ဆုံးရှုံး နစ်နာမှုများ
ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်ငူမြို့ပေါ်ရှိ
အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦး...သည်
မိတ်ဆွေတစ်ဦး၏ ဆက်သွယ် ပေးမှုကြောင့် တောင်ငူမြို့၊ ၁၃ ရပ်ကွက်၊
ကန်တော်လမ်းနေ ရွှေကုန်သည်ကြီး ဦး...ထံတွင် ၂၀၁၀ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့မှ
၂၀၁၁ ဧပြီ ၈ ရက်နေ့အထိ ကာလပေါက်ဈေး ၆၉၉ သိန်း တန်ဖိုးရှိသော အကယ်ဒမီ
အခေါက်ရွှေ ၉၃ ကျပ်သားနှင့် ငွေသားသိန်း ၇၅၀ အား အပ်နှံထားရှိခဲ့ပြီး
အောက်တိုဘာလ ပထမပတ်၌ လုပ်ငန်း လိုအပ်ချက်ကြောင့် အပ်နှံငွေများနှင့် ရွှေ ၉၃
ကျပ်သားခန့်အား ပြန်လည် တောင်းခံခဲ့ရာ အပ်နှံစဉ်က အကျိုးအမြတ် ပေးမည်
ဖြစ်ကြောင်းနှင့် တစ်လကြိုတင် အကြောင်းကြားပါက အပ်နှံငွေသားနှင့်
ရွှေကိုပြန်လည် ထုတ်ပေးပါမည်ဟု ကတိပြုခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍
ပြန်လည် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် အရေးယူပေးပါရန် တောင်ငူမြို့ အမှတ်
(၂) ရဲစခန်းသို့ တိုင်ကြား လာခဲ့သောကြောင့် (ပ) ၄၃၃/၂၀၁၁၊ ပုဒ်မ-၄၁၂ အရ
အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။ ထို့အပြင် တောင်ငူမြို့၊ ၁၉ ရပ်ကွက်
ရိပ်သာလမ်းနေ ပွဲရုံလုပ်ငန်းရှင် တစ်ဦးနှင့် တောင်ငူမြို့၊
မင်းရဲကျော်စွာလမ်းနေ ဒေါက်တာ...သည် အဆိုပါ ရွှေကုန်သည်ထံ အပ်နှံထားသော
ရွှေတစ်ပိဿာ ၄၀ ကျပ်သားခန့် (ကာလတန်ကြေး ကျပ်သိန်း ၁၀၀၀) နှင့်
ငွေသားကျပ်သိန်း ၁၁၀၀ ၊ ရွှေ ၂၀ ကျပ်သား (ကာလတန် ကြေးကျပ် ၁၄၄ သိန်း)
တို့အား အပ်နှံထားရာမှ ပြန်လည် ထုတ်ပေးခြင်း မရှိသည့် အတွက်ကြောင့်
၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ တောင်ငူမြို့၊ အမှတ် (၂) ရဲစခန်းတွင်
(ပ)၄၃၃/၂၀၁၁၊ ပုဒ်မ-၄၂၀ ၊ (ပ)၄၃၃/၂၀၁၁၊ ပုဒ်မ-၄၀၆ ဖြင့် အသီးသီး အမှုဖွင့်
တိုင်ကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ငွေကြေး
အရှုပ်အထွေးတွင် တောင်ငူမြို့ပေါ်ရှိ လုပ်ငန်းရှင် ၃၀ ကျော် အပါအဝင်
အုတ်တွင်း၊ ကျွဲပွဲ၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ ထန်းတပင်နှင့်
ဇရပ်ကြီးမြို့နယ်မှ လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းတချို့၏ စုဆောင်း
အပ်နှံငွေများ ပါဝင်ကြောင်း သိရပြီး အပ်နှံရာတွင် မိမိသဘောဖြင့်
အပ်နှံသူများ ရှိသကဲ့သို့ အဆိုပါ ပုဂ္ဂိုလ်က ချေးယူခြင်းများလည်း ရှိကြောင်း
သိရသည်။ အဆိုပါ ရွှေကုန်သည်ကြီးထံတွင် အပ်နှံ၍ ဆုံးရှုံး နစ်နာနေကြသူများမှာ
အနည်းဆုံး ငွေကျပ်သိန်း ၃၀ မှ အများဆုံး သိန်း ၃၀၀၀ ခန့် အထိရှိပြီး
ရွှေသားအပ်နှံမှုတွင် ၁၀ ကျပ်သားမှ တစ်ပိဿာကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေကြေးနှင့် ရွှေသား အပ်နှံမှုတွင် စာချုပ်စာတမ်းဖြင့် အပ်နှံခြင်း
မရှိဘဲ စာအုပ်ငယ်တစ်ခုတွင် လက်ရေး (လက်မှတ်) ဖြင့် အပ်ငွေပမာဏနှင့်
ရွှေအချိန်ကို ရေးသွင်း မှတ်သားထားပေးပြီး လစဉ်ငွေရှင်းတမ်း စာအုပ်ဖြင့်
အပ်နှံသူများကို အကျိုးအမြတ် ပေးသည့် ပုံစံဖြစ်ပြီး အကျိုးအမြတ် ၂
ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ပေးလေ့ရှိကြောင်း သိရသည်။
အပ်နှံထားသူများ စုပေါင်း အပ်နှံထားသော စာရင်းအရ အပ်နှံသူ ၄၃
ဦးခန့်ရှိပြီး ငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်နှင့် ရွှေသား ၆ ပိဿာ ၆၀
ကျပ်သား ခန့်ရှိနိုင်ကြောင်း သိရသည်။“ဘဏ်တိုးထက် ပိုလိုချင်လို့
ဖြစ်ကြတာပါ။ အိမ်တစ်လုံးကို ဘဏ်မှာ ပေါင်ရင် အတိုး ၁၈ ရာခိုင်နှုန်း
ပေးရမယ်။ အဲဒီကရတဲ့ငွေကို ကိုယ်ယုံကြည် စိတ်ချရမယ်ထင်တဲ့ သူတွေဆီမှာ
ပြန်အပ်ရင် ၂ ကျပ်တိုးဆို ၂၄ ရာခိုင်နှုန်း၊ ၃ ကျပ်တိုးဆို ၃၀
ရာခိုင်နှုန်းရမယ်ဆိုတဲ့ တွက်ရေးနဲ့ လုပ်ကြတဲ့ ပုံစံပေါ့။ အစိုးရဘဏ်မှာ
မအပ်ဘဲ အတိုးများများပေးတဲ့ဆီမှာ အပ်ပြီး မြိုးမြိုးမြက်မြက် ထိုင်စားမယ်
ဆိုတဲ့သူတွေ ထိတာပေါ့။ အခု တောင်ငူက ရွှေဆိုင်တွေမှာ ငွေအပ်ထားတဲ့ သူတွေ
ပြန်ထုတ်ကုန်ကြလို့ ရွှေဆိုင်တွေ အခက်အခဲတချို့ ဖြစ်သွားတာပေါ့” ဟု
နှစ်ပေါင်း ၃၀ ကျော် ရွှေဆိုင်ဖွင့်လှစ် ရောင်းချနေသူတစ်ဦးက အဆိုပါ
ဖြစ်စဉ်အပေါ် သုံးသပ် ပြောကြားခဲ့သည်။
ဇေယျာကို(တောင်ငူ)
By Popular News
တောင်ငူမှ ရွှေကုန်သည် အပ်ငွေသိန်းသုံးသောင်းကျော် ပြန်မပေးသဖြင့် အမှုဖွင့် ခံရ
Reviewed by သစ်ထူးလွင်
on
11:38
Rating: 5
1 comment:
အဓိက ကတော့ ပညာရေးလို့ဘဲပြောချင်ပါတယ်။
Post a Comment