ငွေလဲနှုန်းကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းသွားမည်

မြန်မာနိုင်ငံတွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းကို နှုန်းထားတစ်မျိုးတည်းအဖြစ် ယခုနှစ်အတွင်း ပေါင်းစည်းသွားမည် ဖြစ်ပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ်ထားရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ မြန်မာနိုင်ငံ၏ ငွေလဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စနှင့် ငွေလဲနှုန်းထား ပြောင်းလဲရန်ကိစ္စများကို ကူညီဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ပညာရှင်များ ရောက်ရှိလျက်ရှိပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် လာရောက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က “ငွေလဲနှုန်းကိစ္စ ဆွေးနွေးနေတယ်။  ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေးကိစ္စ အရင်လုပ်နေတယ်။ ပေါင်းစည်းတာကတော့ ဒီနှစ်ထဲ ဖြစ်နိုင်ပါတယ်။ ငွေလဲနှုန်းပြုပြင် ပြောင်းလဲဖို့ကတော့ အချိန်နည်းနည်း ယူရမယ်။ ဥပဒေပိုင်းရော မူဝါဒပိုင်း၊ မက်ခရိုစီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ပြန်ပြင်ဆင်ဖို့ လိုတာကြောင့် လာမယ့်ဘဏ္ဍာရေး နှစ်လယ်ပိုင်းလောက်ထိ လုပ်နိုင်ဦးမယ်မထင်ဘူး။ ပြောင်းလဲချိန်မှာတော့ နှုန်းထားက နှုန်းရှင်ပဲ ဖြစ်မှာပါ” ဟု ပြောကြားပါသည်။ အဆိုပါငွေလဲနှုန်းကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ Article 8 Mission အဖွဲ့နှင့် အဓိကဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့် ဥပဒေအချို့ ပြင်ဆင်နိုင်ရန်နှင့် ကန့်သတ်ချက်များ လျှော့ချနိုင်ရန် နည်းပညာထောက်ပံ့မှုများ ပြုလုပ်နေကြောင်း၊ ယခုဇန်န၀ါရီလ အတွင်း တာဝန်ရှိသူများ၊ ပညာရှင်များနှင့် သတင်းမီဒီယာများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ရန်ရှိကြောင်း ပညာရှင်များထံမှ သိရပါသည်။ မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက်နှစ်ချက် ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာ ဖြစ်ပေါ်နေသော ငွေလဲနှုန်းထား အမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏လက်ရှိ ငွေပေးငွေယူရှင်းတမ်း (balance of payments)၊ သာမန်စာရင်း (current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဦးမြင့်က ထင်မြင်သုံးသပ်ထားကြောင်း သိရသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ငွေလဲနှုန်း၊ အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ရသော ဘဏ်များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) ဈေးနှုန်း စသည့် ငွေလဲနှုန်းများ ဖြစ်ပေါ်နေကြောင်း၊ ထိုသို့ ဖြစ်ပေါ်နေသော ငွေလဲနှုန်းအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ယခုနှစ်အတွင်း ပေါင်းစည်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဦးမြင့်က “ငွေလဲနှုန်းအမျိုးမျိုးကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းသွားမှာပါ။ ပို့ကုန်မှရငွေတို့ အက်ဖ်အီးစီတို့လည်း ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

by: သစ်ထူးလွင်
ငွေလဲနှုန်းကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းသွားမည် ငွေလဲနှုန်းကို တစ်မျိုးတည်းအဖြစ်  ပေါင်းစည်းသွားမည် Reviewed by သစ်ထူးလွင် on 16:19 Rating: 5

No comments:

Powered by Blogger.