ဂျပန် နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်မှာ လမ်းဘေး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် လည်ပတ်ခဲ့သော ဂျပန် နိုင်ငံခြားရေးဝန်ကြီးသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ည ၇ နာရီခန့်တွင် ရန်ကုန်မြို့၏ အထင်ကရ လမ်းမကြီး တစ်ခုဖြစ်သော တက္ကသိုလ်ရိပ်သာ လမ်းမကြီး နံဘေး လူသွား ပလက်ဖောင်းပေါ်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ပြည်တွင်း သတင်းထောက်များ ထံမှ စုံစမ်း သိရှိရသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်း အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သတင်းစာ ရှင်းလင်းပွဲတစ်ခု ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ပြန်လည် ထွက်ခွာလာချိန်တွင် ဂျပန် သတင်း မီဒီယာများ၏ မေတ္တာရပ်ခံမှုကြောင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သူလိုက်ပါသော ကားတန်းကို ရပ်တန့်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းပြင်ပ တက္ကသိုလ်ရိပ်သာ လမ်းမကြီးဘေး လူသွား ပလက်ဖောင်းပေါ်တွင်ပင် ဂျပန် သတင်း မီဒီယာများ အတွက် အထူး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပ ပေးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အသက် ၃၀ အရွယ် ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောကြားသည်။

“ဒေါ်စုခြံထဲမှာလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ဒါပေမဲ့ ခြံထဲက သတင်းစာ ရှင်းလင်းပွဲက ဘာမေးခွန်းမှ မေးခွင့်မပြုဘူး။ ဒါနဲ့ ခြံပြင်မှာ ဂျပန် သတင်း မီဒီယာတွေက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကို မေးခွန်းတွေ မေးကြတယ်။ ဝန်ကြီးကလည်း စိတ်ရှည်လက်ရှည်နဲ့ လမ်းဘေးမှာပဲ မေးခွန်းတွေကို တစ်ခုပြီးတစ်ခု ဖြေသွားတယ်။ ဂျပန်ဘာသာနဲ့ မေးကြ၊ မြန်းကြ၊ ဖြေကြတာဆိုတော့ ဘာတွေ ပြောသလဲတော့ မသိဘူး။ ဒါပေမဲ့ ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အင်မတန်မှ မီဒီယာတွေကို အလေးထားတာ တွေ့ရသလို သူ့မျက်နှာမှာ ငါဝန်ကြီးပဲ ဆိုတဲ့ မာန်မာန ထားတဲ့စိတ်မျိုး၊ ဟန်ပန်မျိုး မတွေ့ရဘူး။ အချိန်ကလည်း ညအချိန်၊ လမ်းဘေးမှာ။ လုံခြုံရေး အင်မတန် စိုးရိမ်ဖို့ ကောင်းတဲ့ အနေအထားပဲ။ ကားလမ်းပေါ်မှာ လုံခြုံရေးတွေက ရှိနေတယ်။ သတင်းထောက်ကို ဆွဲထုတ်တာမျိုးတွေ ဘာတွေလည်း မတွေ့ရဘူး။ ဝန်ကြီးကို တွေ့ဆုံ မေးမြန်းနေတဲ့ သတင်းထောက် တွေကိုလည်း လုံခြုံရေး ဝန်ထမ်းတွေက ပြဿနာ ရှာတာမျိုးလည်း မရှိဘူး။ သတင်းထောက်တွေ အားလုံး မေးလို့ ပြီးပြီဆိုမှ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ကားထဲကို ဝင်သွားတယ်။ ကားထဲမဝင်ခင် သတင်းထောက်တွေကို အားလုံး လက်ဆွဲ နှုတ်ဆက်သေးတယ်” ဟု အထူး သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် မျက်မြင် တွေ့ကြုံခဲ့ရသော သတင်းထောက်က ရှင်းပြသည်။

ဝါရင့် သတင်းထောက် တစ်ဦးကမူ ၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ကြီးကြောင့် ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်နှင့် အပျက်အစီး များခဲ့ကြောင်း၊ ထိုအချိန် ဂျပန် အစိုးရ ဝန်ကြီးတစ်ဦးက ဒုက္ခသည်များရှိရာ ဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံတစ်ဦးကို မချေမငံ ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကို ဂျပန် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည့် အတွက် ထိုဝန်ကြီးက ဝန်ချ တောင်းပန်ခဲ့ရသည့် အပြင် ရာထူးမှပါ နုတ်ထွက်ပေးခဲ့ရသော ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း၊ စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော အစိုးရတိုင်းသည် သတင်း မီဒီယာများကို အလေးထားပြီး သတင်း လွတ်လပ်ခွင့် ပြုကြောင်း ပြောကြားသည်။ “လမ်းမပေါ်မှာ လုပ်သွားတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲက တကယ့်ကို အတုယူစရာပါ။ သူတို့အစိုးရက ဘယ်လောက် မီဒီယာတွေကို တန်ဖိုး ထားတယ်ဆိုတာ ပြသွားတယ်။ ရှင်းလင်းပွဲ လုပ်တဲ့နေရာက လမ်းဘေး၊ လမ်းဘေးဆိုမှ တကယ့် လမ်းဘေးမှာ လုပ်သွားတာ။ ရောက်တဲ့နေရာမှာ ပကာသနတွေ မပါဘဲ ပေးချင်တဲ့ သတင်း အချက်အလက်တွေကို မီဒီယာတွေက တစ်ဆင့် ပြည်သူတွေဆီ ရောက်အောင် ကြုံသလိုပို့တာ။ ဒီအချက်က ကျွန်တော်တို့ နိုင်ငံက အတုယူရမယ်” ဟု ပြည်တွင်းသတင်း အယ်ဒီတာတစ်ဦးက သုံးသပ် ပြောဆိုသည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။
By The Voice Weekly
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်မှာ လမ်းဘေး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်မှာ လမ်းဘေး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ Reviewed by သစ်ထူးလွင် on 15:53 Rating: 5

No comments:

Powered by Blogger.