လာမည့်
ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အခက်အခဲများ၊ ပြသနာများရှိပါက
မည်သူမဆို NLD၏ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ အတွင်းရေးမှူး( campaign
manager )အဖြစ် ယနေ့ခန့်အပ်ခြင်း ခံရသော ဦးဥာဏ်ဝင်းအား
ကိုယ်တိုင်တွေ့ဆုံ၍ စုံစမ်းမေးမြန်းနိုင်ကြောင်း ၄င်းကပြောသည်။
“ရွေးကောက်ပွဲဆိုင်ရာ မေးလာသမျှတွေကို ဘယ်သူ့ကိုမဆို ဖြေဖို့ လိုအပ်မယ်ထင်ရင် ဖြေသွားပေးမှာပါ။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ မဲလိမ်မှု၊ မသမာမှုတွေကိုတော့ ကြိုမသိနိုင်သေးဘူး။ ဒါပေမယ့် အတွေ့အကြုံအရ သိသလောက် ကာကွယ်ဖို့ စာအုပ်အငယ်စားလေးတွေ ထုတ်ဖို့ လုပ်နေတယ်။ အဆင်သင့်ဖြစ်နေပါပြီ။ ”ဟု ဦးဥာဏ်ဝင်းကပြောသည်။
သတင်းစာရှင်းလင်းပွဲတခုတွင်တွေ့ရသော ဦဥာဏ်ဝင်း
ဖေဖော်ဝါရီလ ၁၀ရက်နေ့နောက်ပိုင်းမှ စပြီး ကြေငြာချက်တရားဝင်ထုတ်ပြန်ကာ မဲဆွယ်စီးရုံးသွားမည်ဟု ၄င်းကပြောသည်။ စာအုပ်ငယ်များ ထုတ်ဝေရာတွင် မဲထည့်ပုံ မဲထည့်နည်းမှအစ ပြည်သူများ သိသင့်သိထိုက်သည်များကို ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သိလိုတာတွေကို ခုချိန်ကစပြီးမေးနိုင်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင် လာမေးတာတော့ ပိုကောင်းတယ် ”ဟု ဦးဥာဏ်ဝင်းကပြောသည်။
ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲနှင့်မတူဘဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း တိတိကျကျလုပ်ဆောင်နေသဖြင့်အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့နိုင်မည်ဟုမထင်ကြောင်း ၄င်းကပြောသည်။
“အခုကြားဖြတ်ရွေးကောက်ပွဲက မျှတမှုရှိမယ်လို့တော့ ယုံကြည်ပါတယ်” ဟု၎င်းက သုံးသပ်ပြောကြားသည်။
ရွေးကောက်ပွဲ ရံပုံငွေနှင့် ပတ်သတ်၍လည်း တရားမ၀င်ငွေဟု ယူဆသော ငွေကြေးမှလွဲ၍ လှူဒါန်းသမျှကို လက်ခံသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၅ရက်နေ့တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး မြန်မာတစ်နိုင်လုံးရှိ ရွေးကောက်ပွဲဝင်နိုင်သည့် လစ်လပ်နေရာ ၄၈ နေရာလုံးမှ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ။
ဇန်န၀ါရီ ၂၆၊ ၂၀၁၂ (YPI)

ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် သိလိုသည်များ ဦးဥာဏ်ဝင်းမှ ဖြေကြားပေးမည်
Reviewed by သစ်ထူးလွင်
on
17:08
Rating:
1 comment:
တိုင်းပြည်ပြင်ပ က လူတွေ မဲထည့်ဖို့ေ၇ာ ဘယ်လိုစီစဉ်ထားပါသလဲ ခင်ဗျ
Post a Comment