ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သဲတော် ရဲဘက်အကျဉ်းစခန်းမှ ထောင်သားများအား ထောင်အာဏာပိုင်များက ပုဂ္ဂလိက ပြင်ပ လုပ်ငန်းများတွင် နေ့စား အလုပ်သမားများ အဖြစ် ဌားရမ်းနေကြောင်း သိရသည်။


Burma-Prisoners-Walking ရဲဘက်စခန်းတွင် ထောင်သားများကို ယခုလို အလုပ်ကြမ်းစေခိုင်းသည်။
" ကျွန်တော်တို့ဆီမှာ လယ်ယာအလုပ်တွေကို လုပ်ဖို့ အလုပ်သမားတွေ ရှားပါးနေတော့ ထောင်သားတွေကိုဘဲ နေ့တွက် ပေးပြီး ဌားနေကြရပါတယ်။ နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိ ထောင်သား တစ်ဦးကို ၂၀၀၀ ကျပ် ပေးရပါတယ်။ ထမင်းတော့ ကျွန်တော်တို့ ကျွေးပါတယ်။ အခု လောလောဆယ်တော့ စပါးရိတ်တာနဲ့ စပါးသယ်တဲ့ နေရာမှာဘဲ သူတို့ကို ဌားပြီး ခိုင်းရတာ ဖြစ်ပါတယ် " ဟု သဲတော်ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ပုဏ္ဍားကျွန်းမြို့နယ် သဲတော်တွင် ရဲဘက်စခန်းဖွင့်ထားပြီး စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းထောင်များမှ လွတ်ရက်စေ့ခါနီး အကျဉ်းသားများကို ခေါ်ယူပြီး အလုပ်များ ခိုင်းစေနေခြင်း ဖြစ်သည်။

" ခိုင်းနေတဲ့ ထောင်အရာရှိကတော့ ဦးဝင်းမောင် ဖြစ်ပါတယ်။ ထောင်သား ၅၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ သူတို့ကို အပြင်က လယ်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဌားရမ်းသလို အပြင် အလုပ်မရှိတဲ့ အခါ ထောင်သားတွေက ထင်းခုတ်ကြတာကို တွေ့ပါတယ်။ ထင်းတွေကို ဒေသ အနီးတ၀ိုက်က မြို့တွေကို တင်ပို့တယ်။ ထောင်ရံပုံငွေအတွက် လာလုပ်တယ်လို့ သူတို့က ပြောပါတယ် " ဟု သူက ဆက်ပြောသည်။

အကျဉ်းသားများကို စစ်တွေနှင့် ဘူးသီးတောင်ထောင်များမှ သုံးလ တကြိမ် အရွှေ့အပြောင်း လုပ်ပြီး ထောင်သားများကို ထောင်အာဏာပိုင်များက မိမိကိုယ်ကျိုးအတွက် အပြင်သို့ နေ့စား လုပ်သားများ အဖြစ် ဌားရမ်းနေခြင်း ဖြစ်သည်။ 


ခိုင်သိန်း (နိရဉ္စရာ)
ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ Reviewed by သစ်ထူးလွင် on 17:04 Rating: 5

No comments:

Powered by Blogger.