၈၈မျိုးဆက်ကျောင်းသား အံ့ဖွယ်ကျော်နှင့် တွေ့ဆုံခြင်း


ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၊ ၈၈မျိုးဆက်သစ် ကျောင်းသား ကိုအံ့ဖွယ်ကျော်သည် ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်တို့နှင့်အတူ ကိုဖုန်းမော်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။
 
ထို့ပြင် ကိုအံ့ဖွယ်ကျော်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင်း လေးကြိမ်တိုင် အထိန်းသိမ်းခံခဲ့ရဖူးပြီး ၂၀၀၇ခုနှစ်သြဂုတ်လ ၂၁ရက်နေ့တွင် နောက်ဆုံးကြိမ်အဖမ်းခံရပြီး အဖမ်းခံရစဉ်ကာလတွင် အသက် (၂၃)နှစ် အရွယ်ရှိပြီး မြန်မာစာ နောက်ဆုံးနှစ် တက်နေသော ကျောင်းသား တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
 မေး။            ။ ခုနောက်ဆုံးအခေါက်ကို ဘယ်လိုထိန်းသိမ်းခံရတာလဲ ပြောပါဦး။
ဖြေ။            ။ နောက်ဆုံးအခေါက်ဖမ်းခံရတာတော့ ကျွန်တော်တို့ ၈၈မျိုးဆက်တွေ အားလုံးကို တစ်ညတည်း တစ်ချိန်တည်းမှာ ပြည်ထဲရေးရုံးကို ခေါ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့ကို ရဲတပ်ရင်းတွေမှာခွဲပြီး ပို့ထားတယ် ၊ ကျွန်တော်ဆိုရင် ရဲတပ်ရင်း(၈)ကို ရောက်တယ် ရောက်ပြီး
နောက်တစ်နေ့ကျတော့ အင်းစိန် ထောင်ကိုပို့လိုက်တာပေါ့။ အင်းစိန်ထောင်မှာ စစ်ကြောရေးစတာ ပေါ့။

မေး။            ။ စစ်ကြောရေးစပြီးတော့ အကို့ကို တရားရုံးကနေ အမိန့်ချတာလား ၊
ဘယ်ကနေ အမိန့်ချလဲ။

ဖြေ။            ။ အမိန့်ချတာကြတော့ ကျွန်တော်တို့ကို တရားဆွဲဖို့လုပ်တာကိုက သုံးလေးလ လောက်ကြာ တယ်။ ကြာပြီးတဲ့နောက်မှာ တရားဆွဲထားပြီဆိုပြီးတော့ ရုံးမထုတ်တာ တစ်နှစ် လောက်ကြာတယ်။ ၂၀၀၈ ခုနှစ် ထဲရောက်သွားတယ်။ ရုံးထုတ်ပြီးအကျဉ်းချုံးနဲ့ အမြန်ဆုံး အမိန့်ချလိုက်တာကတော့ ၂၀၀၈ နိုဝင်ဘာ (၁၁) ရက် နေ့မှာပေါ့။

မေး။            ။ ဘာအမှုနဲ့ချတာပါလဲ။

ဖြေ။            ။ ကျွန်တော့်ကိုချတဲ့အမှုတွေကတော့ အီလက်ထရောနစ် ဆိုပြီးတော့ အင်တာနက် နဲ့ ဆက်သွယ်တဲ့ကိစ္စ အီလက်ထရောနစ်ပုဒ်မ (၃၃) ဆိုပြီး အဲ့ဒါနဲ့ (၄)မှု ၊ ပြီးတော့ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ (၆) ဆိုပြီးတော့ တစ်မှုဆိုပြီး တစ်မှု စုစုပေါင်း (၆၅)နှစ် ၊ အီလက်ထရောနစ် ပုဒ်မတွေက တစ်မှုကို (၁၅)နှစ်ဆီနဲ့ စုစုပေါင်း နှစ်(၆၀)  တရားမ၀င်အသင်းအဖွဲ့က (၅)နှစ် ခုနက တရားမ၀င် အသင်းအဖွဲ့ဆို တာ ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားများ လှုပ်ရှားမှု အမှန်ကတော့ အဖွဲ့ဆိုတာထက် ကျွန်တော်တို့ သူငယ်ချင်းတွေဟာ အရင်ကတည်းကိုက တစ်ယောက်အကြောင်း တစ်ယောက် နားလည်တဲ့အတွက် အဖွဲ့အစည်းထက် ပိုပြီး လှုပ်ရှားလို့ရတယ်။ အဲဒီတုန်းက အဖွဲ့ဆိုတာထက် ၈၈ တုန်းကရှိနေတဲ့သူတွေအားလုံး လက်တွဲပြီးလုပ်ကြတယ် အဲဒီဟာကို သူတို့က အသင်းအဖွဲ့ဆိုပြီးတော့ အသင်းအဖွဲ့ ပုဒ်မချလိုက်တယ်။

မေး။            ။ ခုသမ္မတကြီးဦးသိန်းစိန်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။            ။ လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ နိုင်ငံရေးသဘောကို နိုင်ငံရေးနည်းနဲ့ ပြေလည်သွား ရင်တော့ ကောင်းတာပေါ့။ ခုလဲ အတတ်နိုင်ဆုံး ဖြေလျှော့တဲ့သဘောတွေလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကိုလွှတ်ပေးတဲ့အပေါ်မှာတော့ ဒါ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့က
(၄၀၁/၁) နဲ့ပေါ့ ကျွန်တော်တို့ကို ကြွေးကျန်ဆိုပြီးတော့ လွှတ်ချလိုက်တာပေါ့။ တကယ်ကတော့ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို နိုင်ငံရေးသမား အဖြစ် သတ်သတ်မှတ်မှတ် အသိအမှတ်ပြုပြီးတော့
နိုင်ငံရေးသမားတွေ အရင် စစ်အုပ်ချုပ်ရေးခေတ်တုန်းက နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို နိုင်ငံရေးသမားတွေ အဖြစ် သတ်မှတ်ပြီး ခုအရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေအဖြစ် လွှတ်ပေးမယ်ဆို ပိုပြီးတော့ တန်ဖိုးရှိမယ်။ အစိုးရအတွက်လဲ ပြည်သူတွေရော နောက်ပြီး နိုင်ငံရေး လှုပ်ရှားကြသူတွေရော ယုံကြည်မှု ပိုရလာမယ်။

မေး။            ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ပေါ်မှာရော အကိုဘယ်လိုမြင်လဲ။

ဖြေ။            ။ လက်ရှိအစိုးရနဲ့ လွှတ်တော်အပေါ်ကတော့ ကျွန်တော် အထဲမှာသတင်းစာဖတ်ရတယ် ဂျာနယ် ဖတ်ရတယ်။ အဲဒီအပေါ်မူတည်ပြီးတော့ ဒါအသွင်ကူးပြောင်းရေးကာလမှာ သိပ်ပြီးတော့ စမ်းသပ်ဆဲ လွှတ်တော်စံနပ် ကလေးလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေ။             ။ အခု ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်တို့လွတ်လာပြီ အကိုလဲ ပြန်လွတ်လာပြီဆိုတော့ အပြင်မှာ ၈၈မျိုးဆက်ကျောင်းသားတွေ တော်တော်စုံသွားပြီပေါ့ ။ အဲဒီတော့ ဒီအစုအဖွဲ့ကို ပြန်ဖွဲ့စည်းပြီးတော့ ရှေ့လျှောက်ရော နိုင်ငံရေးလုပ်သွားဖို့ အစီအစဉ်ရှိပါလား။

ဖြေ။            ။ ခုကျွန်တော်တို့လုပ်ခဲ့တာလဲ နိုင်ငံရေးလုပ်ခဲ့တယ် ၊ စဉ်ဆက်မပျက် လုပ်ခဲ့တယ်။ ထောင်တွေလဲကျခဲ့တယ်။ နောက်နောင်တော့ နှစ်ဦးနှစ်ဖက် အစိုးရဖက်ကရော ကျန်တဲ့ နိုင်ငံရေး ဒီမိုကရက်တစ် အင်အားစုတွေဖက်ကရော နှစ်ဦးနှစ်ဖက်က နိုင်ငံ့အကျိုးကို အတူတူရှေးရှု့နိုင်တယ် ဆိုရင်တော့ ဒီလို လုံးလည်ချာလည်လိုက်နေတဲ့ ထောင်ထဲ ထည့်လိုက်ဦးဟ ပြီးရင် ပြန်ဖြေ လျှော့လိုက်ဦးဟ ပြီးရင် ဖမ်းလိုက်ဦးဟ ဖြေလျှော့လိုက်ဦးဟနဲ့ လုံးလည်လိုက်နေတဲ့ ကိစ္စကြီးကတော့ ကင်းလွတ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ၈၈တွေ
မကြာခင်ပြန်ဆုံပါမယ်။ ဆုံပြီးတဲ့အခါကျတော့ တိကျခိုင်မာတဲ့ ကျွန်တော်တို့ရဲ့ ရှေ့ဆက်သွားမယ့် မူတစ်ရပ်ကို ပြောနိုင်ပါလိမ့်မယ်။ ခုချိန်မှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေ
ဘယ်တစ်ဦး တစ်ယောက်နဲ့မှလဲ မတွေ့ရသေးဘူး လွတ်လာတာလဲ ဟိုနေ့ကမှထောင်ကလွတ်လာတာ ဖြစ်လို့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ဆိုတာကတော့ ကျွန်တော် နိုင်ငံရေးဆက် လုပ်မယ်။ နိုင်ငံရေး ၊ လူမှုရေးကိစ္စတွေနဲ့ပတ်သတ်တဲ့ စာပေတွေကို ကျွန်တော်ရေးသွားမှာ ဖြစ်ပါတယ်။

မေး။             ။ အကိုလွတ်မယ်ဆိုတာရော ကြိုတင်အကြောင်းကြားထားတာမျိုးရှိလား။
ဖြေ။            ။ ဒီတစ်ခါလွတ်တာမှာ ကြိုအကြောင်းကြားခြင်းမရှိပါဘူး။ ကျွန်တော်တို့ တီဗွီကြည့်ခွင့် မရဘူး ၊ သို့ပေမဲ့ တီဗွီကလာတဲ့ သတင်းကို အသံလွှင့်ပေးတယ်။ လွှင့်ပေးတဲ့ အခါမှာ သမ္မတကြီး ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ချက်ဆိုတဲ့အခါမှာ သူကတော့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုများမှာ အားလုံး ပါဝင်နိုင်ရေး ဆိုတာ ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ လွတ်မြောက်နိုင်တယ် ၊နိုင်ငံရေးသမားတွေကို နိုင်ငံရေး သိက္ခာနဲ့အညီ လွတ်မြောက်တော့မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ သို့ပေမယ့် အဲ့ဒီ ကြေငြာချက် အဆုံးမှာတော့ (၄၀၁/၁)နဲ့ လွတ်တယ်ဆိုတဲ့ ကျွန်တော်တို့ကို ကြွေးကျန်အနေနဲ့ ပြစ်ဒဏ်တွေကို ကြွေးကျန် အနေနဲ့ထားခဲ့ပြီးတော့ လွတ်လာပါတယ်။ ဒီဥစ္စာကလဲ အရင့်အရင် တပ်မတော် အစိုးရလက်ထက်မှာ ကြွေးကျန် အနေနဲ့ အဲဒီလိုပဲ လွှတ်ပေးခဲ့တာလေးတွေ ရှိပါတယ်။ လွှတ်ပေးတဲ့အခါမှာလဲ ဒီဟာကြွေးကျန်တယ်ဆိုတဲ့ အကြောင်းကို သူတို့က ဒီဥပဒေက ဒီလိုဆိုတာကိုရှင်းပြတယ်။ လက်မှတ်တော့ထိုးခဲ့ရတာမရှိပါဘူး။ အပြင်မှာ ပြစ်ဒဏ်တစ်ရပ်ရပ်အရ
အရေးယူခံရရင် ဒီကျန်ရှိနေတဲ့ ပြစ်ဒဏ်ပါပေါင်းခံရမယ်ဆိုတဲ့ပုံစံမျိုးပါ။

မေး။            ။ အပြင်မှာတော့သတင်းတွေက အမျိုးစုံပါပဲ ၊ကျွန်တော်တို့ကြားဖူးတာ ကတော့ ၈၈မျိုးဆက် ကျောင်းသား တွေက သဘောထားတင်းမာတယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြားဖူးတယ်။ အဲဒါကိုရော အကို့အနေ နဲ့ ဘယ်လို သုံးသပ်မလဲ။

ဖြေ။            ။ ခက်တယ်ဗျ။ ဒီဥစ္စာက တစ်ဖက်ပေါ့နော် အရင်ခေတ်တုန်းက ဒီကိစ္စပြောရမှာ နည်းနည်း ရှည်လျားပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာကတည်းကိုက တပ်မတော် အစိုးရ ကလဲ ကျောင်းသားတွေဟာ အစွန်းရောက်ဖြစ်တယ် သဘောမျိုး အမြင်မျိုးရှိသလို အချို့သော ပါတီတွေကလည်း ကျွန်တော်တို့ကို ကျောင်းသားတွေဟာ အစွန်းရောက်တယ်ဆိုတဲ့ သဘောမျိုးတွေ မြင်တာရှိတယ်။ ဒါပေမဲ့ ကျောင်းသားတိုင်း အစွန်းရောက်တာတော့ မဟုတ်ပါဘူး။တစ်ချို့တွေကတော့ စိတ်ခံစားမှုအရ လုပ်ခဲ့ကြတာရှိတယ်။ ကျွန်တော် တို့လဲ ဒီ (၈၈) မတ်လ ဖုန်းမော်ကိစ္စမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ သတင်းထုတ်ပြန်မှုတွေ ဆုံးဖြတ်မှုတွေ ကြောင့်မို့လို့ ကျွန်တော်တို့တွေ
ဒီမိုကရေစီစတောင်းပြီးတော့လုပ်လာခဲ့တာဟာ စိတ်ခံစားမှုလဲပါသလို နိုင်ငံရေး အသိတစ်ရပ်လဲ ပါတယ်။ အဲ .. နောက်ပိုင်းကျွန်တော်တို့ အသက်အရွယ်လဲ ရင့်လာတာနဲ့ အမျှ ကျွန်တော်တို့မှာ စိတ်ခံစားမှုထက် ကျွန်တော်တို့မှာ ဆင်ခြင်တုံတရားတွေနဲ့ နိုင်ငံရေးကို အများကြီးကျွန်တော်တို့ အစွန်းရောက်တဲ့ နိုင်ငံရေးမျိုးမဟုတ်တဲ့ နည်းတွေနဲ့ သုံးစွဲခဲ့တယ်။ အဲဒီမှာဘာတွေလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုပဲ ဦးတည်တဲ့လှုပ်ရှားမှုကိုပဲ ၈၈မျိုးဆက်သစ်ကျောင်းသားတွေ ဟာစတင်ပြီးတော့ လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုတို့ ၊ ဆုတောင်းပွဲပြုလုပ်တာတို့ ၊အဖြူရောင် လှုပ်ရှားမှုတို့နဲ့ စခဲ့တယ်ဆိုတာ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

မေး။            ။ လွတ်လာတဲ့အပေါ်မှာရော လွှတ်တော်ထဲသွားမယ့်နိုင်ငံရေးလုပ်မှာလား
ဒီလို Campaign တွေနဲ့ လှုပ်ရှားမှုတွေပဲ လုပ်မှာလား။

ဖြေ။            ။ Campaign တွေလုပ်တဲ့ လှုပ်ရှားမှုဆိုတာကတော့ ၊ လိုအပ်တဲ့ အခြေအနေ အချိန် အခါမှာ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ မရှိသေးဘူးလို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ထင်တာလဲ မှားချင် မှားနေနိုင်ပါတယ်။ ကျွန်တော်ဟာ ထောင်ထဲမှာ လေးနှစ် ကျော်နေခဲ့ရတဲ့ လူတစ်ယောက်ဖြစ်တယ်။ ကျွန်တော့်မှာ စာတွေ့ အသိပဲ ရှိတယ်။ ကိုယ်တွေ့ထိတွေ့ရတဲ့ ဆက်ဆံရတဲ့အနေထားမျိုးတွေ ခုချိန်ထိမရှိသေးဘူး။ မနေ့ကမှ လွတ်လာတာဆိုတော့ အဲဒီအတွက် ကျွန်တ်ာရဲ့ သုံးသပ်ချက်အချို့ဟာ မှားနေနိုင်တယ် ဆိုတဲ့အတွက် ကျွန်တော် ကြိုတော့ မပြောနိုင်သေးပါဘူး။ သေချာတာ ကတော့ လွှတ်တော်နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာလဲ ရှိနေမှာပါပဲ။ တခြားမကြည့်ပါနဲ့ ပြီးခဲ့တဲ့ ဧရာဝတီကိစ္စ မြစ်ဆုံကိစ္စဆိုရင် လွှတ်တော်တွင်းကိစ္စတင်မကပါဘူး လွှတ်တော်ပြင်ပကပါ လှုပ်ရှားတောင်းဆိုမှု တွေကြောင့်မို့လို့ ထိရောက်ခဲ့တယ်လို့ ကျွန်တော်ကအဲဒီလိုကောက်ချက် ဆွဲယူပါတယ်။

မေး။            ။ အကိုတို့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် သွားနေတဲ့လမ်းကြောင်းက
ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းနဲ့ အတူတူသွားနိုင်တယ်လို့
အကိုထင်လား ။ ဒါမှမဟုတ် သူ့ရဲ့ဦးဆောင်မှုကပဲ သီးသန့် ဖြစ်နေတယ်လို့ထင်လား။

ဖြေ။            ။ အဲဒီလိုတော့ သီးသန့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေရဲ့ အဦးဆုံး အစောဆုံးကတည်းကိုက ကျွန်တော်တို့ တောင်းဆိုခဲ့တာက ပြန်လည် သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရေး ၊ တွေ့ဆုံဆွေးနွေးရေးမှာလဲ ပထမဆုံးကတော့ ဖြစ်နိုင်မယ်ဆိုရင်
သုံးပွင့်ဆိုင်ပေါ့ဗျာ တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်တို့က ဟိုးအစောကတည်းကိုက ကျွန်တော်တို့ တောင်းဆိုခဲ့တယ်။ အနိမ့်ဆုံး အဆင့် အရင်ဆုံး ဒီနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းပေါ့လေ အကြီးအကဲတွေနဲ့ ဒေါ်စုနဲ့ တွေ့ဆုံဖို့ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ ဆိုတဲ့ဟာကို ဟိုးအဦးအစ ကတည်းကိုက ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ ခုလဲ နှစ်ဦးနှစ်ဖက် အတတ်နိုင်ဆုံးဖေါ်ဆောင်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် ကျွန်တော်တို့တွေရဲ့သဘောထား ၊ မင်းကိုနိုင်ရဲ့သဘောထားနဲ့
ကွဲပြားသွားတယ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

မေး။            ။ တပ်မတော်အစိုးရလက်ထက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့
ငြိမ်းချမ်းရေးရအောင် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်လွတ်လာ တာကိုရော ဘယ်လိုမြင်လဲ
ဖြေ။            ။ အများကြီးကောင်းပါတယ် ၊ ကျွန်တော်လဲ အကျဉ်းထောင်ထဲမှာလဲ ဒီ
တစ်ခြားသော ထောက်လှန်းရေးက ဗိုလ်မှူးကြီးတွေနဲ့ သိခဲ့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ပေါ့လေ သူတို့တွေဟာလဲ တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မသင့်တဲ့ကိစ္စမျိုးကနေ ဖြစ်ခဲ့ရတယ်လို့ကျွန်တော်ကတော့ သုံးသပ်မိတဲ့အတွက် ဒီလို အခြေအနေမျိုးမှာ အားလုံးပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွှတ်ပေးလိုက်ခြင်း ထောက်လှန်းရေးတွေကို လွှတ်ပေးလိုက်ခြင်း ဟာလဲ နိုင်ငံရဲ့ ရှေ့လျှောက်သွားမဲ့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ အထောက်အကူ အများကြီးပြုမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး။            ။ အကိုထောင်ထဲမှာ နေရတဲ့အချိန်မှာ တွေ့ကြုံရတဲ့ အခက်အခဲလေးတွေကို ပြောပြပေးပါ။
 
ဖြေ။            ။ အကျဉ်းချုံးပြောရမယ်ဆိုရင် ကျွန်တော်တို့တစ်တွေကို စစ်ကြောတဲ့ အခါမှာ နည်းနည်း ပြင်းထန်တယ် ။ Breakdown ဆွဲပြီးတော့ စစ်ကြောတဲ့အခါတွေမှာ ကျွန်တော်လဲ သတိလစ်တာ မျိုးအခြေအနေတွေကြုံခဲ့ရတာတွေရှိတယ်။ နိုင်ငံရေးအရ ကျွန်တ်ာတို့ဟာ အဲဒီအချိန်မှာကျွန်တော် ဖြေခဲ့တဲ့ အခြေနေ မျိုးအရ ကျွန်တော်တို့ဟာ စိတ်ကောင်းစေတနာနဲ့ NLD နဲ့ တပ်မတော်အစိုးရ ညှိနှိုင်းဖို့အတွက် တတ်နိုင်တဲ့ ဖက်က ကျွန်တော်တို့ကြားကနေ တွန်းအားပေးခဲ့တာဖြစ်တယ်။
အဲဒီတွန်းအားပေးခဲ့တဲ့ အခြေအနေတုန်းက ဒါလုံးဝမဖြစ်နိုင်ဘူး ၊မင်းတို့လုပ်တာ အရူးလုပ်ကွက်ဆိုတဲ့ သဘောမျိုး အမြင်မျိုးရှိခဲ့တာကို ကျွန်တော်တို့ အဲဒီအချိန်တုန်းကပြန်သိခဲ့ရတယ်။ ယခုဒီနေ့ အခြေအနေ မှာတော့ ကျွန်တော်တို့တွန်းအားပေးခဲ့တဲ့အခြေအနေကို လမ်းကြောင်းပေးခဲ့တဲ့ အခြေအနေကို ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီအခြေနေတုန်းက ကျွန်တော့စိတ်မှာ ခံစားခဲ့ရတဲ့ ကျွန်တော့်ကိုတုန့်ပြန်ခဲ့တဲ့ ကျွန်တော့်ကို စစ်ကြောရေးတွေသုံးသပ်ခဲ့တဲ့ အဲဒီအချိန်တုန်းကတော့
ကျွန်တော်တို့လုပ်ရပ်တွေဟာ အရူးလုပ်ရပ်တွေလို့ပြောပေမဲ့ ဒီနေ့ချိန်တွေဟာ ကျွန်တော်တို့ တွန်းအားပေးခဲ့တဲ့အတိုင်း မျက်ဝါးထင်ထင်ဖြစ်လာပြီဆိုတဲ့အခါကြတော့ ဘာပဲပြောပြော သူတို့အနေနဲ့လဲ အမြင်မှန်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တခြားထောင်တွင်း အခြေအနေနဲ့ ပတ်သတ်လို့ ယခင်ရှစ်နှစ်ကျော် ဖြတ်သန်း မှုရဲ့ကာလနဲ့စာရင် ခုဖြတ်သန်းခဲ့တဲ့ လေးနှစ်နဲ့
ငါးလကာလကတော့ သက်တောင့်သက်သာ ရှိတယ် ၊ စာဖတ်ခွင့်ရတာပေါ့ဗျာ ကျွန်တော်တို့ သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရပါတယ် ၊ ပြီးတော့ထောင်တွင်း နေထိုင်ရခြင်းတွေဟာလဲ လွန်ခဲ့တဲ့ ၁၀နှစ်ထက်တိုးတက်လာပါတယ်။

မေး။            ။ နောက်ဆုံးဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ။            ။ ကျွန်တော့်အနေနဲ့ကတော့ ခုချိန်က ထောင်ကခုမှ ထွက်လာတဲ့ အခြေအနေဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ၊ ကျွန်တော်ဟာ ထောင်ထဲမှာ သတင်းစာမှာဖတ်ခဲ့ရသလောက် ဂျာနယ်တွေမှာ ဖတ်ခဲ့ရ သလောက် စာသိပဲရှိပါတယ်။ အဲတော့ ကျွန်တော် အပြင်ရောက်ပြီး နိုင်ငံရေးထိတွေ့ မှုတွေရှိတော့မှ တကယ့် ကိုယ်တွေ့ကျနော့်ရဲ့သုံးသပ်မှု နောက်တစ်ခါ ကျွန်တော့်ရဲ့သူငယ်ချင်းတွေနဲ့
အားလုံးပြန်လည်တွေ့ဆုံ ဆွေးနွေး ပြီးတဲ့အခါကျမှ ကျနော်တို့ရဲ့ မူသဘောထား အဲဒီဥစ္စာာကိုတော့ အဲဒီကျမှ တိတိကျကျပြောနိုင်ပါလိမ့် မယ်။ ခုချိန်မှာ တော့ ကျနော်ပြောတဲ့ဟာတွေက ကျွန်တော် တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့သာပြောခြင်းဖြစ်ပါ တယ်။ ကျွန်တော်တစ်ဦးတည်းနဲ့သာပတ်သက် ပါတယ်။ ကျွန်တော်ပြောသွားခဲ့သမျှဟာ ၈၈မျိုးဆက် ကျောင်းသားများ အားလုံး ကိုယ်စားပြုထားပြီး ပြောခြင်းမဟုတ်ပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
 
မေးခွန်းများကို ဖြေကြားပေးခဲ့တဲ့ ကိုအံ့ဖွယ်ကျော်ကို ကျေးဇူးတင်ပါတယ်။

မင်းမင်းလတ်(ရွှေမြစ်မခ)
၈၈မျိုးဆက်ကျောင်းသား အံ့ဖွယ်ကျော်နှင့် တွေ့ဆုံခြင်း ၈၈မျိုးဆက်ကျောင်းသား အံ့ဖွယ်ကျော်နှင့် တွေ့ဆုံခြင်း Reviewed by သစ်ထူးလွင် on 18:36 Rating: 5

No comments:

Powered by Blogger.