ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည်

တိုင်းရင်းသား ညီနောင် ၅ ပါတီ အစည်းအဝေး
ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားညီနောင် ၅ ပါတီအနက် ၂ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင် ၂ ပါတီမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များ ဖြစ်သည့် ကလော၊ လားရှိုး၊ နှင့် မိုးကောင်း ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၅ ရွေးကောက်ပွဲကျင်းပသည့်အချိန်မှပင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မွန်ဒေသဆုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် မော်လမြိုင်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်အား ဇန်နဝါရီလ ၈ ရက်နေ့တွင် အစည်းအဝေးထိုင်၍ ရွေးချယ်သွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ညီနောင်ပါတီ(၅)ပါတီထဲမှ ပါတီ (၂)ခုသာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းမှာ ကျန်ညီနောင်ပါတီ(၃)ခု၏ ဒေသများတွင် လစ်လပ် မဲဆန္ဒနယ်များ မရှိသည့်အတွက်ကြောင့်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ညီနောင်ပါတီ(၂)ခုအတွက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ညီနောင်ပါတီ(၅) ခုမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ဖြစ်ကြောင်း မြန်မာပို့ စ် သတင်းအရ သိရသည်။

By: သစ်ထူးလွင်

ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည် ကြားဖြတ်ရွေးကောက်ပွဲ ညီနောင် ၂ ပါတီသာ ဝင်ရောက်မည် Reviewed by သစ်ထူးလွင် on 08:14 Rating: 5

No comments:

Powered by Blogger.