ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်
အမေရိကန်ပြည်ထောင်စု၏မူဝါဒ အပြောင်းအလဲအရှိန်တက်နေချိန်တွင်
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံကိုယ်စားလှယ်နှင့်မူဝါဒရေးရာ
ညှိနှိုင်းရေးမှူးမစ္စတာဒဲရက်မစ်ချယ် ကို ဇန်န၀ါရီလခရီးစဉ်အတွင်း
ဆောင်းပါးရှင်ရဲနိုင်မိုးက 7Day News ဂျာနယ်ကိုယ်စားပြု၍ ဇန်န၀ါရီ ၁၂ ရက်က
တစ်ဦးချင်း တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဒီတစ်ခေါက် (မြန်မာနိုင်ငံ)လာတဲ့ အဓိကရည်ရွယ်ချက်နဲ့ နေပြည်တော်မှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို မေးရင်းစပါရစေ။
နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြီးခဲ့တဲ့လတုန်းကလာခဲ့ပြီး နောက်ပိုင်းမှာ ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးခရီးစဉ်ပါ။ ရည်ရွယ်ချက်ကတော့ ၀န်ကြီးရဲ့ခရီးစဉ်မှာတုန်းက ကျွန်တော်တို့လုပ်ပါမယ်လို့ ကြေညာခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ပါပဲ။ ဒါကြောင့် ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့နဲ့ ဆက်လက်ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ရော ရန်ကုန်မှာရှိတဲ့ တခြားအဖွဲ့တွေနဲ့ပါနက်နက်နဲနဲဆွေးနွေးဖို့ ဒီကိုပြန်လာချင်ခဲ့တာပါ။ ဒီနှစ်သစ်ကူးအချိန်မှာ နောက်ခြောက်လ (သို့မဟုတ်) တစ်နှစ်အတွင်း ဆက်ဆံရေးတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ကျွန်တော်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ အမြင်တွေ စိတ်ကူးတွေရဖို့ ပြန်လာချင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးငါးလအတွင်းမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေရခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ ၀န်ကြီးရဲ့ခရီးစဉ်ဟာ အလွန်အောင်မြင်တဲ့ ခရီးစဉ်လို့ရှုမြင်ပြီး အပြန်အလှန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာမှုရဲ့  အဖွင့်နိဒါန်းလည်းဖြစ်ပါတယ်။
အားလုံးကိုခြုံကြည့်ပြီး ဒီတစ်ခေါက် ခင်ဗျားဘယ်လိုမြင်သလဲဆိုတာပြောပြပါလား။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားနောက်ဆုံးတစ်ခေါက်လာအပြီးမှာ နိုင်ငံတကာကခေါင်းဆောင်တချို့လည်း ဒီကိုလာသွားခဲ့တယ်။ မကြာသေးမီကလည်း လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ အငြင်းပွားစရာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ကြားရတာတွေအပေါ်မှာ အခြေခံပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော် အခုထက်ထိအားရနေတုန်းပါပဲ။ ဒီတစ်ပတ်အတွင်းမှာ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေနဲ့လုပ်ကိုင်ဖို့ အခြေအနေတွေကို အနည်းဆုံး ဒီရန်ကုန်မှာတော့တွေ့နေရပါတယ်။ ရုပ်ရှင်ပွဲတော်နဲ့ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့တာလည်း တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဒါကိုလည်း အစိုးရဘက်က လက်ခံပြီးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲရာသီရောက်ပြီမို့ သူတို့ကြားဖြတ်ရွေးကောက်ပွဲဝင်မှာပါ။ ဆိုတော့ ပြုပြင်ပြောင်းလဲမှုကိုရှေးရှုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ ဖြစ်လာမယ်လို့ထင်ပြီး ဖြစ်မလာသေးတဲ့အရာတွေလည်းရှိပါတယ်။ ဒီ့ထက်ပိုများပြားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်ကကြားရတဲ့ သတင်းအရတော့ရှေ့မှာ ဒီ့ထက်ပိုပြီး လွှတ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ပါဦးမယ်။ (မှတ်ချက်-ယခုအင်တာဗျူးမှာ ဇန်န၀ါရီ ၁၂ ရက်ညနေတွင် ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့် သတင်းမကြေညာမီက ဖြစ်သည်ကို သတိပြုစေလိုပါသည်)
မကြာသေးမီက အင်တာဗျူးတစ်ခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဟန့်တားကောင်း ဟန့်တားနိုင်တယ်လို့ပြောခဲ့ပါတယ်။ (ဒီလိုပြောခဲ့လို့) လူတော်တော်များများက ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုမြင်သလဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ခဲ့ပါတယ်။ ဒီမနက် ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာ ဒီအကြောင်းကို ပြောဖြစ်ခဲ့ပါသလား။
ကျွန်တော်တို့ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေက အများကြီးပါပဲ။ နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အကြောင်းအရာစုံဆိုပါတော့။ တပ်မတော်နဲ့ ကျွန်တော်တွေ့ခဲ့ပြီးပြီဆိုတာ သူမကို ကျွန်တော်ပြောပြခဲ့ပါတယ်။ နေပြည်တော်မှာတုန်းက ကျွန်တော်ကာကွယ်ရေးဝန်ကြီးကိုတွေ့ခဲ့ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ကိုလည်းကျွန်တော်အရင်တစ်ခေါက် က တွေ့ခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေက အခြေအနေတွေ၊ အထူးသဖြင့် ကချင်ဒေသနဲ့ ဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ရဲ့အပြန်အလှန် စိုးရိမ်မှုတွေကို
လည်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စဟာ ခင်ဗျားသိတဲ့အတိုင်းပဲ အရမ်းအရမ်းကို အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးလုပ်ခွင့်သာမှုအပေါ်မှာ အနက်အဓိပ္ပာယ်ဖွင့်မယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့စိန်ခေါ်မှုကို တကယ်အနက်အဓိပ္ပာယ်ဖွင့်မယ့်ကိစ္စလို့ ကျွန်တော်တို့ နှစ်ဦးလုံး ညီတူညာတူမြင်တာကတော့ တိုင်းရင်းသားလူနည်းစုရေးရာ ကိစ္စပါပဲ။ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ရေရှည်တည်တံ့မယ့် နိုင်ငံရေးအရ ဖြေရှင်းမှုကို ဖော်ဆောင်နိုင်ရေးနဲ့ ကချင်၊ ကရင်နဲ့ အခြားတိုင်းရင်းသား လူနည်းစုဒေသတွေမှာ သွေးထွက်သံယိုမှုတွေကို ရပ်စဲနိုင်ဖို့ဖြစ်ပါ တယ်။ ဒီတိုင်းပြည်ရဲ့ အနာဂတ်ကို အဓိပ္ပာယ်ဖွင့်ဆိုမှာက ဒီကိစ္စပဲလို့ ကျွန်တော်တို့နှစ်ဦးစလုံး သဘောတူယုံကြည်ကြပါတယ်။အဲဒီတော့ အတိုင်းအတာတစ်ခုအထိ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပြဋ္ဌာန်းထားတယ်၊ တိုင်းရင်းသား လူနည်းစုဒေသရေးရာကိစ္စတွေဖြေရှင်းရမှာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်၊ အနည်းဆုံးတော့ တိုင်းရင်း သားဒေသတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ချဉ်းကပ်ဖို့ရာမှာလည်း အရေးပါတယ်။ ပြီးတော့ ပါလီမန်ထဲမှာလည်း သူတို့အတွက် နေရာရှိတယ်၊ (ဆိုရင်) သူတို့ရဲ့အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ်မှာ သူတို့ဘယ်လိုမြင်သလဲဆိုတာကို မေးကြည့်ကြဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်နဲ့ စကားပြောတုန်းကတော့ အထွေထွေပြုပြင်ပြောင်းလဲ ရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအပေါ်မှာ သူတို့ သံနိဋ္ဌာန်ရှိတယ်လို့ ပြောပြခဲ့ကြပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ သမ္မတရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း သူတို့အသိအမှတ်ပြုကြပါ တယ်။ အနာဂတ်မှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ သူတို့ဘယ်လို အခန်းကဏ္ဍကဆက်ပြီး ပါဝင်မယ် ဆိုတာကိုလည်း ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာသမိုင်းဖြစ်နေလို့ပဲ။
တပ်မတော်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သတင်းစာဆရာအချို့နဲ့ စားပွဲဝိုင်းဆွေးနွေးပွဲလုပ်ရာမှာ မစ္စတာမစ်ချယ်အနေနဲ့ စစ်တပ်နှစ်ခုအကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ သိပ်အာရုံစိုက်မှာ မဟုတ်ဘူးဆိုတာ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာများရှိပါသလား။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား စစ်တပ်အချင်း ချင်းဆက်သွယ်မှုကို စတင်ဖို့ စိတ်ကူးတစ်ခုခုများရှိပါသလား။
(နိုင်ငံခြားရေး)၀န်ကြီးရဲ့ခရီးစဉ်အတွင်းရတဲ့ ရလဒ်တွေထဲကတစ်ခုက ဒုတိယကမ္ဘာစစ်အတွင်းက ဒီမှာကျဆုံးသွားတဲ့ အမေရိကန်တပ်သားတွေရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်တွေကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာပါ။ ဒါကြောင့် ကြိုတင်ခန့်မှန်းကြည့်ရရင် ပင်တဂွန်နဲ့ ဒီကတာဝန်ရှိသူတွေကြားမှာ ဒါကိုဘယ်လိုအကောင်အထည်ဖော်ဖို့အတွက် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာမယ်လို့ထင်ပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ ပင်တဂွန်ကအရာရှိတွေ ဒီကိုလာပြီး ညှိနှိုင်းဆွေးနွေးမှုတွေကို စတင်ကောင်းစတင်ကြပါလိမ့်မယ်။ ဒါကပဲ တပ်တပ်ချင်း စေ့စပ်ခြင်းရဲ့ပထမခြေလှမ်းဖြစ်ပါလိမ့်မယ်။ (ဒီစေ့စပ်ဆွေးနွေးမှုကို) နိုင်ငံရေးအရ အပြန်အလှန်ဆက်ဆံမှု၊ သံတမန်ရေးရာ ဆက်ဆံမှုတွေနဲ့အတူတကွ ရေရှည်မြင်တွေ့ချင်ပါတယ်။ ဒါပေမဲ့ အခုကျန်နေတဲ့ ပြဿနာတွေကတော့ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်၊ သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်နေတာပါ။ လူ့အခွင့်အရေးဖိနှိပ်မှုတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ အစီအရင်ခံစာတွေရှိနေပါတယ်။ ဒါတွေဆက် ရှိနေသမျှ တပ်တပ်ချင်းစေ့စပ်မှုတွေကို ဆက်လုပ်ဖို့အတွက် ဥပဒေနဲ့ မူဝါဒတွေက ကျွန်တော်တို့ကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ကျွန်တော်တစ်ဦးတစ်ယောက်အနေနဲ့ ဒီကိစ္စကို တန်ဖိုးမထားဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီကိစ္စကလည်း တန်ဖိုးရှိပါတယ်။ တပ်မတော်ကို အရည်အသွေးပြည့်မီတဲ့ တပ်မတော်ဖြစ်အောင်လုပ်ဖို့နဲ့ အရပ်သား တွေဦးဆောင်တဲ့ ဒီမိုကရေစီ လူ့ဘောင်တစ်ခုမှာ တပ်မတော်ရဲ့အခန်းကဏ္ဍတွေကို ဖော်ဆောင်ဖို့အတွက် လုပ်စရာတွေအများကြီးရှိပါတယ်။ ကျွန်တော် တို့အတူတကွ ပေါင်းလုပ်နိုင်တဲ့အ ရာတွေ အများကြီးရှိပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေဆိုပါတော့။ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရမှာပါ။ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒီကိစ္စက ခက်ခဲပါလိမ့်မယ်။ ၂၀၀၇ ခုနှစ်တုန်း ကForeign Affairs မဂ္ဂဇင်း မှာ Michael Green နဲ့ ခင်ဗျား ပူးပေါင်းရေးခဲ့တဲ့ A New Approach To Burma ဆိုတဲ့ ဆောင်းပါးကို ကျွန်တော်ဒီမနက်ပြန်ဖတ်ခဲ့ပါတယ်။ ဆောင်းပါးထဲမှာ နိုင်ငံစုံချဉ်း ကပ်မှုပုံစံကို အကြံပေးခဲ့ပြီး အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုပါဝင်တဲ့ ငါးပါတီချဉ်းကပ်မှုပုံစံကို ဆွေးနွေးခဲ့တာတွေ့ရပါတယ်။
ဥရောပလည်းပါတယ်။
ဟုတ်ကဲ့။ ဥရောပလည်းပါတယ်။ အဲဒီဆောင်းပါးဟာ အခုချိန်ထိ ဆီလျော်နေဆဲပဲလို့ ခံစားရပါတယ်။ ခင်ဗျားအနေနဲ့ အခုရော အဲဒီအယူအဆအတိုင်းလုပ်နေတာပဲလား။ ဒါကို လက်တွေ့အကောင်အထည်ပေါ်အောင် ခင်ဗျားဘယ်လိုလုပ်မလဲ။
ဒီကိစ္စကို ပုံစံတကျကြီး နိုင်ငံတကာမှုပြုဖို့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အပြန်အလှန်ဆက်ဆံမှုတွေရှိတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားအခုပြောတဲ့ နိုင်ငံတွေဖြစ်တဲ့ အီးယူ၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စုစတဲ့နိုင်ငံတွေအားလုံးက ဒီနိုင်ငံနဲ့ပတ်သက်ရင် အရေးစိုက်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦးပြိုင်ဆိုင်တာ၊ ဆန့်ကျင်တာထက် အတူတကွ ပူးပေါင်းလုပ်တာ၊ ညှိနှိုင်းဆောင်ရွက်ပြီး ချဉ်းကပ်တာက
ပိုကောင်းပါလိမ့်မယ်။ တစ်သီးတခြားစီ အမှီအခိုကင်းကင်းနဲ့ လုပ်နိုင်ရင်တောင်မှ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အကောင်းဆုံးချဉ်း ကပ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ကျွန်တော့်ရဲ့တာဝန်တွေထဲမှာ အပိုင်းသုံးပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းကတော့ ၀ါရှင်တန်က ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို ကိုယ်စားပြုပြီး မြန်မာအစိုးရနဲ့ မြန်မာလူ့အဖွဲ့အစည်းကို အဓိကဆက်ဆံသူအဖြစ် တာဝန်ယူဖို့ဖြစ်ပါတယ်။ ဒုတိယကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ဖို့ပါ။ ကျွန်တော်တို့ အစိုးရအတွင်းမှာလည်း အကျိုးစီးပွားတွေ အမျိုးမျိုးရှိတာကြောင့် ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ တတိယကတော့ အခြားနိုင်ငံများနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီမှာလုပ်စရာတွေမျိုးစုံရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပြီးမှာ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို ကျွန်တော်သွားခဲ့ပါတယ်။ အရင်တုန်းကလည်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံကို ကျွန်တော်သွားခဲ့ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်းမှာ ဥရောပကိုလည်း ကျွန်တော်သွားမှာပါ။ ဒါဟာ ကျွန်တော့်တာဝန်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ မြင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံကို ထိထိရောက်ရောက် အကူအညီပေးဖို့အတွက်လည်း ဒါဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုလို့ ကျွန်တော်မြင်ပါတယ်။
အခုနက ပြောတဲ့ ဥရောပကိုသွားမယ်ဆိုတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောပြနိုင်မလား။
ခရီးစဉ်က အားလုံးတော့ မပြင်ဆင်ရသေးပါဘူး။ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ကျွန်တော်သွားချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာကအချိန်ပါ။ ကျွန်တော်ခရီးတွေ အဆက်မပြတ်သွားနေခဲ့ရပါတယ်။ သူတို့ကလည်း အရမ်းစိတ်ဝင်စားပါတယ်။ ဒီမှာဘာတွေ ဖြစ်နေသလဲဆိုတာကို အီးယူကစိတ်ဝင်စားပါတယ်။ ပြီးတော့ သူတို့က ဒီအပေါ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒကဘာလဲ၊ အမေရိကန်ပြည်ထောင်စုက ဒီအပေါ်မှာ ဘယ်လိုမြင်သလဲ၊ ဘယ်လိုသုံးသပ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ကျွန်တော် အီးယူက မိတ်ဆွေတွေနဲ့ စကားပြောဖို့ ဘရပ်ဆဲလ်ကိုသွားပါမယ်။ နောက်မြို့တော်တစ်ခုခုကိုလည်း သွားပါမယ်။ ဒါပေမဲ့ လန်ဒန်လား၊ တခြားတစ်မြို့မြို့လားဆိုတာတော့ မသေချာသေးပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်မိတ်ဆက်ပြီး နက်နက်နဲနဲဆွေးနွေးခွင့်ရဖို့ ဖြစ်ပါတယ်။ ကျွန်တော်ခရီးတွေထွက်ပြီး ၀ါရှင်တန်ကိုပြန်ရောက်တိုင်း ၀ါရှင်တန်မှာရှိတဲ့ အီးယူသံအမတ်ကြီးတွေကို သွားစကားပြောပါတယ်။ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ၀ိုင်းထိုင်ပြီး ကျွန်တော်ဘာတွေ တွေ့ခဲ့တယ်ဆိုတာကို သံအမတ်ကြီး တွေကိုပြောပြပါတယ်။ ပြီးတော့ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ပြီးတော့ ကျွန်တော် အာဆီယံအတွင်းရေးမှူးချုပ်နဲ့လည်း စကားပြောပါတယ်။ ဒါကလည်း ညှိနှိုင်းဆောင်ရွက်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း မြန်မာပြည်ခရီးစဉ်အပြီးမှာ တောင်ကိုရီးယား၊ဂျပန်နဲ့ တရုတ်ကို ခင်ဗျားသွားခဲ့ပါတယ်။ ပီကင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ သတင်းထောက်တစ်ယောက်က မြန်မာ့နိုင်ငံရေးကိစ္စမှာ ခင်ဗျားရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုက ဘာလဲလို့မေးတော့ အမျိုးသားညီညွတ်ရေးလို့ ခင်ဗျားပြောခဲ့ပါတယ်။ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေကိုရပ်စဲဖို့ အနာဂတ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့အခန်းကဏ္ဍအသစ်တစ်စုံတစ်ရာများရှိမလား။ ပြီးတော့ ခင်ဗျားအမြင်မှာ ဒီပဋိ
ပက္ခတွေကိုရပ်စဲဖို့ ဘယ်အရာကအရေးကြီးဆုံး စိန်ခေါ်မှုလို့ ထင်ပါသလဲ။
စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ အဲဒီထဲက အရေးကြီးဆုံးတစ်ခုကတော့ နှစ်ဦးနှစ်ဖက်ကြားက “ယုံကြည်မှုကင်းမဲ့ခြင်း”ပါပဲ။ ပြီးတော့ စစ်ပွဲနဲ့ သွေးထွက်သံယိုမှုတွေက ချန်ထားရစ်ခဲ့တဲ့ အမွေတွေနဲ့ တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာ နက်နက်ရှိုင်းရှိုင်း ခွဲခြားမှုတွေပါပဲ။ ဒါပေမဲ့ “ယုံကြည်မှုကင်းမဲ့ခြင်း” ကတော့ ကံအကြောင်းမလှစွာနဲ့ဘဲ အခြေခံ ကျနေပါတယ်။ မြန်မာ့သမိုင်းကို လေ့လာသူတိုင်း အသိအမှတ်ပြုကြရတဲ့ အရာတစ်ခုကတော့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီမိုကရေစီကို ၁၉၅၀ ခုနှစ်ဝန်းကျင်မှာ ကြိုးစားတည်ဆောက်ခဲ့ကြပေမယ့် အမျိုး သားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စဟာတိုင်းပြည်အတွက် ကျန်ရှိနေတဲ့ အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ အမျိုးသားညီညွတ်ရေးဟာ နိုင်ငံရဲ့ စိန်ခေါ်မှုကို အနက်အဓိပ္ပာယ် ဖွင့်မယ့်အရာပဲလို့ ကျွန်တော်ပြောခဲ့တာပါ။ သေချာတာကတော့ ကျွန်တော်တို့အကူအညီကို ကမ်းလှမ်းမှသာ အမေရိကန်ပြည်ထောင်စုရဲ့အခန်းကဏ္ဍရှိမှာပါ။ ဒီကိစ္စဟာ ဘယ်လောက် အကဲဆတ်တယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ကွာဟချက်တွေက နက်ရှိုင်းပါတယ်။ ပုဂ္ဂိုလ်ရေးတွေလည်း ပါပါတယ်။ ဆက်လက်ပြီးလည်း ဖြစ်ပေါ်နေပါတယ်။ ဒီလို အလားတူဖြစ်ရပ်မျိုးတွေ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံတစ်ခုတည်းမှာမှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးတွေမှာ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေ
ဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်လို့ရတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ တတိယအဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်ပေးတာ၊ တတိယအဖွဲ့အနေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတာ၊ ဒိုင်ယာလော့ခ်မှာ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ကြားဝင်ဆောင်ရွက်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။ ဒီလိုအခန်းကဏ္ဍတွေရှိဦးမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပါ။ ဒီလိုဝန်ဆောင်မှုမျိုးကိုပေးခွင့်ရဖို့ အခွင့်အလမ်းကိုကြိုဆိုမယ့် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့က တော့ ကျွန်တော်တို့အတွက် အခန်းကဏ္ဍရှိမယ်ဆိုရင်၊ အပြုသဘောဆောင်တဲ့ နောက်ဆုံးရလဒ်ကိုလည်း ဦးတည်တယ်လို့ ယုံကြည်တယ်ဆိုရင် ကျွန်တော်တို့ကတော့ ကူညီဖို့အတွက် လုံးဝဥဿုံစိတ်ဆနရှိပါ တယ်။
ဒီတစ်ခေါက် ခင်ဗျားခရီးစဉ်မှာ အသေးစားချေးငွေနဲ့ပတ်သက်ပြီး အရမ်းအာရုံစိုက်တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိပါသလဲ။
နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာတုန်းက မြန်မာနိုင်ငံကို ကူညီမယ့် ဒေါ်လာသန်းချီတဲ့ အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ ဒီအထဲမှာ အသေးစားချေးငွေကိစ္စလည်း ပါပါတယ်။ အခုလက်ရှိလည်း အလယ်ပိုင်းဒေသ၊ ရှမ်းပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လုပ်နေဆဲအစီအစဉ်တွေရှိပြီးသားပါ။ ကျွန်တော်အရင်က အဲဒါတွေကို သွားမကြည့် ခဲ့ရပါဘူး။ ဒီတစ်ခေါက်တော့ အခွင့်အလမ်းတစ်ရပ်အနေနဲ့ ပုဂံကိုသွားလည်ခဲ့ပြီး ပုဂံတစ်ဝိုက်က အသေးစားချေးငွေစီမံကိန်းတွေကိုသွားကြည့်ခဲ့ရပါတယ်။ လူတွေရဲ့လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့နဲ့ သူတို့ကို ဆင်းရဲမွဲတေမှုကလွတ်အောင် ကူညီပေးရာမှာ ဒီနည်းလမ်းဟာ အင်မတန်အောင်မြင်တဲ့နည်းလမ်းလို့ ဒေါ်စုအပါအ၀င် လူအများဆီက ကျွန်တော်ကြားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင်သွားပြီး လေ့လာခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး (အနာဂတ်မှာ)လည်း ဆက်ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာဖြစ်နေတဲ့ စီးပွားရေး ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ အဖြေမဟုတ်ပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို ပိုနားလည်ရင် ကျွန်တော်တို့ဆက်ပြီး ကူညီနိုင်ပါလိမ့်မယ်။
လွှတ်တော်အချင်းချင်း အပြန်အလှန်ပူးပေါင်းဖလှယ်ရေး အစီအစဉ်တွေရောရှိမလား။ ရှိကောင်းရှိနိုင်တယ်လို့ ခင်ဗျားအရင်က ပြောခဲ့သလားလို့။
ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေရှိပါတယ်။ လွှတ်တော်နဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ရာမှာ တစ်ခုခုကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ အလေးအနက်ရှိပါတယ်။ ကျွန်တော်တို့ လေးလေးနက်နက် စဉ်းစားပါတယ်။ အခုဒီမှာ ကွန်ဂရက်အမတ်ခရိုလီလည်းရှိပါတယ်။ ဒီကနေ့ မစ္စတာခရိုလီဟာ အောက်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနဲ့တွေ့နေပါတယ်။ အပြန်အလှန်ပူးပေါင်းဖလှယ်ရေး အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကွန်ဂရက်က တခြားကိုယ်စားလှယ်အဖွဲ့တွေလည်း လာကောင်းလာနိုင်ပါတယ်။
ဒီက လွှတ်တော်ဥက္ကဋ္ဌတွေဆီက လွှတ်တော်တွေကို ပိုမိုဖွံ့ဖြိုးလာအောင်လုပ်ဖို့ စိတ်ဝင်စားကြကြောင်း အဆက်မပြတ်ကြားရပါတယ်။ (လွှတ်တော်ဟာ) ဒီမိုကရေစီအတွက် မရှိမဖြစ်အရေးပါတဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားရာမှာ ကျွန်တော်တို့ကူညီနိုင်ပါတယ်။ ဒါကိုလုပ်ဖို့ ကျွန်တော်တို့ အင်မတန် စိတ်ပါပါတယ်။ ဘယ်လိုလုပ်တဲ့ နည်းလမ်းက အသင့်တော်ဆုံးနည်းလမ်းဆိုတာကို ကျွန်တော်တို့ ရှာဖွေရမှာပါ။
ခင်ဗျားနေပြည်တော်မှာတုန်းက ကိုယ်ကိုယ်တိုင်ရော တာဝန်ရှိသူတွေ အပိုင်းကပါ မီဒီယာဥပဒေနဲ့ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးခဲ့တာမျိုးရှိပါလား။
ပြောခဲ့ရရင်တော့ သိပ်ကောင်းမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ ဒီလကုန်မှာ လွှတ်တော်ပြန်စပြီး အလုပ်သမားဥပဒေအပါအ၀င် ဥပဒေအချို့ကို ဆွေးနွေးဖို့ရှိတယ်လို့တော့ ပြောခဲ့ကြပါတယ်။ မီဒီယာဥပဒေအသစ်နဲ့ ပိုမိုလုပ်ကိုင်လာနိုင်ခွင့်ကို ဆွေးနွေးခဲ့ရရင် သိပ်ကောင်းမှာပဲ။ သတင်းစာပညာသင်တန်းတွေကလည်း ကူညီဖို့ ထည့်သွင်းစဉ်းစားတဲ့ အထဲမှာပါပါတယ်။ ဒီမှာလိုအပ်ချက်တွေ အများကြီးရှိတဲ့အတွက် အရေးကြီးဆုံးလိုအပ်ချက်တွေကို အစီအစဉ်လုပ်ရပါတယ်။ တချို့အလုပ်တွေက NGO တွေနဲ့ ဖောင်ဒေးရှင်းတွေက လုပ်နိုင်တဲ့ အရာတွေလည်းရှိပါတယ်။ ကျွန်တော့်တာဝန်ရဲ့တစ်စိတ်တစ်ပိုင်းကလုပ်ခွင့်သာမှုတွေ၊ ဖြစ်နိုင်ခြေတွေကို လေ့လာသုံးသပ်ပြီး အိမ်ကိုပြန် ရောက်တဲ့အခါ မတူညီတဲ့အရင်းအမြစ်တွေအားလုံးကို စုစည်းပြီးမဟာဗျူဟာတစ်ခုကိုချရမှာပါ။ ဘယ်နေရာကို အလေးထားဆောင်ရွက်မယ်၊ ဘယ်နေရာကို အာရုံစိုက်မယ်ဆိုတဲ့ မဟာဗျူဟာကျတဲ့ အမြင် တစ်ခုလိုအပ်ပါတယ်။ ပြီးတော့ နိုင်ငံတကာက တခြားနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ခင်ဗျားတို့ကတော့ဘာတွေလုပ်ပါ၊ ကျွန်တော်တို့ကတော့ ဒါတွေလုပ်မယ်လို့ ဆွေးနွေးပြင်ဆင်ရပါတယ်။ ဒါမှသာ လူတိုင်းဒီကို အပြေးအလွှားမလာကြဘဲ အစိုးရရော လူ့အဖွဲ့အစည်းကိုပါ ဖိစီးမှု မဖြစ်စေမှာဖြစ်ပါတယ်။ ဒါက ကျွန်တော့်တာဝန်တစ်စိတ်တစ်ပိုင်းလို့ထင်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ် အောင်ကြိုးစားနေပါတယ်။
ကျွန်တော်တို့နိုင်ငံက လူအများစုအပြောများနေတဲ့ အကြောင်းအရာကတော့ တရုတ်ပါပဲ။ ဒီအကြောင်းကိုပဲ ထပ်ပြန်တလဲလဲပြောနေကြပါတယ်။ မစ္စတာမစ်ချယ်ရဲ့အမြင်မှာ အမေရိကန်မြန်မာဆက်ဆံရေးအသစ် အပေါ်မှာ တရုတ်အနေနဲ့ ဘယ်လောက် အာရုံနောက်နေတယ်လို့ ထင်ပါသလဲ။
မေးခွန်းရဲ့ ပထမပိုင်းကိုပြောရရင် ကျွန်တော်ထင်တာကတော့ ဒေသတွင်းက လူအားလုံး တရုတ်အကြောင်းကို ပြောနေကြတယ်ထင်တာပဲ။ ကမ္ဘာပေါ်ကလူအများစုလည်း တရုတ်အကြောင်းကို စိတ်ဝင်စားနေကြ တာပါ။ သူ့ရဲ့အကျိုးသက်ရောက်မှုက ကမ္ဘာပေါ်မှာ ကြီးမားပါတယ်။
(တရုတ်နိုင်ငံဟာ) အဓိကကျတဲ့ အခန်းကဏ္ဍက ပေါ်ထွက်လာခဲ့တာ ကြောင့် သူတို့နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ ပူးပေါင်းလုပ်ဆောင်ဖို့၊ အနည်းဆုံးတော့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ နည်းလမ်းရှာကြပါတယ်။ တရုတ်နဲ့ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ အရေးကိစ္စမှာ ကျွန်တော်တို့သတိထားဖို့လိုအပ်တယ်၊ လိမ္မာပါးနပ်ဖို့လိုအပ်တယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ (ခင်ဗျားတို့ ကျွန်တော်တို့အပေါ်မှာ) တရုတ် ဘယ်လိုမြင်သလဲဆိုတာတော့ သူတို့ကိုမေးမှရလိမ့်မယ်။ အဲဒါပြောရခက်ပါတယ်။ ကျွန်တော့်အမြင်အရတော့ အမေရိကန်ရဲ့စေ့စပ်မှုကို ကြိုဆိုကြောင်းသူတို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့လည်း သူတို့တောင်းဆိုပါတယ်။(ရယ်လျက်) ဒီမှာ သူတို့အကျိုးစီးပွားရှိနေပါတယ်။ ကျွန်တော်ထင်တာကတော့သူတို့ရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုက ကျွန်တော်တို့နဲ့ စေ့စပ်ပြေလည်မှုက သူတို့အကျိုးစီးပွားကို ပုံစံတစ်မျိုးမျိုးနဲ့ ထိခိုက်မှာကိုပါပဲ။ ဒါက
ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်မဟုတ်ပါဘူး။ ကျွန်တော်တို့ပန်းတိုင်က၊ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ဆက်ဆံရေးက မြန်မာနိုင်ငံအတွက်ပါပဲ။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးဟာ ခင်ဗျားတို့ကိုဦးမတည်ပါဘူး၊ တရုတ်ကိုဦးမတည်ပါဘူးလို့ ပီကင်းက မီဒီယာအင်တာဗျူးတစ်ခုမှာလည်း ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒီမှာလည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နားလည်မှုအလွဲတွေ၊ အထင်အမြင်လွဲမှုတွေ ဒီမှာလည်းရှိနေပါတယ်။ တရုတ်ကြောင့် ဒါကိုလုပ်တယ်လို့ မြင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်မှုဟာ တရုတ်ကို ပိတ်ဆို့ဖို့လို့ထင်နေကြပါတယ်။ နိုင်ငံတကာမီဒီယာတွေလည်း အဲဒီလိုအနက်အဓိပ္ပာယ်ဖွင့်နေကြပါတယ်။ ကျွန်တော်တို့လုပ်နေတာတွေအပေါ်မှာ နားလည်မှုလွဲနေတာပါပဲ။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ပါဝင်စေ့စပ်တဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံကိုယ်တိုင်က ပြောင်းလဲလာနေလို့ပါ။ ကျွန်တော်တို့မူဝါဒပြောင်းလဲလာခြင်းနဲ့ စေ့စပ်ဆွေးနွေးရေးပြုလုပ်ခြင်းက တရုတ်နိုင်ငံရဲ့အပြောင်းအလဲကြောင့် မဟုတ်ပါဘူး။
အဲဒီတော့ (တရုတ်ကို) ပိတ်ဆို့မှုတစ်ခုတည်း မဟုတ်ဘူးပေါ့။
ပိတ်ဆို့မှုမဟုတ်ပါဘူး။ ကျွန်တော်တို့ပိတ်ဆို့လို့မရပါဘူး။ ကျွန်တော်တို့မှာ တရုတ်ကိုပိတ်ဆို့မှုမူဝါဒ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ အာရှတိုက်သားတွေအနေနဲ့ ဒါကိုယုံဖို့ အင်မတန်မှခက်ခဲတယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ တရုတ်တွေလည်း မယုံကြည်ကြပါဘူး။ ကျွန်တော်တို့မှာသာ ပိတ်ဆို့ရေးမူဝါဒရှိခဲ့မယ်ဆိုရင် တရုတ်နိုင်ငံအပေါ်ဆက်ဆံရေးမှာ ကျွန်တော်တို့ဟာ အခုပုံစံနဲ့ လုံးဝမတူညီတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံခဲ့မှာပါ။ ကျွန်တော်တို့အရင်က ဆိုဗီယက်ယူနီယံကို ပိတ်ဆို့မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခဲ့တဲ့ပုံစံနဲ့ အခုကျွန်တော်တို့ တရုတ်ကိုဆက်ဆံတဲ့ပုံစံဟာ အင်မတန်ခြားနားပါတယ်။ စီးပွားရေးဆိုင်ရာ စေ့စပ်ဆောင် ရွက်မှုတွေကအစပေါ့။ အာရှတိုက်မှာ အမေရိကန်ရဲ့ အကျိုးစီးပွားရှိပါတယ်။ တရုတ်နဲ့ မဆိုင်ပါဘူး။ ဒီဒေသမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွား၊ ကျွန်တော်တို့ရဲ့ထိတွေ့ ဆက်သွယ်မှု၊ လွှမ်းမိုးမှုနဲ့ ပန်းတိုင်တွေကို ဆက်လက်ထိန်းသိမ်းထားချင်တာပါ။
(လစ်တမတ်စ်) စမ်းသပ်မှုအနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲက အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေးပိတ်ဆို့မှုကိုပြန်လည်စဉ်းစားရာမှာ ဘယ်လောက်အရေးပါမှာလဲခင်ဗျ။
ကြားဖြတ်ရွေးကောက်ပွဲကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကလည်း အရေးကြီးပါတယ်။ NLD လည်း လှုပ်ရှားနေပါပြီ။ နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်ပြီးပါပြီ။ နေရာအတော်များများမှာ အနိုင်ရမယ်ဆိုရင်လည်း လွှတ်တော်ထဲမှာနေရာအရေအတွက်နဲ့ စာရင်တော့လူနည်းစုပဲဖြစ်မှာပါ။ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပခဲ့တယ်ဆို ရင်တော့ ဒါဟာ အပြုသဘောဆောင်တဲ့လက္ခဏာပါပဲ။ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ရင်တော့ ဒီထက်ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ ဒီကိစ္စက နိုင်ငံအတွင်းမှာ ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲမှုတွေနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ပိုမိုလမ်းဖွင့်ပေးရပါမယ်။ အလုပ်သမားအခွင့်အရေးတွေကိုလည်း ပိုမိုလုပ်ဆောင်ပေးရပါမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေပြု
ရေးရာမှာ တိုးတက်မှုတွေရှိပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုလည်း လုပ်သင့်ပါတယ်။ ပိတ်ဆို့မှုကလည်းအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားတွေကို ခြင်းချက်မရှိလွှတ်ပေးဖို့ကိစ္စကလည်း ဒီထဲမှာပါနေတယ်။ တိုင်းရင်းသားရေးရာကိစ္စတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေလည်းပါတယ်။မရှိမဖြစ်လိုအပ်တာကတော့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုလမ်းကြောင်းရှိဖို့ပါပဲ။ အဖြေရှာဖို့က အချိန်ယူကောင်းယူပါ
လိမ့်မယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချလောက်တဲ့ နိုင်ငံရေးလမ်းကြောင်း တစ်ခုကတော့ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်စဉ်းစားရာမှာ အရေးပါတဲ့ ဗဟိုချက်တစ်ခုဖြစ်ပါတယ်။ ပြောရရင်ဒါဟာ မြန်မာနိုင်ငံတစ်ခုလုံးကိစ္စ ဖြစ်ပါတယ်။ ပါတီတစ်ခုအကြောင်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲတစ်ခု အကြောင်းလည်းမဟုတ်ပါဘူး။
ပိတ်ဆို့မှုက ဒီနိုင်ငံမှာ အခုလုပ်မှဖြစ်မယ့် အရေးတကြီး အလုပ်တွေကို မတားမြစ်ပါဘူး။ တကယ်ကတော့ ဒီနိုင်ငံမှာ အခုဖြစ်ပေါ်လာ ရမယ့်အနေအထားတွေ၊ နိုင်ငံတကာက အရေးတကြီးလုပ်ရမယ့်အလုပ်၊ အရေးတကြီးလုပ်ရမယ့် အကူအညီတွေဟာ စီးပွားရေးပိတ်ဆို့မှုနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ အကြံဉာဏ်တွေပေးနိုင်တယ်။ ဒါဟာ
လည်း ပိတ်ဆို့မှုနဲ့ဘာမှမဆိုင်ပါဘူး။ တခြားအလုပ်တော်တော်များများကလည်း အစိုးရကိုယ်တိုင်ကလုပ်ရမှာပါ။ တရားဥပဒေ စိုးမိုးရေး ကိစ္စမျိုးတွေ၊ လယ်ယာမြေပြုပြင်ပြောင်းလဲရေးကိစ္စမျိုးတွေ၊ ဒါတွေဟာ စီးပွားရေးပိတ်ဆို့မှုနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်ထင်တာကတော့ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ အာရုံစိုက်မှုသိပ်များနေတယ်လို့ ထင်ပါတယ်။ အဲဒီလိုနဲ့ သူကသင်္ကေတပြယုဂ်တစ်ခုဖြစ်လာပါတယ်။ တကယ်တော့ မကြာခင်အနာဂတ်ကာလမှာ ခင်ဗျားတို့နိုင်ငံကို ကျွန်တော်တို့ ကူညီနိုင်တဲ့ အကူအညီတွေကို စီးပွားရေးပိတ်ဆို့မှုတွေက တားမြစ်မထားပါဘူး။
ကာကွယ်ရေးဦးစီးချုပ်ကို နောက်တစ်ကြိမ် ပြန်တွေ့ဖို့များ ရှိပါသလား။
ကျွန်တော်တွေ့ချင်ပါတယ်။ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ တွေ့ချင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့သူက မရှိပါဘူး။ ထိုင်းနိုင်ငံမှာရောက်နေပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် သူနဲ့တွေ့ဆုံခဲ့တာကလည်း အင်မတန်ကောင်းတဲ့တွေ့ဆုံမှုပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို “ဘားမား” လို့ခေါ်တာကို ဘယ်တော့ရုပ်သိမ်းမှာလဲခင်ဗျ။
(ရယ်လျက်) ဒါကတော့ ရေရှည်ရပ်တည်ခဲ့တဲ့ မူဝါဒဖြစ်ပါတယ်။ ကျွန်တော်တို့ ကြည့်ရပါဦးမယ်။ ဒီက အစိုးရအတွက် ဒါကအင်မတန်အရေးကြီးတဲ့ အချက်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ချင်းလည်း ဆွေးနွေးကြပါတယ်။
7Day News Journal

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း
Reviewed by သစ်ထူးလွင်
on
16:11
Rating:
No comments:
Post a Comment