ရခိုင်ပြည်နယ်၏ ပထမဆုံး အဖွဲ့ချုပ် မြို့နယ်ရုံးခန်း သံတွဲမြို့တွင် ပြန်လည်ဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်ရပြီးနောက် ပြည်နယ်နှင့် တိုင်းအသီသီိးတွင် ရုံးခန်းများ ပြန်လည်ဖွင့်လှစ်လျှက်ရှိရာ ရခိုင်ပြည်နယ်တွင် ပထမဆုံးပြန်လည်ဖွင့်လှစ်သည့် သံတွဲ မြို့နယ်ရုံးခန်း ဖွင့်လှစ်ခြင်း ဇန်န၀ါရီ ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။


သံတွဲမြို့နယ်ရုံးကို သံတွဲမြို့ သြဘာလမ်းရှိ မြို့နယ်စည်းရုံးရေး အတွင်းရေးမှူး ဦးထွန်းကြိုင်၏
နေအိမ်တွင်ဖွင့်လှစ်ထားရှိသည်။

သံတွဲမြို့နှင့် မိုင်(၂၀)ကျော်ဝေးသော ကျီးကန်းရဲကျေးရွာတွင် နေထိုင်သူ အန်အယ်လ်ဒီပါတီဝင် ဦးထွန်းခင်က “မနေ့ကတည်း ကြိုပြီးလာခဲ့ရတာ။ရုံးခန်းကိုဒီလိုလွတ်လွတ်လပ်လပ်  စည်စည်ကားကား ဖွင့်ခွင့်ရတဲ့ပွဲကို ကြုံချင်လို့ “ ဟု ၀ိုင်ပီအိုင်သို့ ပြောသည်။

ပြည်နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးမင်းအောင်ကလည်း  “လက်ရှိ NLD မှာဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်နေပြီ။ ကျွန်တော်တို့ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်ရမယ်။ ဒီအချက်ကို သံတွဲမြို့သူ မြို့သားတွေအတွက် အခုလို ရုံးခန်းဖွင့်လှစ် ခြင်းအားဖြင့်  အစပျိုးလိုက်တာပဲ”ဟု ကပြောသည်။

မြို့ပေါ်နှင့် ကျေးရွာအသီးသီးမှ NLD ပါတီဝင်များ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ ရခိုင်ြပည်နယ် အမျိုးသားအင်အားစု ပါတီမှမြို့နယ် တာဝန်ခံများ စုစုပေါင်း လူဦးရေ (၂၀၀) ခန့် တက်ရောက်ကြသည်။

ရုံးခန်းဖွင့်လှစ်ရန် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင် အကြောင်းကြားထား၍ အခက်အခဲတစုံတရာ မရှိပြုလုပ်နိုင်ခဲ့ပြီး   ရဲသတင်းတပ်ဖွဲ့ တပ်ဆွယ်မှူး နှင့်အဖွဲ့ဝင်များ ၊ ရဲများလာရောက် သတင်းယူကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်၏ ဒုတိယမြောက် မြို့နယ်ရုံးခန်းအဖြစ် ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီ ရုံးခန်းကို ယနေ့ဇန်န၀ါရီ ၂၃ တွင်ဖွင့်လှစ်မည်ဖြစ်သည်။
အန်အယ်လ်ဒီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်းကိုလည်း မကြာမီရက်ပိုင်းက ထုတ်ပြန်ခဲ့ကာ မြို့နယ်ရုံးများ အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းကာ စည်းရုံးလှုပ်ရှားလာသည်ကို တွေ့ရသည်။           ။
ဇန်န၀ါရီ ၂၃၊ ၂၀၁၂ (YPI)
ရခိုင်ပြည်နယ်၏ ပထမဆုံး အဖွဲ့ချုပ် မြို့နယ်ရုံးခန်း သံတွဲမြို့တွင် ပြန်လည်ဖွင့်လှစ် ရခိုင်ပြည်နယ်၏ ပထမဆုံး အဖွဲ့ချုပ် မြို့နယ်ရုံးခန်း သံတွဲမြို့တွင် ပြန်လည်ဖွင့်လှစ် Reviewed by သစ်ထူးလွင် on 08:06 Rating: 5

No comments:

Powered by Blogger.