ငါးဖမ်းလှေများအား ငါးလုပ်ငန်းဦးစီးမှ တရားမ၀င်ငွေတောင်းနေ

ဇန်န၀ါရီ ၁၆၊ ၂၀၁၂၊ (YPI)

သံတွဲမြို့နယ်မှ ကျော့ပိုက်လှေများ မာန်အောင်မြို့နယ်သို့သွားရောက်ငါးဖမ်းရာတွင် ၎င်းမြို့နယ်မှ ဌာနဆိုင် ရာအရာရှိများ က ခြိမ်းခြောက်ငွေတောင်းနေကြကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များက ပြောသည်။

ဒီဇင်ဘာပထမပတ်က မာန်အောင်မြို့နယ် ရဲကျွန်းသို့ သံတွဲမြို့နယ်ရှိ ဆင်ခေါင်းငါးဖမ်းဇုန်မှ ပိုက်ဖောင် (၂၀)ခန့် ငါးဖမ်းရန်သွားခဲ့ရာ ၎င်းတို့ရောက်ရှိပြီးငါးရက်ခန့်အကြာတွင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့်ရဲများ ရောက်ရှိလာကာ လုပ်ငန်းလိုင်စင်လုပ်ရန်ပြောဆို ခဲ့သည်။

သံတွဲတွင် လိုင်စင်လုပ်ထားကြောင်းပြောသောအခါ " သူတို့က(သံတွဲဌာနဆိုင်ရာများ) စားပြီးပြီ။ ငါတို့မစားရဘူးလားလို့ ပြောတယ် " ဟု မာန်အောင်မြို့နယ်သို့ ငါးဖမ်းရန်သွားရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကျော့ပိုက်လှေများမှာ ပင်လယ်ငါးသေးလေးများကိုသာ အဓိကဖမ်းဆီးသောပိုက်များဖြစ်ပြီး တစ်စီးလျှင် ငွေကျပ်ခြောက်သောင်းပေးရန် ဌာနဆိုင်ရာအရာရှိများက တောင်းဆိုပြီး ဈေးဆစ်လျှင် လေးသောင်းခန့်နှင့် ရနိုင်သည်ဟု ရေလုပ်ငန်းရှင်များကပြောသည်။

အလားတူ မာန်အောင်မြို့နယ် ၊ ကအီးကျေးရွာသို့သွားရောက်ခဲ့သော ဂျိတ္တောငါးဖမ်းဇုန်မှ ပိုက်ဖောင်များကို လည်း မာန်အောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လာရောက်ကာ လိုင်စင်ပြုလုပ်ရန် ပြောဆိုခဲ့ပြီး မလုပ်ပါကငါးဖမ်းမဆင်းရဟု ပြောခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ငါးလှန်းကွက်များ ပေးမည်ဟုဆိုကာငွေတောင်းခဲ့ကြသည်။


"ငါးလှန်းကွက်တွေရိုက်ပေးမယ်လို့ပြောတယ်။ ပိုက်တစ်ဖောင်ကို ဘယ်လောက်ပေးရမလဲမေးတော့
မင်းတို့ပဲပြောဆိုလို့ တစ်သောင်း ပေးမယ်ပြောလိုက်တယ်။ သူက ' တစ်သောင်းဟာ ငါမင်းသမီးကို ဆုချတာလောက်တောင်မရှိဘူး။ ငွေတစ်သိန်းဟာ တစ်ရက်သုံးတာလောက်ပဲရှိတယ်လို့' ပြောတယ်” ဟု မာန်အောင်သို့သွားရောက်ခဲ့သော ရေလုပ်ငန်းရှင်ဦးစောမင်းထွန်း ကပြောသည်။

နောက်ဆုံးတွင် ကျပ်သုံးသောင်းခွဲနှင့် ဈေးတည့်သွားခဲ့သည်ဟုဆိုသည်။ ငွေပေးရန်ရက်ကို ရွှေ့ဆိုင်းပေးရန်ပြောခဲ့သော်လည်း ၎င်းတို့တွင် လူကြီးခရီးစဉ်ရှိနေ၍ ငွေလိုအပ်သည်ဟုပြောသဖြင့် ပိုက်တစ်ဖောင်လျှင် ကျပ်တစ်သောင်းခွဲစီစရံပေးခဲ့ရသည်။

လွန်ခဲ့သည့်(၂)နှစ်ခန့်က ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး သံတွဲမြို့သို့ လာရောက်ခဲ့စဉ်က ဆင်ခေါင်းဇုန်မှ လုပ်ငန်းရှင်များက ၎င်းကိစ္စကို တင်ပြသဖြင့် ပြည်နယ်မှူးက လိုင်စင်နှစ်ထပ်ဆောင်စရာမလိုကြောင်း၊ မြို့နယ်များသို့ စာထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံသားတစ်ယောက်ဟာ အခွန်တစ်ခါပဲဆောင်ရမယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးကပြောပါတယ်" ဟု သံတွဲမြို့မှ ရေလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးပေါက်ကလေးကပြောသည်။

အခြားမြို့နယ်များတွင်ပြုလုပ်ထားသော ငါးဖမ်းလိုင်စင်ဖြင့်သံတွဲသို့လာရောက် ငါးဖမ်းဆီးလျှင် သံတွဲ ငါးလုပ်ငန်းဦးစီးမှ လက်ခံခွင့်ပြုကြောင်းလည်း ရေလုပ်ငန်းရှင်များက ပြောသည်။

ပင်လယ်ပြင်တွင် ရေစီးကြောင်းများပြောင်းလဲနေခြင်းနှင့် ဆေးချဖမ်းဆီးမှုများ (ဓါတုဗေဒ ဆေးများချ၍ ငါးဖမ်းခြင်း) ကြောင့် သံတွဲကမ်းခြေအနီးတွင် ငါးအရနည်း၍ အခြားမြို့နယ်များသို့ သွားရောက်ဖမ်းဆီးကြရကြောင်း ၎င်းတို့ကထပ်လောင်း ပြောကြားသည်။

"ဆေးချတဲ့လှေတွေက ပိုများလာတယ်။အဲ့ဒီဆေးတွေကြောင့် ငါးတွေကကျော့ပိုက်တွေနဲ့ဖမ်းတဲ့နေရာအထိ ရောက်မလာကြဘူး " ဟုဂျိတ္တောငါးဖမ်းဇုန် မှရေလုပ်ငန်းရှင် ဦးမြင့်ဖေက ပြောသည်။       ။
ငါးဖမ်းလှေများအား ငါးလုပ်ငန်းဦးစီးမှ တရားမ၀င်ငွေတောင်းနေ ငါးဖမ်းလှေများအား ငါးလုပ်ငန်းဦးစီးမှ တရားမ၀င်ငွေတောင်းနေ Reviewed by သစ်ထူးလွင် on 19:45 Rating: 5

No comments:

Powered by Blogger.