အသက် ၅၀ ကျော်ပြီဖြစ်သော ဦးမင်းဇေယျမှာ ၂၀၀၆
ခုနှစ် သြဂုတ်လတွင် ဖမ်းဆီးခံခဲ့ရသည်။ အမှု ၂၃ မှုဖြင့် တရားစွဲပြီး
ငါးမှုဖြင့် ထောင် ၆၅ နှစ်ချမှတ်ခဲ့သည်။ ထောင်အတွင်း ငါးနှစ်နေပြီး
လွတ်ငြိမ်းချမ်းသာခွင့်အရ လားရှိုးထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်သည်။
ပြန်လွတ်လာတဲ့အပေါ်မှာ ဘယ် လိုခံစားရလဲ။
လွတ်လာတာတော့ ၀မ်းသာတာပေါ့။
လွတ်မှာကို ကြိုပြောခဲ့ပါသလား။
ဘယ်လိုလုပ် ကြိုသိမလဲ။ ဦးတို့ကို ဘယ်ကြိုပြောမလဲ။ မနက်ကျမှ ထောင်မှူးကိုယ်တိုင်လာပြောမှ ယုံတာ။ ကိုယ့်အချင်းချင်း နောက်ပြောင်နေတော့ မယုံဘူး။ လွတ်မယ်ဆိုတာ တစ္ဆေခြောက်နေတာကြာပြီ။ နိုင်ငံတော်တစ္ဆေကြီးနဲ့ခြောက်တာက အင်မတန်အန္တရာယ်ကြီးတယ်။ လွတ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးပေးထားတာ မကောင်းဘူး။ အကျဉ်းသားတွေက နိုင်ငံတော်ကို အရမ်းမျှော်လင့်ကြတာ။ မျှော်လင့်သလို မဖြစ်တော့ဘူးလို့ ထင်သွားရင် အခြေခံအားဖြင့် ကြမ်းတမ်းတဲ့ နေရာဆိုတော့ ဖြစ်သင့်တာထက် ပိုဖြစ်တယ်။
ထောင်ထဲမှာ စာဖတ်တာ၊ ရေဒီယိုနားထောင်တာတွေ လုပ်ခွင့်ရပါသလား။
အထဲမှာ သတင်းစာတွေ၊ ဆောင်းပါးတွေ အများကြီးလည်း ဖတ်ခဲ့ရတယ်။ ရေဒီယိုကိုတော့အက်ဖ်အမ်တောင်မှ နားထောင်လို့မရဘူး။
လက်ရှိ နိုင်ငံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။
ကောင်းဖို့ လမ်းကို သွားနေတယ်လို့မြင်တယ်။ တစ်ခုတော့ရှိတယ်။ ဘယ်တော့ကောင်းမယ်။ ဘယ်တော့လောက်ကောင်းမယ် ဆိုတာတော့ ပူးပေါင်းလုပ်ဆောင်တဲ့လူတွေ အားလုံးမှာ တာဝန်ရှိ တယ်။
ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
ဦးတို့က အစကတည်းကလုပ်လာကြတာ။ တောက်လျှောက်ဆက်လုပ်ဖို့ရှိတယ်။ ဒီမိုကရေစီ နိုင်ငံကိုသွားဖို့ ဆက်လုပ်သွားမှာပါ။
ဘယ်သူတွေနဲ့ ပူးပေါင်းဖို့ရှိလဲ။
ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်တဲ့လမ်းကြောင်းပေါ်မှာ လုပ်ဆောင်နေတဲ့လူတွေ အားလုံးနဲ့ ပူးပေါင်းမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဦးတို့ နားလည်ထားတာက NLD ပါတီအနေနဲ့က ရွေးကောက်ပွဲဝင်ဖို့ လမ်းကြောင်းပေါ်မှာ သွားနေတယ်။ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ဖို့အတွက်
ရွေးကောက်ပွဲဝင်ဖို့ လမ်းကြောင်း ကိုသွားတာပဲ။
မိသားစုနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ လုပ်ဆောင်တာတွေ၊ ခံစားရတာတွေရှိပါသလဲ။
မိသားစုတွေက ဒုက္ခရောက်နေတယ်။ စီးပွားရေးတွေလည်း မိသားစုမှာ အဆင်မပြေဖြစ်နေရတယ်။ စီးပွားကပြန်ရှာရမှာပေါ့။ ဦးတို့မရှိတော့ မိသားစု စီးပွားရေး ဒုက္ခရောက်နေပြီလေ။
သိမ့်သိမ့်စိုး 7daynewsjournal

ဦးမင်းဇေယျနှင့် တွေ့ဆုံခြင်း
Reviewed by သစ်ထူးလွင်
on
08:16
Rating:
No comments:
Post a Comment