ကျင့်ဝတ်စောင့်ထိန်းသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေအနေဖန်တီးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဆွစ်ဇာလန်နိုင်ငံမှာ
ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံအတွက်
ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာပြည်မှာ ကျင့်ဝတ်ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
ဝင်ရောက်လာမယ့် အခြေအနေတွေ ဖန်တီးဖို့ ဆန္ဒရှိတယ်လို့
ပြောကြားလိုက်ပါတယ်။
စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက
ဖော်ပြနေတဲ့ ကိန်းဂဏန်းတွေလောက်နဲ့ မလုံလောက်ဘဲ
တရားဥပဒေစိုးမိုးမှု ရှိဖို့လည်း လိုအပ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“စီးပွားရေး
တိုးတက်မှုဆိုတာ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက
ဖော်ပြတဲ့ ကိန်းဂဏန်းတွေအပေါ်မှာပဲ မှီခိုနေတာမဟုတ်ပါဘူး။
တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု၊ ဥပဒေပြုမှုကဏ္ဍမှာ
ပြုပြင်ပြောင်းလဲမှုတွေနဲ့ အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ
စိတ်ချရတဲ့ အခြေအနေရှိပြီး ဥပဒေတွေလည်း မျှမျှတတနှင့် အပြည့်အဝ
သက်ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ကို ကျင့်ဝတ်စောင့်ထိန်းပြီး
တီထွင်ဆန်းသစ်မှုကို အားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
ဝင်ရောက်လာဖို့ နိုင်ငံရေးအရ၊ လူမှုရေးအရ၊
သဘာဝပတ်ဝန်းကျင်မျိုးကို ဖန်တီးဖို့ ကျမတို့မှာ ဆန္ဒရှိပါတယ်။”
ပြီးခဲ့တဲ့
နှစ်ကလည်း အလားတူ ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံကို
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနှစ် မြန်မာပြည်
အခြေအနေဟာ မနှစ်ကထက် တိုးတက်မှုတွေ ရှိနေပြီလို့
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“မနှစ်တုန်းက
မြန်မာပြည်မှာ နိုင်ငံရေးတည်ငြိမ်မှု၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးမှုတွေ လိုအပ်တဲ့ အကြောင်း
ပြောခဲ့ပါတယ်။ ဒါတွေရှိမှ စစ်မှန်တဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူသားဖွံ့ဖြိုးမှု၊
စီးပွားရေးတိုးတက်မှုတွေ ရရှိနိုင်မယ်လို့ ပြောခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒကလည်း ပိုပြီး လုံခြုံပြီး
ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာဖို့
ကိုယ်တတ်နိုင်တဲ့အပိုင်းက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
တနှစ်ကြာတဲ့ အချိန်မှာ ကျမအနေနဲ့ ပြောနိုင်တာက ကျမတို့ အဲဒီ
စိန်ခေါ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရှေ့ကို
ခရီးဆက်နိုင်ခဲ့ပါပြီ။ ကြီးမားတဲ့ အပြောင်းအလဲ အခြေအနေကို
မရောက်သေးပေမယ့် အဲဒီအခြေအနေကို တက်လှမ်းနိုင်ဖို့
ရှားရှားပါးပါး၊ အဖိုးတန်တဲ့ အခွင့်အလမ်းတွေ ရှိနေပါပြီ။”
ဒီနှစ်
ညီလာခံကို နိုင်ငံပေါင်း ၄၀ ဝန်းကျင်က နိုင်ငံခေါင်းဆောင်တွေနဲ့
ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁,၆၀၀
နီးပါး တက်ရောက်ခဲ့ကြပြီး မြန်မာ အစိုးရကိုယ်စား စက်မှုဝန်ကြီး
ဦးစိုးသိန်းက တက်ရောက်ပါတယ်။
စီးပွားရေး
ညီလာခံကို ပေးပို့တဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ
ကြားဖြတ် ရွေးကောက်ပွဲအတွက် အလုပ်များနေတဲ့အတွက် ဒီနှစ်မှာ
မတက်ရောက်နိုင်ပေမယ့် တချိန်မှာ တက်ရောက်နိုင်ဖို့
မျှော်လင့်တယ်လို့ ထည့်ပြောသွားပါတယ်။
ဒီဗွီဘီ
ကျင့်ဝတ်စောင့်ထိန်းသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေအနေဖန်တီးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by သစ်ထူးလွင်
on
17:02
Rating:
No comments:
Post a Comment