ကျော်ဇင်မန်း(ရွှေမြစ်မခ)
ဇန်န၀ါရီလ ၁၈၊ ရန်ကုန်မြို့။
တိုက်ခံ ပျဉ်ထောင်နှစ်ထပ်အိမ် ကျဉ်းကျဉ်းကလေးထဲကို ၀င်လိုက်သည်နှင့် အိမ်ရှေ့ခန်းခုံပေါ်တွင် ထိုင်နေသော ကိုစည်သူမောင်ကိုတွေ့လိုက်ရသည်။ လက်ထဲတွင်ဂျာနယ်တစ်စောင်ကိုကိုင်ထားပြီး မျက်နှာမှာ မကျေနပ်သည့် အမူအယာဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
`ဒီမှာကြည့်ပါအုံးဗျာ။ မသိရင်လည်း ထပ်မေးပေါ့ဗျာ ဒါမှမဟုတ်လည်း သိတဲ့သူကိုမေးပေါ့။ အခုတော့ အဓိပ္ပယ်တွေ အကုန်လွဲကုန်ပြီ။ တစ်ခုနှစ်ခုမကတော့ဘူး။ ဟိုနေ့ကလဲ တစ်စောင် လူပုံနဲ့ နာမည်တွေနဲ့ မှားထည့်ထားကြတယ်´ဟု သူကပြောသည်။
ကိုစည်မောင်ဆိုသည်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် အရေးခင်းမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံထားခဲ့ရပြီး ထောင်ဒဏ် (၁၁)နှစ်ခွဲ ချထားခြင်းခံခဲ့ရသူ အသက်(၂၄)အရွယ် လူငယ်တစ်ဦးဖြစ်ပါသည်။
ထိုသို့ အကျဉ်းချထားခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ကြေငြာလိုက်သောလွတ်ငြိမ်းချမ်းသာခွင့်နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ရသော (ဗ.က.သ) ကျောင်းသားတစ်ဦးဖြစ်ပါသည်။
ယခု သူစိတ်မကျေမနပ်ဖြစ်နေရခြင်းမှာ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဗ.က.သ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ကို ဗ.က.သ(ဗဟိုကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ဟု မှားယွင်းရေးထား သောကြောင့် ဟုသိရသည်။
လက်ရှိအကျဉ်းထောင်မှပြန်လွတ်ခါစအချိန်တွင် မိတ်ဆွေအသိုင်းအ၀ိုင်းများနှင့် မိဘဆွေမျိုးများကို လိုက်လံနှုတ်ဆက်နေရသည်မို့ မည်သည့်ကိစ္စကိုမှ စတင်မဆောင်ရွက်နိုင်သေးကြောင်းသူကပြောသည်။
`ပြန်ရောက်ထဲက မအိပ်ရသေးဘူး။ သုံးရက်ရှိနေပြီ။ ဒီနေ့တော့ အရမ်းပင်ပန်းနေလို့ ဘယ်မှမထွက်ပဲနဲ့ အိမ်ထဲမှာပဲ နေနေတာ´ဟုသူကရယ်လျက်ပြောသည်။
သူသည် စီးပွားရေးတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်ခြင်းကြောင့် သူ၏ပထမဆုံးလုပ်ရမည့်အလုပ်မှာ ပညာရေးပင်ဖြစ်ကြောင်းသူကပြောသည်။
`လက်ရှိကျောင်းပြန်တက်ရအုံးမယ် လူငယ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်။ ကျောင်းကတော့ စီးပွားရေးတက္ကသိုလ်မှာ တက်တယ်။ ရွာသာကြီးမှာပေါ့။ နောက်ဆုံးနှစ်နဲ့ ကျောင်းနားထားရတယ်လေ။
အခုပြန်လွတ်လာတော့ ကျောင်းကတော့ပြန်တက်အုံးမှာပါ။ ကျောင်းပြန်တက်ဖို့အတွက် ကျွန်တော် ကျောင်းကိုသွားမယ်။ ပြီးတော့ လျှောက်လွှာတင်မယ်။ အဲလိုစီစဉ်ထားပါတယ်။ တက်ခွင့်ပြန်ရဖို့လဲ မျှော်လင့်ပါတယ်´ လို့သူကပြောပြတယ်။
ပညာရေးကိုလုပ်ရင်းနှင့် သူဖြစ်ချင်နေသော အကြောင်းအရာများကို သူ၏ရှေ့က နောင်တော်အကိုကြီးများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်၍ပြောပြသည်။
`ကျောင်းသားသမဂ္ဂတွေ တရားဝင်ပေါ်ထွန်းလာဖို့လိုအပ်တယ်။ အဲဒီ့အတွက်ကြောင့် တရားဝင်ပေါ်ထွန်းလာရေးအတွက်ကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိတယ်။ ကျွန်တော်တို့ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ဦးမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကိုဌေးကြွယ်တို့ ဒီပုဂ္ဂိုလ်တွေဆီက နောင်တော်ကျောင်းသားတွေဆီက ဒီကျောင်းသားသမဂ္ဂရဲ့ စိတ်ဓာတ်အစဉ်အလာ စိတ်ဓာတ်အမွေကို ကျွန်တော်တို့ ရခဲ့သလိုပဲ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဒီစိတ်ဓာတ်တွေကို လက်ဆင့် ကမ်းသွားပေးဖို့ ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ အဲဒီ့အတွက်ကြောင့် ဒီကိစ္စကိုလည်း ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ´လို့ စိတ်အားထက်သန်စွာ ပြောပြခဲ့ပါတယ်။
အကျဉ်းထောင်အတွင်းနေခဲ့သည့် ကာလတစ်လျှောက်လုံး စိတ်ဓာတ်မကျခဲ့ပဲ သူ၏အချိန်တော်တော်များများအား စာအုပ်များထဲတွင်သာ နှစ်မြုပ်ထားကြောင်း စာပေဗဟုသုတများမှာလည်း အရင်ကထက်ပိုးတက်လာကြောင်း ပြောနေပုံက သူ့၏ ပညာရေးအပေါ်တွင် ထားရှိထားသည့် စိတ်ကိုပေါ်လွင်စေသည်။
၎င်း၏အကျဉ်းထောင်အတွင်းနေခဲ့ရသည့်ကာလများတွင် ထောင်အပြောင်းအလဲများနှင့်တွေ့ကြုံခဲ့ရပြီး ထောင်ပိုင်ဆိုးအချို့နှင့်လည်း တွေ့ဆုံခဲ့ရကြောင်း၊ ဖိနှိပ်ချုံ့ချယ်မှုများနှင့်လည်းကြုံတွေ့ခဲ့ရကြောင်း အခက်အခဲများစွာနှင့်လည်းကြုံတွေ့ခဲ့ရကြောင်း ပြောပြသည်။
`တွေ့ခဲ့ရတာတွေကတော့ တော်တော်ဆိုးဆိုးပဲဗျ။ ဘူးသီးထောင်အကျဉ်းထောင်မှာတစ်ခု ထူးခြားတာက နေခဲ့ရတဲ့ တစ်နှစ်မှာပေါ့နော်။ ထောင်ပိုင်ဆိုးတစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ဦးစိန်ထွန်းဆိုတဲ့ ထောင်ပိုင်ဆိုး။ အဲဒီ့ပုဂ္ဂိုလ်နဲ့တော့ တော်တော်လေး ဖိနှိပ်မှုတွေခံစားခဲ့ရတယ်။ ပြီးတော့ တစ်ခြား အခက်အခဲတွေလည်းရှိတာပေါ့´ဟု ကိုစည်သူမောင်က ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ပြောပြခဲ့သည်။
ဘူးသီးထောင် အကျဉ်းထောင်တွင်းအတူတူရှိနေခဲ့သည် (၁၀)ဦးထဲမှ ကိုးဦးလွတ်မြောက်ပြီး တစ်ဦးကျန်ရှိ နေခဲ့သေးကြောင်းနှင့် ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုကြောင့် ကလေးအကျဉ်းထောင်တွင် အကျဉ်းချထားခြင်း ခံထားရသော (ဗ.က.သ)ကျောင်းသားအဖွဲ့ဝင် ကိုအေးအောင်ဆိုသူလည်း ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း ကိုစည်သူမောင်ကပြောသည်။
`ကျနေသေးတဲ့အကျဉ်းသားတွေလည်းရှိနေသေးတယ်။ အကိုအေးအောင်ဆိုရင် ထောင်(၅၄)နှစ်ကျထားခံနေရတာ။ အမှန်တကယ်ဆိုရင် သူတို့ကိုလဲပြန်လွတ်ပေးသင့်တယ်။ သူတို့ကျန်နေသေးတဲ့အတွက် စိတ်မကောင်းဘူး´ဟု ကိုစည်သူမောင်ကပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ရရှိရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ရဦးမည်ဖြစ်ပြီး ဖြည်းဖြည်းခြင်းပြောင်းလဲလာသည်ထက် လက်ရှိအချိန်တွင် လုပ်ပေးသင့် လုပ်ပေးထိုက်သည့် အပြောင်းအလဲများအား အမြန်ဆုံးလုပ်ပေးစေချင်ကြောင်း ပြောသည်။
`ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လုပ်ရမှာတွေက အများကြီးရှိနေတယ်။ အဲဒီ့မှာ တစ်ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲမှု လုပ်သွားရမယ့်အရာတွေရှိသလို အဓိကကျတဲ့ ချက်ခြင်းပြောင်းလဲလို့ရတဲ့ အရာတွေလဲရှိပါတယ်။ ဥပမာ တစ်ခုအနေနဲ့ပြောမယ်ဆိုရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခုက လူတန်းစားအလွှာအဖွဲ့အစည်းအသီးသီးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တရားဝင် ခွင့်ပြုပေးဖို့အတွက်။ ဒါတွေဟာ ချက်ခြင်းလုပ်ဆောင်လို့ရတဲ့ ကိစ္စတွေပါ။ အဲဒါတွေကို ကျွန်တော်ပြောချင်ပါတယ်´ဟု ကိုစည်သူမောင်ကပြောသည်။
ဒီကနေ့ခေတ်လူငယ်များကိုလည်း ပြောင်းလဲနေသောလမ်းကြောင်းပေါ်တွင် အတူတူလိုက်ပါဆောင်ရွက်ကြရန်နှင့် အကြောက်တရားများ မရှိစေရန်ကိုစည်သူမောင်ကပြောသည်။
` လူငယ်တွေကိုပြောချင်တာက အခု မြန်မာပြည်နိုင်ငံရေးဟာပြောင်းလဲနေပါပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုလည်း အတူတူသွားဖို့ ကြိုးစားနေပါပြီ။ အဲဒီ့အတွက်ကြောင့် အားလုံးဟာ ဒီနိုင်ငံရေးမှာ ပါဝင်လို့ရပါတယ်။ အရင်တုန်းကလို ကြောက်မနေကြတော့ပါနဲ့။ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးလက်တွဲဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အားလုံးပါဝင်ကြပါလို့ ပြောချင်ပါတယ်´ဟု ကိုစည်သူမောင်က လူငယ်များကို တိုက်တွန်းပြောကြားခဲ့သည်။

ဘူးသီးတောင် ထောင်မှ လွတ်မြောက်ခဲ့သော ဗ.က.သ စည်သူမောင်နှင့်တွေ့ဆုံခြင်း
Reviewed by သစ်ထူးလွင်
on
16:13
Rating:
No comments:
Post a Comment