မြန်မာအစိုးရသစ်အနေဖြင့်
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
ဦးဆောင်သည့်ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည်
ရှမ်းပြည်နယ်အခြေစိုက် RCSS/SSA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်
လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“အားလုံးအဆင်ပြေပြေပါပဲ၊
ပြောကြဆိုကြရတာတွေလည်း နွေးနွေးထွေးထွေးရှိပြီးတော့ သဘောတူညီချက်ကို
လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း ဖော်ဆောင်သွားရမယ့်
လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့ပါတယ်”ဟု အစိုးရဘက်မှ
ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခရော်နီကယ်သို့
ပြောကြားခဲ့သည်။
အဆိုပါ
ငြိမ်းချမ်းရေးဆွေးနွေးမှုကို RCSS/SSA ဘက်မှ ဗိုလ်မှူးချုပ် စိုင်းလူ
ခေါင်းဆောင်ပြီး ရှမ်းပြည်နယ်အစိုးရဘက်မှ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဥပဒေချုပ်
ဦးမောင်မောင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး
ဇော်ထွန်းတို့ ဦးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန်
ပထမအဆင့်အနေဖြင့် နှစ်ဦးနှစ်ဖက်အပစ်ရပ်ဆဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး
ကျန်ရှိသော လုပ်ငန်းစဉ် များဖြစ်သည့် နှစ်ဖက်ဆက်ဆံရေးရုံးများ ထားရှိရေး၊
အစိုးရဖက်မှ RCSS/SSA နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ RCSS/SSA ဖက်မှ
အစိုးရ နယ်မြေထဲသို့ ၀င်ရောက်သည်ဖြစ်စေ လက်နက်ယူဆောင်ခြင်း မပြုရေး၊
မပြေလည်သေးသည့် နိုင်ငံရေးကိစ္စများကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်
ဆွေးနွေးရေး စသည့်သဘော တူညီချက်များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြမည်
ဖြစ်ကြောင်း သိရသည်။
RCSS/SSA
အဖွဲ့သည် ဦးခွန်ဆာဦးဆောင်သည့် MTA မှ ၁၉၉၆ ခုနှစ်တွင်
ခွဲထွက်ပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေး
ဆွေးနွေးနိုင်ခြင်းဖြစ်ကာ ယင်းဖြစ်ရပ်ကြောင့် ရှမ်းပြည်နယ်တွင်
ဖွံဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းမှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း
RCSS/SSA ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့သူတစ်ဦးက
ပြန်လည်ပြောကြားသည်။
“သူတို့
ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ RCSS က တောင်းဆိုတဲ့အချက် တစ်ချက်ကို
ပြည်ထောင်စုအစိုးရထံ တင်ပြဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်
နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ အစိုးရဖက်မှ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး
အကျိုးဆောင်အဖွဲ့သည် RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်
ဦးဆောင်သည့်အဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
“မဝေးတော့တဲ့
အနာဂတ်မှာ ရှမ်းပြည်နယ်အတွက် ငြိမ်းချမ်းရေးပန်းက အလှမ်းမဝေးတော့ပါဘူး”ဟု
ယင်းဆွေးနွေးပွဲတွင် ပါဝင်သူ RCSS ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။
ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို
ပြည်တွင်းတွင် ထုတ်လွှင့်နေသည့် ချယ်ရီအက်အဖ်မ်မှ ကြားသိရသဖြင့်
ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အတွက် ဝမ်းသာမိကြောင်း ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့
နိုင်ငံရေးပါတီတွေက တရားမဝင်အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ရဘူးဆိုတော့
အဆက်ပြတ်နေတာ ပြည်တွင်း ပုဂ္ဂလိက အက်အဖ်မ်ကနေ အစိုးရသတင်းမီဒီယာထက်
ပိုမြန်တော့ သတင်းအတွက်ကော၊ လုပ်နိုင်စွမ်းအတွက်ကော တော်တော်အားရတယ်”ဟု
ယင်းက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့များအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိခြင်းကြောင့်
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်သည် အကောင်အထည်
ဖော်လာမည်ကို တွေ့မြင်နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက
ပြောကြားသည်။
YC(KS)
Myanmar News Now
Myanmar News Now
RCSS နှင့် ရှမ်းပြည်နယ် အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်
Reviewed by သစ်ထူးလွင်
on
10:14
Rating:
No comments:
Post a Comment