အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးစီးကျင်းပမည်ဖြစ်သော “ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ
ဂီတပွဲနှင့်ဈေးရောင်းပွဲတော်” အား ခွင့်မပြုနိုင်ကြောင်း သုဝဏ္ဍ
အားကစားကွင်း တာဝန်ခံများက ပြောဆိုသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။
NLDက ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ရန်ပုံငွေ ဂီတပွဲတော်ကျင်းပရန် ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်ရုံးထံ ပွဲခွင့်ပြုမိန့် တောင်းခံထားဆဲမှာပင် သုဝဏ္ဍကွင်း အာဏာပိုင်များက အစီအစဉ် ပြန်လည်ရုပ်သိမ်းရန် သောကြာနေ့တွင် အကြောင်းကြားလာခြင်းဖြစ်သည်။
တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဖြစ်မြောက်ရေးကော်မတီတွင် NLDပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ဥက္ကဋ္ဌ၊ ပညာရေးကွန်ယက်တွင် ဦးဖြိုးမင်းသိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ယင်းရန်ပုံငွေ ဖျော်ဖြေပွဲကို NLD ပါတီ၊ NLD ပါတီနှင့်ချိတ်ဆက် ဆောင်ရွက်နေသော ပညာရေးကွန်ယက်အဖွဲ့များနှင့် အနုပညာရှင်များက ပူးပေါင်းစီစဉ်ကြခြင်းဖြစ်သည်။
“၁၆ ရက်နေ့မှာ အမျိုးသမီးအားကစားပွဲနဲ့ တိုက်နေလို့ ဒီရက်ကို မလုပ်ဖို့ ကျနော်တို့ကို ပြောလာပါတယ်။ အခုက နောက်ဆုတ်ခိုင်းတယ်ဆိုတာ ရက်ရွှေ့ပေးဖို့ မဟုတ်ပါဘူး။ မလုပ်ဖို့ ပြန်ရုပ်သိမ်းခိုင်တာပါ။”ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက မဇ္ဈိမကိုပြောသည်။ အားကစား ၀န်ကြီးဌာန လက်အောက်ရှိ သုဝဏ္ဍအားကစားကွင်း လုံခြုံရေးတာဝန်ခံ ဒုရဲမှူးကြီး စိုးသန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။
ပွဲကျင်းပမည့်ရက်အား အားကစာကွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ကာ သဘောတူ ရွေးချယ်ခဲ့ပြီးနောက် ပွဲခွင့်ပြုမိန့်အတွက် လိုအပ်သော နယ်မြေဒေသခံ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများရယူကာ ရန်ကုန်တိုင်းအစိုးရသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။
ယင်းရန်ပုံငွေပွဲအား မူလအစီအစဉ်အတိုင်း ကျင်းပလိုကြောင်း ဦးဖြိုးမင်းသိန်းက “အခက်အခဲတွေကတော့ လက်မှတ်တွေလည်း ကြိုရောင်းထားတယ်၊ အနုပညာရှင်တွေနဲ့လည်း ပြောဆိုထားတာတော့ အခက်အခဲတွေကတော့ အများကြီးပေါ့။”ဟု ပြောသည်။ ကြိုတင်လက်မှတ် ရောင်းရငွေ ၁၅ သိန်းခန့် ရရှိနေပြီး ပွဲကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြသွားမည်ဟုဆိုသည်။
NLD ပါတီအား ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားများ ပညာရေးအတွက် ကူညီရန် ဂီတရန်ပုံငွေပွဲကို စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဦးဝင်းတင်၊ ပညာရေးကွန်ယက် လှုပ်ရှားသူများနှင့် ဂီတ အနုပညာရှင်များက ရန်ကုန်မြို့ ဆာကူရာ တာဝါတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းစာရှင်းပွဲတရပ်ပြုလုပ်ကာ ပွဲကျင်းပရေး အစီအစဉ်များကို ကြေငြာခဲ့သည်။
ဂီတပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
Emperor၊ Metalzone၊ Lazy Club၊ Big Bag၊ Plus 3၊ Spectrum၊ Reason ၊ Wanted ၊ Vertical Vibration, The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅၀ ကျော်က မေတ္တာဖြင့် ကူညီသီဆိုကြ မည်ဖြစ်သည်။
ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအား ရုပ်ရှင်ရိုက်ကူးစေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်
နှင့် မြန်မာ့ရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင်များ၊ အတတ်ပညာရှင်များနှင့်လည်း ဒီဇင်ဘာလ ငါး ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
By သဲသဲ --- နယူးဒေလီ(မဇ္ဈိမ)

NLD ပညာရေးရံပုံငွေ နဲ့  ဈေးရောင်းပွဲတော် ခွင့်ပြုချက်မရ
Reviewed by သစ်ထူးလွင်
on
08:11
Rating:
1 comment:
ဒီအစိုးရက ဒီလို လုပ်တတ်ပါတယ်။ဘောင်းဘီချွတ်ပြီး ပုဆိုးဘဲ ၀တ်ထားတာ ဒီလူ ဒီအကျင့် ဒီအစွဲ ဘယ်တော့မှ မပျောက်ပါ။ဒါကိုယုံ လက်မှတ်တွေ ရောင်း
ထားတဲ့ လူတွေ ကို အစိုးရက ၀ယ်သူဘက်ကနေ တရားစွဲခိုင်းလိုက်အုံးမယ်။
လက်မှတ် ၀ယ်ထားသူတွေကို စာရင်းကောက်မယ် နစ်နာပါတယ်ဆို တရားစွဲ
ခိုင်းမယ်။ ထို့ကြောင့် ဒီတိုင်းပြည်ကို မြန်မာပြည်လို့ ခေါ်ပါတယ်။ ဒါကြောင့်လဲ
အစွန်းနဲနဲ ရောက်သူတွေက မြန်မာတွေတော်တယ်ဆိုတာ ဘယ်နေရာမှလဲ ????မြန်မာကိုးကွယ်တဲ့ ဘာသာရေး????? အကုန်ဝေဘန်လာဘီ။ဒီလို အရည်အသွေး
ညစ်ပတ်မှု တွေနဲ့ စင်္ကာပူလို ဖြစ်အောင် လုပ်မယ်ဆိုတော့.....စင်္ကာပူက တစ်ချိန်
လေ့လာတာက အင်္ဂလိပ်ကြောင့်ဆိုတာ နားမလည်ဘူး။
Post a Comment