ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ပေ ၄၀၊ ၆၀ မြေကွက်တကွက်၏ ဈေးနှုန်းမှာ ယခု သတင်းမထွက်ပေါ်မီအချိန်ထိ ကျပ် ၃ သိန်းခန့်ရှိခဲ့ရာမှ လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း တည်နေရာပေါ်မူတည်၍ အနည်းဆုံး ၁၅ သိန်းဝန်းကျင်မှ အများဆုံး သိန်းတစ်ရာကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“အခုအချိန်မှာ ၀ယ်လက်ကအရမ်းများတယ်။ ရောင်းမယ့်သူပဲရှာရတာ။ တစ်နေ့တည်းမှာ တစ်ဦးတည်း ၁၄ ကွက်လောက် ၀ယ်တဲ့သူတောင်ရှိတယ်။ ဈေးတက်လာတာက ၀ယ်လက်တွေကိုယ်တိုင် ဈေးမြှင့်ပေးလို့ တက်လာတာ။ ရောင်းတဲ့သူက စခေါ်တာမဟုတ်ဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ အကျိုးဆောင် ဦးစောအယ်ထူးကဆိုသည်။
အကျိုးဆောင် တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်မိုးက “အစိုးရကသိမ်းမယ်ဆိုပြီးသတင်းထွက်နေတဲ့ ရပ်ကွက်တွေမှာတော့ ဈေးသိပ်မတက် လာဘူး။ ဒါပေမယ့် အခြားရပ်ကွက်တွေ အကုန်လုံနီးပါးဈေးတက်နေတယ် ” ဟု ဆိုသည်။
မြေကွက်အရောင်းအ၀ယ်ကို မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းထောင့် (၇၊ ၈ လမ်းဆုံ) ရှိ ကောင်းမွန်ကျော် လက်ဖက်ရည်ဆိုင်၌ မြေကွက်ဝယ်ရောင်းနှင့် ပွဲစားများဖြင့် နေ့စဉ်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။
အရောင်းအ၀ယ် ပြုလုပ်ရာတွင် မြေကွက် တည်နေရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခြင်းမရှိပဲ မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ထုတ်သော မြေပုံကိုကြည့်ရှုကာ အရောင်းအ၀ယ် လုပ်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိမ်လည်မှုများနှင့် ကြုံတွေ့ရသူ များလည်း ရှိကြောင်း ဦးစောအယ်ထူးက ဆိုသည်။
မြေကွက်ဝယ်ယူသူ ၀ယ်ယူသူအများစုမှာ တရုတ်လူမျိုးများနှင့် ရှမ်းတရုတ်များဖြစ်ကြောင်း၊ အခြား စီးပွားရေးဈေးကွက်များ ကျဆင်းနေချိန်တွင် ငွေရင်းနှီးကို အိမ်ခြံမြေဘက်သို့ ရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ကာ နိုင်ငံခြားသားများပင် လာရောက် လေ့လာမှု ရှိနေသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
ယခုကိစ္စနှင့်ပတ်သတ်ပြီး ယူနတီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကလည်း “ ၉၆ ခုနှစ်ဝန်းကျင် လောက်တုန်းက သန်လျင်ဘက်မှာ အခုလို ဖြစ်ဖူးတယ်။ စက်မှုဇုန်လုပ်မယ်ဆိုတဲ့သတင်းကြောင့် မြေကွက်တွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့ဘူးတယ်။
အဲဒီတုန်းကတော့ အခုလို ဈေးမမြောက်ဘူး။ နောက်တော့လည်း ပြန်ငြိမ်သွားတာပဲ” ဟု ဆိုသည်။
၁၉၉၇ ခုနှစ်ကလည်း ရန်ကုန်မြို့သစ် ဆင်ခြေဖုန်းမြို့နယ်များဖြစ်သည့် တောင်နှင့် မြောက်ဒဂုံ သံလျင်မြို့နယ်ရှိ မြေကွက်များကို ၀ယ်ယူကာ လက်လွှဲရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိခဲ့ကြသည်။ သို့ရာတွင် ၁၉၉၇ ခုနှစ် အာရှစီးပွားပျက်ကပ် ဖြစ်ပွားသည့်နောက် တွင် မြေကွက်ဈေးကွက်ပျက်ကာ ဆယ်စုနှစ်တခုကြာသည်အထိ ဈေးနှုန်းသိသိသာသာ မမြင့်တက်ပဲ ရှိနေခဲ့သည်။ ယင်းကာလကို အိမ်ခြံမြေ ရွှေခေတ်ဟု ရည်ညွှန်း ခေါ်ဆိုကြသည်။
ယခုလက်ရှိကာလတွင် ဒဂုံမြို့သစ်မြို့နယ်များသာမက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း ၊ ဒလ၊ သန်လျင် စသော ဆင်ခြေဖုန်း မြို့နယ်များတွင်လည်း အိမ်းခြံမြေများ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကဆိုသည်။ ။
ဒီဇင်ဘာ ၂၀၊ ၂၀၁၁ (YPI)
အာဆီယံရထားလမ်း စီမံကိန်းသတင်းထွက်ပြီး ဒဂုံမြို့သစ် မြေဈေးထိုးတက်
Reviewed by သစ်ထူးလွင်
on
08:25
Rating:
1 comment:
မြေဈေးတွင် ကျနိုင်လား. အမှန်တကယ် ၀ယ်လိုတဲ့သူတွေအတွက်တော့ ဘယ်လိုလုပ်ဖြစ်မလည်း နော် ဈေးကလည်းပိုတက်လာတာဘဲ၇ှိတယ်
Post a Comment