ကြံ့ ဖွံ့ ပါတီနှင့် တွေ့ဆုံခြင်းမှာ ပူးပေါင်းရန်မဟုတ်ဟု ဒီမိုမိတ်ဆွေပါတီများက ငြင်းဆို
ဒီမိုကရေစီ မိတ်ဆွေ ပါတီများအနေဖြင့် ယခုလ ၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တွေ့ဆုံခဲ့ခြင်းမှာ ၄င်းပါတီနှင့်ပူးပေါင်းခြင်းမဟုတ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ ပြောရေးဆိုခွင့်ရှိသူများက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုလိုက်သည်။
 ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဦးလှစောက “ကျွန်တော်တို့ တွေ့ဆုံတဲ့ဟာကို မီဒီယာ အချို့မှာ ပူးပေါင်းဆိုပြီး သုံးတဲ့အတွက် နိုင်ငံရေးမှာ တော်တော်ကို အငြင်းပွားစရာဖြစ် ရတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ပါတီအနေနဲ့ပြောချင်ပါတယ်၊ ကျွန်တော်တို့ပါတီက ရခိုင်ကိုယ်စားပြုတဲ့ပါတီပါ၊ ကျွန်တော်တို့ပါတီက ကြံ့ခိုင်ရေးနဲ့ ပူးပေါင်းစရာအကြောင်း အရင်ကလည်းမရှိဘူး။ အခုလည်းမရှိဘူး၊ နောင်လည်းရှိမှာမဟုတ်ဘူး” ဟု ကြံ့ခိုင်ရေး ပါတီနှင့် ပတ်သက်သည့် စွပ်စွဲချက်ကို တုံ့ပြန်ပြောကြားသွားသည်။
ထိုသို့ပူးပေါင်းခြင်းမရှိသော်လည်း နိုင်ငံနှင့် လူမျိုး အကျိုးရှိမည့်ကိစ္စများကိုမူ ကြံ့ခိုင်ရေးပါတီသာမက မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီများမှ တာဝန်ရှိသူများက ဆိုသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဒေါက်တာသန်းငြိမ်းက “ ကျွန်တော်တို့နဲ့သူုတို့တွေ့ဆုံတော့လည်း ကျွန်တော်တို့ဘက် က ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီမိတ် ဆွေပါတီတွေအနေနဲ့က သူတို့နဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ့်ပါတီတွေရဲ့ ကိုယ်ကျိုးအတွက် မဆွေးနွေးဘူး။ နိုင်ငံအကျိုးရှိမယ့်ကိစ္စကိုပဲ ဦးတည်ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်” ဟု ပြောဆိုသည်။
၎င်းကပင် ထပ်မံပြီး ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။
 ၎င်းကပင် “အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့လုံးဝမစဉ်းစားပါဘူး။ ထည့်လည်း မဆွေးနွေးခဲ့ဘူး။ နိုင်ငံနဲ့လူမျိုးအကျိုးစီးပွား ရှိမယ့်ကိစ္စကိုပဲ တွေ့ဆုံဆွေးနွေးမယ်လို့ပြောခဲ့တာပါ” ဟု ထပ်မံ ပြောကြားသည်။
ယခုလ အစောပိုင်းက ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိခဲ့သော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် တွေ့ဆုံလိုကြောင်း ကမ်းလှမ်းခဲ့ရာမှ  ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး အလွတ်သဘောဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံပွဲအပြီးတွင် မီဒီယာ The First Weekly သတင်းဂျာနယ်၌ ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်ပူးပေါင်း ဟု ဖော်ပြခဲ့ကြသည်။
ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးထွေးမြင့်က “အကြမ်းအားဖြင့်တော့ ဒီမိုကရေစီ အခြေခံတဲ့ ပါတီအချင်းချင်း မိတ်ဖွဲ့တာကောင်းပါတယ်။ အတွင်းက ဘယ်လို ရည်ရွယ်ချက်ရှိ မလဲဆိုတာတော့ မသိဘူးပေါ့နော်။ တင်းမာတဲ့အခြေအနေကိုလျော့ပါးစေနိုင်မယ့်၊ ညှိနှိုင်းစရာရှိရင် ညှိုနှိုင်းနိုင်တဲ့ ရည်ရွယ်ချက် ဖြစ်ဖို့မျှော်လင့်ပါတယ်” ဟု  ဒီမိုဆယ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီ တွေ့ဆုံမှုကို မှတ်ချက်ချပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (photo-popularmyanmar)
ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ဖြစ်ကြသည်။     ။
ဒီဇင်ဘာ ၁၂၊ ၂၀၁၁ (YPI)
1 comment:
Myanmar said...
၇ှင်းပါတယ် အစကတည်းက ပေါင်း၇န်မဟုတ် မကောင်းတတ်လို့ အောင်သိန်းလင်းကျွေးတာ သွားစားတာပါ။ အခုလိုဗျောင်ငြင်းလိုက်တော့ သတင်းထဲ့တဲ့ ကောင်တွေအစား ၇ှက်လိုက်တာကွာ။ ။
Powered by Blogger.