နေပြည်တော်မဲဆန္ဒနယ်များတွင် အလေးထား ယှဉ်ပြိုင်သွားမည်ဟု ဦးတင်ဦး ပြောကြား

ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်နေရာ လေးနေရာ ရှိသော နေပြည်တော်မဲဆန္ဒနယ်များတွင်လည်း အလေးအနက်ထား ယှဉ်ပြိုင်သွားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပထမခေါင်းဆောင် ဦးတင်ဦးက ယခုလ ၂၃ ရက်က နေပြည်တော်သပြေကုန်း ဈေးရှိ လူငယ်အင်အားစုစည်းမှု ကွန်ရက်ရုံးခန်း၌ ကျင်းပသော တွေ့ဆုံ ပွဲတွင် ပြောသည်။
"ကေသရာဇာခြင်္သေ့ဟာ သား ကောင်ဖမ်းရင် သားကောင်ကြီးကြီး၊ ငယ်ငယ် လုံလဥဿာဟ တန်းတူ ထုတ်သလို ဘာပဲလုပ်လုပ် အားထုတ် စေချင်ပါတယ်" ဟု ယခုလ ၂၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၌ ပါတီမှတ်ပုံတင်ခွင့်လက်မှတ်ရေးထိုးပွဲ အပြီး ၎င်း၏ပါတီဝင်များနှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်။
နေပြည်တော်ခရိုင် ရှစ်မြို့နယ်အနက် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုပ္ပသီရိမြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့သာ အဓိကယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ဒေသခံ များက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် နေပြည်တော်ရှစ်မြို့နယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုး သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလ အမတ်လောင်းအချို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရရှိ ခဲ့သည်။ ဇမ္ဗူသီရိမြို့နယ်မှ ဦးသိန်းစိန်က သမ္မတ၊ ပုပ္ပသီရိမြို့နယ်မှ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုတိယသမ္မတ၊ ဒက္ဒိဏ သီရိမြို့နယ်မှ ဦးမြင့်လှိုင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် နှင့် ဦးကျော်စွာခိုင်က သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့အဖြစ် အစိုးရအဖွဲ့တွင်၊ရွေးချယ်ခံခဲ့ရသည်။
"အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတော့ ကျွန်တော်တို့ မဲဆန္ဒရှင်တွေ ရွေးချယ်စရာ တိုးသွားတာပေါ့ဗျာ" ဟု အသက် ၄၆ နှစ်အရွယ် ပျဉ်းမနားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဝင်းကိုကိုလတ် (မြန်မာ့တိုင်းမ်)
နေပြည်တော်မဲဆန္ဒနယ်များတွင် အလေးထား ယှဉ်ပြိုင်သွားမည်ဟု ဦးတင်ဦး ပြောကြား နေပြည်တော်မဲဆန္ဒနယ်များတွင် အလေးထား ယှဉ်ပြိုင်သွားမည်ဟု ဦးတင်ဦး ပြောကြား Reviewed by သစ်ထူးလွင် on 08:07 Rating: 5

No comments:

Powered by Blogger.