ပြုံးရင်လှမှာလားတဲ့
အဲ့ဒီ့က စလို့အပြုံးဆိုတဲ့ ဝေါဟာရကို ပြန်အမှတ်ရခဲ့တယ်။
၂ဝ၁ဝ
ပြုံးရင်လှမှာလားတဲ့
ဟန်ဆောင်လို့တောင် မပြုံးတတ်တော့သူတွေကြား
အပြုံးဒဿနတွေ ဖွေရှာဖို့ လမ်းညွှန်လိုက်တဲ့စကား
ဖိစီးနေတဲ့လူမှုဒုက္ခကြားမှာ
အပြုံးဆိုတာလည်း မေ့သွားလောက်ရဲ့မဟုတ်လား အမေ။
ပြုံးရင်လှမှာလားတဲ့
လောကသဘာဝကိုက ပြုံးရင်တော့လှမှာပါပဲ အမေ။
ရုန်းကန်ခဲ့ရ အမေ့ဘဝထက်ကိုပဲ
သားတို့ကြုံရ လူမှုဒုက္ခက ဘာပိုမှာလဲ
အမေတောင်ပြုံးနိုင်မှတော့
သားတို့လည်း ပြုံးကြရမှာပေါ့။
၂ဝ၁၁
ပြုံးရင်လှမှာလားတဲ့
ပြုံးဖို့ဆုံးဖြတ်တဲ့ အမေ့နှလုံးသား
သွေးချင်းနီးသလိုနဲ့ ဝေးနေသူတွေလည်း ပြန်နားလည်စေချင်ပါရဲ့
အမေယုံကြည်တဲ့ အပြုံးပန်း ထာဝစဉ်အစွမ်းကုန် လန်းနိုင်မှာပါ
အပြုံးတစ်ချက်ကမ်းလိုက်တိုင်း အပြုံးတွေပြန်ပြန်ရနေတာ
အမေ ဖွေရှာတွေ့ရှိလိုက်တဲ့ အမှန်တရားဖြစ်ပါစေ။
ပြုံးရင်လှပါတယ် အမေ
အမေလည်းပြုံး သားလည်းပြုံးမယ်
အပြုံးကိုယ်စီနဲ့
သားတို့ကြိုလိုက်ပါမယ်
၂၀၁၂ နှစ်သစ်ကို။
ကိုမျိုး(မြန်မာစာ)
(လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်က နေအိမ်အကျယ်ချုပ်ကာလ ကပ်ကင်းဘဲလ်နှင့်တွေ့ဆုံအပြီး စာနယ်ဇင်းများ သတင်းယူစဉ် အပြုံးလေးတစ်ချက်တောင်းသည့် ဓာတ်ပုံ သတင်းထောက်ကို ပြန်မေးလိုက်သော အမေ့စကားအား ထိုအချိန်က တစ်ဝက်တစ်ပျက် ခံစားရေးဖွဲ့ခဲ့ပြီး ယခု ၂ဝ၁၁ ကာလစိတ်ခံစားမှုအရ အပြီးသတ်ရေးဖွဲ့၍ ၂ဝ၁၂ ကို ကြိုဆိုခြင်းဖြစ်ပါသည်)

နှစ်သစ်ကြို အပြုံး
Reviewed by သစ်ထူးလွင်
on
20:48
Rating:
1 comment:
လေးစားပါတယ် MNNရေ ကျွန်တော်တို့လိုအင်တာနက် သတင်းတွေကို အားကိုးနေရတာ MNNက အမြန်ဆုံuးpdate အဖြစ်ဆုံးတင်ပေးနိုင်တာ ကျေးဇူးတင်ပါတယ်။
Post a Comment