ဓာတ်ရောင်ခြည်ကုသစက်သစ်တစ်လုံး ထပ်ဝယ်ယူရန် သမ္မတညွှန်ကြား

ဓာတ်ရောင်ခြည်စက်ဖြင့် ကုသနိုင်ရေး အလှည့်ကျရန် စောင့်ဆိုင်းနေရသော ကင်ဆာဝေဒနာရှင် ထောင်ချီရှိနေသည့် မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်ပြည်သူများ အဆင်ပြေစေနိုင်ရေး အတွက် ဂျာမနီနိုင်ငံရှိ ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး အမြန်ဆုံးဝယ်ယူရန် နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

"နိုင်ငံတော်သမ္မတကြီးက သူ့ပြည်သူတွေ ဓာတ်ကင်ကုသမှု မလုပ်လိုက်ရလို့ အသက်သေဆုံးရမှာမျုး မဖြစ်စေလိုဘူးလို့ဆိုပြီးတော့ ဓာတ်ကင်စက်တစ်လုံးကို အမြန်ဆုံးဝယ်ယူဖို့ ညွှန်ကြားတာပါ" ဟု အဆိုပါဝန်ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်စက် အလှည့်ကျရန်ခြောက်လ ခုနှစ်လခန့် စောင့်ဆိုင်းနေရသည်ကို သိရှိသည့်အတွက် နိုင်ငံတော်သမ္မတကြီးက (အစိုးရအဖွဲ့၏ လိုအပ်ချက်အပေါ်) စိတ်မကောင်းဖြစ်ကာ ယခုကဲ့သို့ စက်သစ်တစ်လုံးမဖြစ်မနေ ဝယ်ယူရန် ညွှန်ကြာခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတကြီးနှင့် နီးစပ်သည့် အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

"ဓာတ်ရောင်ခြည်ကုသဖို့ စောင့်နေတဲ့သူနဲ့ ရှိတဲ့ဓာတ်ရောင်ခြည်ကုသစက် ဘယ်လိုမှမလုံလောက်ဘူး။ နောက်ထပ်စက်အသစ်တွေ လိုအပ်နေသေးတယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယခင် Radiotherapy ဖြင့် ကုသသည့် ကင်ဆာရောဂါကု ဓာတ်ရောင်ခြည်စက်သုံးလုံးရှိရာ လွန်ခဲ့သည့် သုံးနှစ်ခန့်က စက်တစ်လုံးပျက်စီးသွားခဲ့ပြီး နောက်တစ်လုံးမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းပျက်စီးသွားခဲ့၍ စက်တစ်လုံးဖြင့်သာ ကုသပေးနေရကြောင်း၊ ယင်းသို့ကုသနေရာ အဆိုပါဌာနတွင် ကနေဒါနိုင်ငံမှ ဇူလိုင်လအတွင်းက တင်သွင်းတပ်ဆင်နေသည့် ကင်ဆာရောဂါဟု ဓာတ်ရောင်ခြည်စက်သစ်ဖြင့် ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ကုသပေးနေပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဟု ဓာတ်ရောင်ခြည်ကုသစက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးစဝ်စံထွန်းဆေးရုံတို့တွင်သာ ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ကုသရန် ဝေဒနာရှင်များပြားလွန်း၍ အချို့လူနာများမှ မစောင့်ဆိုင်းနိုင်သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးနှင့် ပြည်ပနိုင်ငံများတွင် သွားရောက်ကုသနေကြရကြောင်း၊ ပြည်ပနိုင်ငံများတွင် သွားရောက်ကုသပါက သိန်းရာချီကုန်ကျကြောင်း ကင်ဆာရောဂါဝေဒနာရှင်များက ဆိုကြသည်။

"ဓာတ်ရောင်ခြည်ကုသဖို့လိုတဲ့ ကင်ဆာဝေဒနာရှင်တွေကို ဓာတ်ရောင်ခြည်ကုသရင် ရောဂါအခြေအနေပေါ်မူတည်လို့ တချို့က လုံးဝပျောက်ကင်းနိုင်တယ်။ တချို့က ရောဂါသက်သာသွားနိုင်တယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly Journal

ဓာတ်ရောင်ခြည်ကုသစက်သစ်တစ်လုံး ထပ်ဝယ်ယူရန် သမ္မတညွှန်ကြား ဓာတ်ရောင်ခြည်ကုသစက်သစ်တစ်လုံး ထပ်ဝယ်ယူရန် သမ္မတညွှန်ကြား Reviewed by သစ်ထူးလွင် on 02:14 Rating: 5

1 comment:

ဘင်ဘင် said...

ဝယ်သင့်တာကြာပါပြီ..တစ်လုံးထဲထပ်ဝယ်မှာလား..ကျွန်တော့်မိတ်ဆွေတစ်ယောက် နေမကောင်းလို့ဆေးခန်းသွားပြတာ ဆရာဝန်က မင်းအမြန်ဆုံး ဓတ်ကင်ရမယ် အခြေအနေတော်တော်ဆိုးနေကြောင်းပြောပါတယ်..ဒါနဲ့သူလဲ ကြောက်လန့်တစ်ခြားဖြစ်ပြီး အမြန်ဆုံး ခွဲစိတ်ကုသဖို့ တုံကင်ယူရာ သူ့အလှည့်က နောက်ခြောက်လနေမှ ရောက်မှာ ဖြစ်ပါတယ်..ဒါနဲ့သူလဲစောင့်ရင်းစောင့်ရင်းနဲ့ သူဓတ်ကင်မဲ့နေ့မှာပဲ ဦးကျော်သူရဲ့ကားသူ့အိမ်ရှေ့ ရောက်နေခဲ့ပါပြီ..အဲဒီလိုအဖြစ်မျိုးတွေ မြန်မာပြည်မှာ အများကြီးပါပဲ..ခုလို သမ္မတ က ၀ယ်ပေးမယ်ဆိုလည်း လုံလုံလောက်လောက်လေးဖြစ်အောင် ၀ယ်ပေးပါလို့တောင်းဆိုချင်ပါတယ်.

Powered by Blogger.