ရန်ကုန်မြို့သစ်နှင့် မြို့စွန်လယ်မြေတန်ဖိုး တစ်ဟုန်ထိုးတက်

နိုင်ငံရေးအပြောင်းအလဲ အချို့ရှိလာပြီး ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချရမှု မြင့်တက်လာ ပြီးနောက် မြို့သစ်များနှင့် ဆင်ခြင်ဖုံးလယ်မြေကွက်များ၏ တန်ဖိုးမှာ မယုံကြည်လောက်အောင် တစ်ဟုန်ထိုး မြင့်တက်လာကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် မြေရောင်းလိုသူနည်းနေပြီး ၀ယ်လိုသူ သိသာစွာများပြားလာကြောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာလမ်းမကြီး (၁၃၃) ရပ်ကွက်တွင် လွန်ခဲ့သည့် တစ်လက ကျပ်ဆယ်သိန်းဖြင့် ၀ယ်ယူထားသည့်မြေကွက်ကို ယခုသိန်း ၃၀၀ နှင့် ရောင်းလိုက်နိုင် ကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းနေ အိမ်ရာမြေအကျိုးဆောင် ဦးကျော်ဝင်းစိန်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူအများစုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ မြန်မာနိုင်ငံသို့လာ ရောက်သွားပြီးနောက် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာလိမ့်မည်ဟူသည့် မျှော်လင့်ချက်နှင့် မြေကွက်များကို လက်ဦးမှုရယူ ၀ယ်ထားလိုကြကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

" အခုဝယ်နေတာ ဘာမှမရှိတဲ့ လယ်ကွက်နော်။ လေးသိန်းက လေးဆယ်ကျော်ဖြစ်ကုန်တာ" ဟု ၄င်းကဆိုသည်။ ယခုမြေကွက်ရောင်းရာတွင် မြေကွက်ကိုလိုက်လံပြသစရာမလိုဘဲ မြေပုံပေါ်တွင် အကွက် နံပါတ်ကိုပြော လိုက်ရုံသာဖြစ်ပြီး ကြိုက်နှစ်သက်ပါက ငွေချေကာ ယမန်နေ့က ကျပ် ၂၃ သိန်းနှင့် ၀ယ်ထား တာ မြေကွက်ကို ယနေ့ ၂၇ သိန်း ပေးဝယ်သူရှိကြောင်း၊ ယခုတစ်လအတွင်းပွဲခသီးသန့် သိန်း ကျပ် ၁၅၀ ခန့် ရရှိထားပြီဖြစ်ကြောင်း အသက် ၃၈ နှစ်အရွယ် အကျိုးဆောင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လှိုင်သာယာ ၅ ထိပ်တွင် ပေ ၈၀×၆၀ အကွက်ကို ပြီးခဲ့သည့်တစ်ပတ်က သိန်း ၈၀ နှင့်ရောင်း လိုက်ရာ တစ်ပတ်အတွင်း သိန်း ၁၀၀ နှင့် ပြန်လာဝယ်သူရှိကြောင်း အိမ်နှင့် ခြံကို ရောင်းခဲ့သူ ဒေါ်မီးမီးက ဆို သည်။ သီလ၀ါတွင် နှစ်ဧကကွက်ကို သိန်း ၁၅၀ နှင့် ၀ယ်ထားရာ ယခုနေရာအနေအထားပေါ်မူတည်ပြီး သိန်း ၅၀၀၀ မှ ၇၀၀၀ အထိ ဈေးမြောက်လာကြောင်း၊ ဒလ၊ ဒဂုံမြောက်နှင့် မင်္ဂလာဒုံတို့တွင် ဈေးများ အဆမတန် တက်နေပြီး မန္တလေးမှ ၀ယ်လက်များသည် ပြီးခဲ့သည့်တနင်္လာနေ့ (၁၂ ရက်)ကစပြီး ဆင်းလာဝယ်နေကြောင်း အတွေ့အကြုံ ၁၅ နှစ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပ ရောက်မြန်မာအချို့၏ စုဆောင်းထားသည့် ငွေများ နိုင်ငံရေးအခြေအနေ ပွင့်လင်းလာသည်ဆိုကာ ပြည်တွင်း သို့ သိသိသာသာဝင်နေကြောင်း၊ နိုင်ငံခြားတွင် မြေ၀ယ်ထားပြီး တစ်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းမြတ်ရန်မဖြစ် နိုင် ကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းမြတ်နိုင်သည့် မျှော်လင့်ချက်နှင့် အိမ်၊ခြံ၊မြေတွင် ရင်း နှီးမြှုပ်နှံမှု လုပ်နေကြောင်း သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
The Voice Weekly Journal
ရန်ကုန်မြို့သစ်နှင့် မြို့စွန်လယ်မြေတန်ဖိုး တစ်ဟုန်ထိုးတက် ရန်ကုန်မြို့သစ်နှင့် မြို့စွန်လယ်မြေတန်ဖိုး တစ်ဟုန်ထိုးတက် Reviewed by သစ်ထူးလွင် on 02:22 Rating: 5

2 comments:

ဘင်ဘင် said...

အော် ..ငါတို့မှာသာ နိုင်ငံခြားမှာ ကျွန်ခံပြီး ဘာမှဖြစ်မလာ..ဒီပုံအတိုင်းဆို မြေ၀ယ်ဖို့တော်တော်ဝေးသွားပြီ..မြန်မာပြည်လည်း ဘာတွေဘယ်လို ကပြောင်းကပြန်ဖြစ်နေလည်းမသိဘူး..ချမ်းသာတဲ့သူတွေက သိန်းပေါင်းသောင်းချီချမ်းသာ..ဆင်းရဲတဲ့သူတွေက ကုန်းကောက်စရာမရှိ..ငါတို့လိုဟိုမရောက်ဒီမရောက်ကြပြန်တော့လည်း ဟိုလည်လည် ဒီလည်လည်..ဘ၀သံသရာ ဘ၀သံသရာ...

Anonymous said...

ပြည်တွင်းကငွေက ပြည်တွင်းမှာလဲပြန်လည်နေပြီး ဈေးတွေ ခေါက်ခိုက်လာတော့ ငွေကြေးဖောင်းပွာလာဖို့ အားယူနေသလားတောင်မှတ်ရတယ်..ငွေကြေးဖောင်းပွမှုမတရားဖြစ်လာရင် ရေရှည်ပြည်သူတွေခံနိုင်လိမ့်မှာမဟုတ်ဘူး..နိုင်ငံခြားက လာမယ့်ရင်းနှီးမြှုပ်နှံမှုဆိုတာကလဲ ခွေးဝမ်းသာအောင်အီးနံ့ပေးနေသလိုဖြစ်နေတယ်။ ပြည်တွင်းကလူတွေခမျာတော့ ရှိသမျှရောင်းချပေါင်နှံပြီး ဟိုဝယ်ဒီဝယ် နဲ့ မတန်တဆပေးပြီးရင်းနှီးထားရတယ်ပေါ့လေ. တကယ် နိုင်ငံရေးပွင့်လင်းမှုနောက်ပြန်ဆုတ်သွားလို့ကတော့.မတွေးရဲစရာပဲ ၈၈ ထက်တောင်ပိုဆိုးသွားမှာပူမိတယ်. အားလုံးအေးအေးချမ်းချမ်းနဲ့ ပြီးသွားကြပါစေဗျား

Powered by Blogger.