အံ့သြကုန်နိုင်ဖွယ် အမှုအခင်းတစ်ရပ်ပင် ဖြစ်တော့သည်။
ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိသူ မခင်မြတ်နွယ်(၂၄)နှစ်မှာ ယခုဆိုလျှင် နှစ်ကြိမ်သေဆုံး၍ နှစ်ကြိမ်ပြန်လည်ရှင်သန်လာခဲ့သည်။
ကံကြမ္မာကမျက်လှည့်ပြလွန်းသည်ဟူသော ကဗျာစာသားများကို ဖတ်ဖူးသည်။ ယခုအမှုတွင် မည်သူကမည်သူ့ကို မည်ကဲ့သို့ မျက်လှည့်ပြနေမှန်းမသိတော့။
သတင်းသမားများက အမှုမှန်ကို တင်ဆက်နိုင်ရန် အပြေးအလွှားလိုက်ကြသည်။ ပြောနိုင်သိနိုင်မည့်လူများကို မေးမြန်းသည်။
တာဝန်ရှိသူတွေဆိုသည့် ငနဲတွေဆီမှာ စုံစမ်းသည်။ အဖြေမှန်ကို မရရေးချမရ။ ရွေးကောက်ပွဲတုန်းက NO VOTE လုပ်ကြတာနဲ့တူနေသည်။
နိုး...နိုး... ရက်စ်.. နိုး... ရက်စ်.. ရက်စ်.. နိုး..နိုး... စသဖြင့်။
ဗုံးပေါက်ကွဲမှု အခင်းဖြစ်စဉ်ကတည်းက သတင်းထောက်များရရှိနေသည့် သတင်းက မိန်းကလေးနှစ်ဦး၊ ကျားတစ်ဦး။
နှစ်ဦးသေ။ တစ်ဦးဒဏ်ရာရ။ အဲ့သလိုဖြစ်သည်။
နာရီဝက်ခန့်ကြာလာတော့ ယောက်ျားလေးမပါ။ မိန်းကလေးတစ်ဦးသေ။ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ... ဖြစ်လာသည်။
ဗုံးတစ်လုံးထပ်တွေ့သည်ဟုဆိုကာ ခွေးရောစစ်သားရော အိမ်သာခြံဝင်းအတွင်း ခြေချင်းလိမ်နေသည်။
သတင်းသမားတွေကလည်း ဟိုမေးဒီမြန်းဖြင့် ရရာသတင်းအစအနကို ဆွဲထုတ်နေကြရသည်။
တစ်ယောက်ကလည်း ဒီတိုနေတာ..ဟု ထင်မှတ်ရတဲ့အရာတစ်ခုကို ကိုင်လာသည်ကိုလည်းတွေ့ရသည်။ သေချာကြည့်တော့ ရေသန့်ဘူးဖြစ်နေကြောင်း
ဓာတ်ပုံရိုက်လာသူသတင်းထောက်တစ်ဦးကပြောသည်။ ရေသန့်ဘူးထဲတွင် သံချောင်းတစ်ချောင်းထည့်ထားတာဖြစ်ကြောင်း သူကဆိုသည်။
အခင်းဖြစ်ရာနေရာတွင် ဆလွန်းကားမီးခိုးရောင်တစ်စီးရပ်ထားသည်။ ကားခေါင်မိုးတစ်ခုလုံးတွင် အင်တဲန်နာတိုင်များထောင်ထားသည်။
စစ်သားတစ်ဦးအနားမှာရပ်နေသည်ကို သတင်းထောက်တစ်ဦးကမေးကြည့်တော့ ဂျန်မာ ဟုခေါ်သည့်ကားဖြစ်ကြောင်း၊ ဗုံးကျန်ရှိသေးလျှင် ထပ်မံဖောက်ခွဲမှုမပြုနိုင်ရန်
လှမ်းထိန်းထားသည့် စနစ်တပ်ဆင်ထားကြောင်း သိရသည်။
သတင်းတွေက အချိန်နှင့်တပြေးညီ အွန်လိုင်းပေါ်ရောက်လာသည်။ သို့သော်လည်း မီဒီယာများကြား ၀ိဝါဒကွဲပြားနေဆဲဖြစ်သည်။
နှစ်ဦးသေတာလား။ တစ်ဦးသေတာလား။ စေတနာကိုအရင်းခံကာ ကိုယ့်စာဖတ်ပရိသတ်ကို သတင်းပေးချင်ဇောနှင့် ရသလောက်၊ ကြားသလောက်
တင်ဆက်ကြတော့သည်။ စာဖတ်သူများကလည်း ““ဟယ်.. နှစ်ယောက်တဲ့””.. ““အို..တစ်ယောက်တည်းပါအေ”” စသဖြင့် ငြင်းခုံကြကုန်သည်။
ဗုံးပေါက်ကွဲမှုနေ့လည်ပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ သတင်းထောက်တချို့ ဗျာများနေကြသည်။ ခွဲစိတ်ခန်းဝင်နေသော မခင်မြတ်နွယ်၏
ဦးလေးဟုဆိုသူ စည်ပင်ရဲသား ဒုတပ်ကြပ် ဦးခင်မောင်လတ်ကို မေးမြန်းနေကြသည်။ ““အခြေအနေမကောင်းဘူး””ဆိုသည့် စကားကိုကြားနေရသည်။
ဆေးရုံတွင်ဖွင့်ထားသောမှုခင်းရဲ ရုံးခန်းကို မေးကြည့်ကြသည်။ မသိဘူး... ဟုတစ်ခွန်းသာ ပြန်ဖြေသည်။ ဘူးဆိုဖရုံမသီးဘူးဟု ခံယူထားပုံရသည့်
ဆေးရုံအုပ်ကြီးကလည်း ရေငုံနှုတ်ပိတ်နေသည်။
သတင်းထောက်တွေ ဘာလုပ်ရမှန်းမသိ။ ညနေငါးနာရီကျော်တွင်ခွဲစိတ်ခန်းမှ ထုတ်လာသော မခင်မြတ်နွယ်၏ တွန်းလှည်းနောက်သို့ လိုက်ကြပြန်သည်။
အဲဒီအချိန်မှာ သတင်းတစ်ခုက မခင်မြတ်နွယ်သေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြလာသည်။
ရုံးပြန်ရောက်တော့ မခင်မြတ်နွယ်မသေဆုံးသေးပါကြောင်း မျက်မြင်တွေ့ရှိချက်ကို ဖေ့စ်ဘွတ်ပေါ်မှာ ရေးလိုက်သည်။
စာဖတ်သူတွေလည်း သက်ပြင်းချကြသည်။ တော်ပါသေးရဲ့...ပေါ့လေ။
ပွဲချင်းပြီးသေဆုံးသူ မစန်းရည်(၃၀နှစ်) မှာ ခြေနှစ်လက်၊ လက်နှစ်ဖက်ပြတ်ထွက်ကာ ဦးနှောက်ပွင့်ထွက်သွားခြင်းဖြစ်သည်။
အာဏာပိုင်တွေဆီက သတင်းအစအန အနည်းအကျဉ်းကို သတင်းထောက်တွေ စ ရလာကြသည်။
လှည်းတန်းတွင် ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက တရားခံဟု ယူဆရသူတစ်ဦးကို မြောက်ဥက္ကလာတွင် ဗုံးနှင့်တကွ ဖမ်းမိခဲ့ကြောင်းဖြစ်သည်။
သူ့နာမည်က ကိုစိုင်းတင်ဝင်းထွန်း ဖြစ်သည်။ သူ့ညီက ဗုံးကို အိမ်တွင်လာထားသဖြင့် ကြောက်လန့်ကာ လွှင့်ပစ်ဖျက်ဆီးခဲ့သည်ဟု ကြားရသည်။
ညီဖြစ်သူက စိုင်းတင်ဝင်းကိုဖြစ်သည်။ စိုင်းတင်ဝင်းကို အား သာယာဝတီနယ်ဖက်တွင် ဖမ်းဆီးခဲ့သည်ဟု ကြားရသည်။
တရားခံမှာ ကုလားဆင်ရုပ်နှင့် အသက် ၁၇ ၂၀ အရွယ် အောင်မျိုးသူဆိုသူဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းတွေထပ်ထွက်လာသည်။
တစ်ဆက်တည်းပင် ရန်ကုန်-ပဲခူးကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထပ်ကြားရပြန်သည်။ မျက်မြင်သက်သေများလည်း ရှိသည်ဟုဆိုသည်။
အထက်ပါအချက်အလက်များသည် တာဝန်ရှိသူဟုဆိုသည့် သတင်းရပ်ကွက်အတွင်းမှ ထွက်လာခြင်းဖြစ်သည်။ တရားခံဟု ယူဆရသူများ၏ ပုံကြမ်းများကိုတောင်
ရေးဆွဲထားပြီးဖြစ်သည်ဟု ကိုယ်တိုင်ကြည့်ရှုခဲ့သူ သတင်းထောက်တစ်ဦးက ပြောသည်။
၂၂ ရက်ညနေပိုင်း၊ မနေ့ညနေကပေါ့လေ။ ဆေးရုံတာဝန်ရှိသူတစ်ဦးက သတင်းထောက်တစ်ဦးကို လူနာမခင်မြတ်နွယ်ဆုံးသွားပြီဖြစ်ကြောင်း ပြောလွှတ်လိုက်သည်။
တခြားသတင်းထောက်တစ်ဦးကလည်း ၄ နာရီခွဲတွင် မခင်မြတ်နွယ်သေဆုံးသွားပြီဟု သိရကြောင်းကို ဆေးရုံမှသတင်းလှမ်းပို့သည်။
သို့ဖြင့် ၀မ်းနည်းကြောင်း သတင်းကို တင်ဆက်ကြပြန်သည်။ စိတ်မကောင်းဖြစ်သူဖြစ်။ တောက်ခေါက်သူခေါက်။ လက်သီးဆုပ်သူဆုပ်၊ အံကြိတ်သူကြိတ်၊ ဆဲသူဆဲပေါ့လေ။
မခင်မြတ်နွယ်သေဆုံးသွားသည့် သတင်းက မနေ့တစ်ညလုံး ညလုံးပေါက် အတည်ဖြစ်နေသည်။
နံနက် အိပ်ရာမှနိုးလာတော့... ဖုန်းတွေတဂွမ်ဂွမ်ဝင်လာသည်။
ဟော..ဟော.. မခင်မြတ်နွယ်မသေသေးဘူးတဲ့။ ကိုယ့်နဖူးကိုယ်ရိုက်ကာ အောင်မောင်းခြေထိုးတစ်ကွက်လောက်ထက ပြီး လဲသေချင်စိတ်ပေါက်သွားကြသည်။
သတင်းလှမ်းပေးနေသူ သတင်းထောက်ကလည်း အခိုင်အမာပင် မခင်မြတ်နွယ်နေထိုင်ရာ နေအိမ်ထဲမှာ ငုတ်တုတ်ထိုင်၍ မိသားစုများရှေ့မှ ဖုန်းဆက်နေခြင်းဖြစ်သည်။
အဲဒီလိုနဲ့... သေဆုံးကြောင်း သတင်းတင်ထားသည့် မီဒီယာတချို့က သတင်းထောက်များထံသို့ ဖုန်းဆက်အကြောင်းကြားရသည်။
““ဟင်... ပြန်ရှင်လာပြီလား... ”” ““သွားပါပြီ..ဂျာနယ်မှာ သေပြီဆိုပြီး ရိုက်လိုက်မိပြီ””... စသဖြင့် ထိုင်ငိုမတတ်ဖြစ်ကုန်သည်။
ဒီအတောအတွင်း ဖုန်းဆက်ရတာလည်း သိပ်ကီးမကိုက်ပေ။ ဖုန်းလာတိုင်း... သတင်းထောက်တို့မှာ ““ မသေသေးဘူးလား.. မသေသေးဘူးလား”” ဟူသည့်စကားကိုသာ
အော်အော်နေကြရသည်။ ဘေးလူကြားလို့မှ မသင့်တော်ဖြစ်ရသည်။
ထိုသို့ဖြင့် ထပ်စုံစမ်းလိုက်တော့ မခင်မြတ်နွယ်မသေသေးပါဟူသောသတင်းကို အတည်ပြုလာနိုင်သည်။
သတင်းထောက်များ ဆေးရုံသို့ပြေးကြသည်။ ဆေးရုံတွင်တော့ မခင်မြတ်နွယ်ကိုမတွေ့ရ။ ရဲတွေလည်း တစ်ကောင်တစ်မြီးမှမရှိတော့။
အော်ပရေးရှင်းဝင်နေသည်ဟု ဆေးရုံကပြောသည်ဟု ဆိုသည်။ သို့နှင့် မသေသေးဘူးဆိုတာ အတည်ယူရမလိုဖြစ်သည်။
လူနာကိုလည်းမတွေ့ရတော့ သိပ်တော့မယုံချင်ကြသေး။
ဒီနေ့မနက်တော့ မခင်မြတ်နွယ်အမျိုးသားရော.. အာကာလင်းလင်းဟုခေါ်သည့် နှစ်နှစ်သားအရွယ် သားလေးရောရောက်နေပြီဖြစ်သည်။
မခင်မြတ်နွယ်က ဦးလေးဆိုသူ ခင်မောင်လတ်တို့အိမ်တွင် အခကြေးပေး၍ နေထိုင်ခြင်းဖြစ်သည်ဟု သိရသည်။
အိမ်သားတွေကလည်း အေးဆေးပဲဟုဆိုသည်။ မသေသေးဘူးပေါ့လေ။ မခင်မြတ်နွယ်၏ မိခင်လည်းရောက်နေသည်။ တစ်ခုတော့ ရှိသည်။
မခင်မြတ်နွယ်၏ မိခင်မှာ နှလုံးရောဂါသည်ဖြစ်သည်။
ဒီမနက် ၁၀ နာရီက ရွှေဂုံတိုင်မှာလုပ်တဲ့ အန်အယ်လ်ဒီသတင်းစာရှင်းလင်းပွဲမှာ စရဖတစ်ဦးကိုတွေ့သဖြင့်မေးကြည့်ရာ သူကလည်း မသေသေးပါဘူးဟု ပြောသည်။
တရားခံဟု ယူဆသူ စိုင်းတင်ဝင်းကိုအား ဖမ်းမိထားကြောင်းလည်း ပြောသည်။
နေ့လည် ၁ နာရီခန့်မှာ ဗုံးသတင်းနောက်ဆက်တွဲကို လိုက်လံစုံစမ်းနေသော သတင်းထောက်များ သမ္မတရုပ်ရှင်ရုံအောက်မှာ ဆုံကြသည်။
အချင်းချင်း ကွဲပြားကြပြန်သည်။ သေဆုံးသည်မှာ အမှန်ဖြစ်ကြောင်း အခိုင်အမာပြောကြသည်။ မသေဆုံးသေးတာလည်း အမှန်ဖြစ်ကြောင်း ပြောကြသည်။
““တစ်ဖက်ဖက်ကတော့ ဖုံးကွယ်နေပြီ။ ဘယ်ဖက်က ဖုံးကွယ်နေတာလဲတော့ မသိဘူး””ဟု သတင်းထောက်တစ်ဦးက စိတ်ပျက်လက်ပျက်ပြောသည်။
တရားခံမှာ စွမ်းအားမြှင့်စစ်သည်တော်ကျောင်းသားများအဖွဲ့မှဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆနေကြကြောင်း သူတို့ကပြောကြသည်။ ဗုံးဖောက်ခွဲမည့်သတင်းကို
ကြိုတင်ရရှိထားသောကြောင့် အစိုးရဖက်ကလည်း အသည်းအသန်စုံစမ်းနေကြောင်း၊ အဓိကပစ်မှတ်မှာ ဆူးလေနှင့်မြို့တွင်းတ၀ိုက်ဟု ယူဆနေကြကြောင်း သတင်းထောက်တစ်ဦး
က ဆိုသည်။
ကဲ... တရားခံဘယ်သူလဲ။
မခင်မြတ်နွယ်ရော... သေလား.. မသေဘူးလား... ဘယ်လိုလဲ။
ဆေးရုံမှာ သွားကြည့်တဲ့နေ့က မခင်မြတ်နွယ်ကို ဓာတ်ပုံရိုက်လိုက်သော သတင်းထောက်လေးတစ်ဦးအား ရဲအရာရှိတစ်ဦးက ပုခုံးပုတ်ကာ စကားတစ်ခွန်းပြောသွားသည်။
““ဟေ့ကောင်... ကိုယ့်အလုပ်ကိုယ်လုပ်ကွာ”” တဲ့။
တာဝန်ရှိသူဟု ဆိုသူများကိုယ်တိုင်က ဖင်တမျိုး ခေါင်းတမျိုးပြောဆိုနေကြသည့် ဤရှုပ်ထွေးလှစွာသော အမှုအခင်းသတင်းကို လက်ရှောင်ရကောင်းမလား... ဆက်စုံစမ်းရကောင်းမလား..
သတင်းထောက်များ သက်ပြင်းပြိုင်တူချလိုက်ကြလေသည်။
အံ့သြကုန်နိုင်ဖွယ် အမှုအခင်းတစ်ရပ်ပင် ဖြစ်တော့သတည်း။ ။

ဥက္ကာကိုကို
၂၃.၁၂.၂၀၁၁
အများသုံးအိမ်သာ ဗုံးပေါက်ကွဲမှု သပွတ်အူအရှုပ်အထွေးကြီး
Reviewed by သစ်ထူးလွင်
on
10:53
Rating:
6 comments:
မြန်မာပြည်ကွ
မြန်မာပြည်ကွ
မသေသေးဘူးလို့ သတင်းဖော်ပြလို့ တရားခံက သူ့ကို မှတ်မိသွားတယ်ဆိုပြီး လာသတ်ရင် ဘယ်သူတာဝန်ယူမှာလဲ?
ကဲ တော်ကြပါတော့၊ အားလုံးငြိမ်းချမ်းေ၇းအတွက် တက်ညီလက်ညီ ကျိုးစားပြီးတော့ လုပ်ဆောင်နေကြပါတယ်၊ နယ်စပ်ကတိုင်း၇င်းသားတွေကလည်း မဇြစ်မနေ ငြိမ်းချမ်းေ၇းလိုချင် ကြမယ်လို့ ထင်ပါတယ်၊ အမေစုတိုက တိုင်းပြည်ကို ဒီမိုကေ၇စီလမ်းကြောင်းပေါ် တက်လှမ်းနိုင်အောင်ကြိုးစားနေပါတယ်၊ဒါ အများအတွက်ဇြစ်ပါတယ်၊ ကိုယ့်လူတို့ ၇ပ်တန်းက၇ပ်သင့်ပြီထင်တယ်နော်။။
ဟုတ်တယ်ဒါ မြန်မာပြည်ကွ ဟဟဟဟဟဟဟ
ဘယ်အဖွဲ့အစည်းကလုပ်တယ်ဘဲထား
ထွက်လာတဲ့သတင်းကတော့ခုချိန်မှာ
အမှန်ဖြစ်၇မယ် ဘာလဲလူတယောက်
လုံးကို သေတယ်မသေဘူးဘာဖြစ်နေ
လဲ ခုလိုဟာလေးတောင်သတင်းဖုံးကွ
ယ်နေချင်ကြ၇င် နိုင်ငံကြီးပြောင်းဖို့အ
တွက်လုပ်နေတယ်ဆိုတာကိုဘယ်လိုအ
ယုံအကြည်နဲ့ယုံပေးကြ၇မလဲမသိဘူးနော်
Post a Comment