ဗုဒ္ဓမြတ်စွယ်တော် မန္တလေးမြို့ ရောက်ရှိလာစဉ် |
ထိုကဲ့သို့ တန်းစီရမည်ကို မစိုးရိမ်သော်လည်း ယာဉ်ကြောပိတ်ပြီး ပြန်မထွက်နိုင်ခြင်း ကဲ့သို့သော အဖြစ်အပျက်ကြောင့် ဖူးမြော်ခွင့် မကြုံလိုက်ရမည်ကို စိုးရိမ်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောကြားသည်။ “စွယ်တော်ရက် နီးလာလေလေ နေ့ဘက်တွေကော ရဲကားတွေ လှည့်တယ်။ ညဘက်ကော ရဲကားတွေ လှည့်တယ်။ စည်းကမ်း ထုတ်ပြန်ချက်တွေက အရမ်းတင်းကျပ်တာပဲ။ လေးယောက် တစ်တန်း ဖူးရမယ်။ ပစ္စည်းအပ် လက်မခံဘူးတို့ ဘာတို့ပေါ့။ ဘုရားဖူးတောင် အဆင်ပြေပြေ သွားရပါ့မလားတောင် စိုးရိမ်နေတာပါ” ဟု မန္တလေးမြို့ခံ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဗုဒ္ဓမြတ်စွယ်တော် ဖူးမြော်ချိန် နံနက် ၆ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားပြီး မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်၏ အရှေ့ဘက်မုခ်မှ စတင် ဝင်ရောက်ကာ မြောက်ဘက်မုခ်မှ ပြန်လည် ထွက်ခွာရမည် ဖြစ်ကြောင်း၊ လမ်းလျှောက် စီတန်းရန် မိုးလုံလေလုံ အမိုးများဖြင့် စီစဉ်ထားပြီး ယာဉ်ရပ်နားရန် နေရာများ အခမဲ့ စီစဉ်ထားရှိမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
သတ်မှတ်ထားသော ပစ္စည်းမှအပ မည်သည့်ပစ္စည်းမှ ယူဆောင်ခွင့် မပြုဘဲ ငွေစက္ကူ တစ်ခုတည်းသာ ယူဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ငွေစက္ကူထည့်ရန် ကြွပ်ကြွပ်အိတ်အကြည်ကိုသာ ယူဆောင်လာကြရန် မေတ္တာရပ်ခံထားပြီး ပစ္စည်းအပ်နှံရန် နေရာစီစဉ်ထားခြင်း မရှိကြောင်း ဗုဒ္ဓမြတ်စွယ်တော် ယာယီသီတင်းသုံး အပူဇော်ခံမည့် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော် အတွင်းမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ “ရန်ကုန်မှာ အပူဇော်ခံတုန်းကလို သက်ကြီးရွယ်အို၊ မသန်မစွမ်း ပြည်သူတွေကို ကြိုပို့လုပ်ပေးမယ့် ကြိုဆိုရေး အဖွဲ့အစည်းတွေပါ ပါတယ်။ အများပြည်သူ လုံခြုံရေးအရ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် နားလည်ပေးကြပါ” ဟု ၎င်းက ဆိုသည်။
အတုမရှိ ကျောင်းတော်ကြီးအတွင်း ဝင်ရောက်ရာတွင် ဘုရားပန်း အမျိုးမျိုး၊ တယ်လီဖုန်း၊ ကင်မရာ၊ MP3၊ MP4 စသည့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ပိုက်ဆံအိတ်၊ ရေဘူး၊ ထီး၊ ဦးထုပ်၊ စာအုပ်၊ ဆေးလိပ်၊ မီးခြစ်၊ လက်ဆွဲအိတ်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်သော အခြားပစ္စည်းများ (မျက်မှန်၊ ဘောလ်ပင်၊ နာရီ) ယူဆောင်ခွင့် မပြုခြင်း ကဲ့သို့သော စည်းကမ်းချက် ခြောက်ချက်ကို ထုတ်ပြန်ထားသည်။ မန္တလေးမြို့တော်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ၁၆ ရက်ကြာ သီတင်းသုံး အပူဇော်ခံမည် ဖြစ်သည်။
By: သစ်ထူးလွင်
မန္တလေးဒေသခံများ မြတ်စွယ်တော် ဖူးမြော်ခွင့် မရမည်ကို စိုးရိမ်
Reviewed by သစ်ထူးလွင်
on
12:03
Rating:
No comments:
Post a Comment