ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော် ဒီဇင်ဘာလ နောက်ဆုံးအပါတ်သို့ ရွှေ့ဆိုင်း

‘ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပရန် ကြေငြာထားသော်လည်း ပွဲမိန့် မရသဖြင့် ကျင်းပမည့်ရက်အား ဒီဇင်ဘာလ နောက်ဆုံးအပါတ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေး
ကော်မတီက ပြောသည်။

“သေချာကတော့ ၁၅ ရက်နေ့မှာ မလုပ်နိုင်တော့ဘူး။ နောက်ထပ် မရွှေ့ရအောင် ရက်ကို ကျနော်တို့ ညှိနေတုန်းပါ။ ပွဲခွင့်ပြုမိန့်ကိစ္စကို ကြိုးစားရင်းက ရက်ရွှေ့ရတာပါ” ဟု   ပွဲဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးမှူး ဦးအုန်းကြိုင် က ပြောသည်။ ရန်ပုံငွေ ဂီတပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ပြန်လည် သတ်မှတ်ကာ ကြေငြာပေး မည်ဟု ဆိုသည်။

ယင်းရန်ပုံငွေ ဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၊ ပညာရေးကွန်ယက် အဖွဲ့များနှင့် အနုပညာရှင် များက ပူးပေါင်းစီစဉ်ကြခြင်း ဖြစ်သည်။
dhome4
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ သောကြာနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်း တွေ့ဆုံစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ဂီတပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်ရန်အတွက်  အားကစားကွင်း တာဝန် ရှိသူများနှင့် ကြိုတင် ညှိနှိုင်းရယူခဲ့သော်လည်း အားကစားကွင်း မအားလပ်သဖြင့် ပွဲအစီအစဉ်များ ဖျက်သိမ်းပေးရန်  ဒီဇင်္ဘာလ ၉ ရက်နေ့က ပွဲဖြစ်မြောက်ရေးကော်မတီထံ အားကစားကွင်း တာဝန်ရှိသူများက ဆက်သွယ် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရထံသို့လည်း လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် ပွဲကျင်းပခွင့် အတွက် ဒီဇင်ဘာလ ၂ ရက်နေ့က လျှောက်ထားခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပေ။
nldmove
NLD ဦးစီးကျင်းပသော ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်မှာ ပွဲမိန့်မရသဖြင့် ရက်ပြောင်းရွှေ့ သတ်မှတ်ရ (ဓါတ်ပုံ /nldburma.org)

“အနုပညာရှင်တွေက ကျနော်တို့ကို ကူညီရတာဆိုတော့ သူတို့ မအားတဲ့ကြားက အချိန်တွေ ပြန်ညှိရတယ်။ ရက်ရွှေ့လိုက်တော့ ရောင်းထားတဲ့ လက်မှတ်တွေအတွက်လည်း ပြန်တောင်းပန်ပြီး ဒီဇင်ဘာ နောက်ဆုံးပတ်ထဲမှာ လုပ်မယ်ဆိုပြီး ပြောပြနေရတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားများ ပညာရေးအတွက် ကူညီရန် ဂီတရန်ပုံငွေပွဲ ကို စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲတွင် Emperor ၊ Metalzone ၊ Lazy Club ၊ Big Bag ၊  Plus 3 ၊ Spectrum ၊ Reason ၊ Wanted ၊ Vertical Vibration ၊ The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅၀ ကျော်က
မေတ္တာဖြင့် ကူညီသီဆိုကြမည် ဖြစ်သည်။

ပွဲလက်မှတ် ဈေးနှုန်များမှာ ကျပ် ငါးထောင်မှ ကျပ်သုံးသောင်းအထိ ရှိပြီး ကြိုတင်လတ်မှတ် ရောင်းချထားရာ ကျပ် ၁၅ သိန်းခန့် ရရှိထားသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

နယူးဒေလီ (မဇ္ဈိမ)
ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော် ဒီဇင်ဘာလ နောက်ဆုံးအပါတ်သို့ ရွှေ့ဆိုင်း ပညာရေး ရန်ပုံငွေ ဂီတပွဲနှင့် ဈေးရောင်းပွဲတော်  ဒီဇင်ဘာလ နောက်ဆုံးအပါတ်သို့ ရွှေ့ဆိုင်း Reviewed by သစ်ထူးလွင် on 19:31 Rating: 5

2 comments:

burma said...

IC အဖွဲ့ကြီးဘယ်ရောက်နေလဲ။။။ လေးဖြူ အငဲ မျိုးကြီး ၀ိုင်းဝိုင်း တို့ ဘာလုပ်နေကြလဲ။။။။ လှုပ်ရှားသင့်နေပါပြီ.....

hm said...

ဦးဇာဂနာပြောသလို NATO ( NO ACTION TALK ONLY )မလုပ်ကြပါနဲ့ ပြည်တည်ဦး လုပ်ကြပါလို့

Powered by Blogger.