ကျောက်တန်းမြို့တွင် တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များ ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ၌ ခေတ္တအပူဇော်ခံထားရှိ

ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ အပူဇော်ခံထားရှိသော ရှေးဟောင်းရုပ်ပွားတော်များနှင့်အုတ်ခွက်များ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် ဆက်သွယ်ရေး စာတိုက်ဝန်းအတွင်း နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များကို ကျိုက်မှော်ဝန်း ရေလယ် စေတီတော်တွင် အပူဇော်ခံထားရှိထားကြောင်း သိရှိရသည်။
“အခုလောလောဆယ် ဒီမှာက အပူဇော်ခံထားတယ် ဆိုတာက ယာယီ သဘောမျိုးပါပဲ။ တွေ့ခဲ့တဲ့ နေရာကို ဘုရားတည်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှမသိပါဘူး။ ကျွန်တော်တို့က လောလောဆယ် လက်ခံပြီးတော့ ခေတ္တ အပူဇော်ခံထားပေးတာပဲရှိပါတယ်” ဟု ကျိုက်မှော်ဝန်းရေလယ်စေတီ တော်ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းဦးက ပြောကြားပါသည်။
ရှေးဟောင်းရုပ်ပွားတော်များ တွေ့ရှိသည့်နေရာကို ဒေသခံအချို့က ဘုရားတည်၍ကိုးကွယ်လိုကြကြောင်း သိရှိရသည်။ ဘုရားတည်မည် ဆိုပါ က လှူဒါန်းလိုသူများလည်းရှိနေ ကြောင်းသိရသည်။
“အခုလောလောဆယ် တွေ့ခဲ့ ရတဲ့နေရာကို ဘုရားတည်မယ်  ဆိုပြီး အသံတွေထွက်နေပါတယ်။ တကယ်တော့  ဒေသခံတချို့ရဲ့ သဘောထားကြောင့် ထွက်ပေါ်လာ တဲ့သတင်းပါ။ ကျွန်တော်တို့ဆီမှာ ဘာညွှန်ကြားချက်မှ မရှိသေးပါဘူး” ဟု ကျောက်တန်းမြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
အဆိုပါတွေ့ရှိရသောရှေးဟောင်း ရုပ်ပွားတော်များနှင့်အုတ်ခွက်၊ကျောက် ခွက်များအားမည်သည့်ခေတ်လက်ရာ များဖြစ်သည်ကိုအတည်ပြုရန် ရှေး ဟောင်းသုတေသနဌာနမှ ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိ ရသည်။
“ပျူခေတ်နှောင်းကလို့ ကျွန် တော်တို့ဘက်က အတိအကျထုတ် ပြန်တာမျိုးတော့ မရှိသေးပါဘူး။လေ့လာနေဆဲအဆင့်ပဲ ရှိသေးတာ ပါ။ တွေ့တဲ့နေရာနဲ့ပတ်သက်ပြီး တော့လည်း ဘာမှဆက်မလုပ်သေးဘဲ လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားပါ တယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေကိုလည်း စာတင်ထားပါတယ်။ အထက်ကတော့ ညွှန်ကြားချက်ပြန် မလာသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့ကတော့ ပုဂံခေတ်က လက်ရာတွေလို့ယူဆထားပါတယ်။ သေသေချာချာအတည်ပြုဖို့အတွက် တော့ ဆက်လက်ဆောင်ရွက်ဆဲပဲ ရှိပါသေးတယ်”ဟုရှေးဟောင်းသု တေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 ကျောက်တန်းမြို့တွင် တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များ ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ၌ ခေတ္တအပူဇော်ခံထားရှိ  ကျောက်တန်းမြို့တွင် တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များ ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ၌ ခေတ္တအပူဇော်ခံထားရှိ Reviewed by သစ်ထူးလွင် on 20:37 Rating: 5

No comments:

Powered by Blogger.