လျှပ်စစ်မီတာခများအား မူလက နှစ်ဆအထိတိုးမြှင့်ကောက်ခံရန်
တွက်ချက်ထားသော်လည်း ယခုအခါတွင် အဆိုပါနှုန်းဖြင့် ကောက်ခံမည်
မဟုတ်တော့ကြောင်း၊ အများပြည်သူအတွက် မျှတစွာကောက်ခံနိုင်ရန် ပြန်လည်ပြင်ဆင်
တွက်ချက်နေပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြောရေး
ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မူလက အိမ်သုံးဆိုပါက ယခင် တစ်ယူနစ် ၂၅ ကျပ်မှ ကျပ် ၅၀ သို့လည်းကောင်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသုံးဆိုပါက တစ်ယူနစ် ၅၀ ကျပ်မှ ၁၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံရန် တွက်ချက်ထားသော်လည်း ယခုအခါ အိမ်သုံးဆိုပါက တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုသုံးဆိုပါက ကျပ် ၇၀ သို့သာ တိုးမြှင့်ကောက်ခံရန် ပြင်ဆင်တွက်ချက်လျှက်ရှိကြောင်း သိရသည်။
"ပြန်ပြင်တွက်ချက်နေပါပြီ။ အိမ်သုံးက ၃၅ ကျပ်၊ စက်မှုသုံးက ၇၀ ကျပ်ကောက်ဖို့ပါ။ အခုကတော့ ဒီလိုကောက်ခံရင် ဘယ်လောက် ရှုံးမလဲ၊ ဘယ်လောက်ခံသာမလဲ ဒီအပေါ်မှာ မူတည်တွက်ချက်ထားပါတယ်။ ဒီနှုန်းနဲ့ကောက်မယ်လို့ အတိအကျ စာမထုတ်ပြန်ရသေးပေမယ့် ဒီနှုန်းနဲ့ကောက်ခံရင် အများပြည်သူအတွက် ဘယ်လောက်ပဲ ကုန်ကျတော့မယ်၊ ၀န်ကြီးဌာနအတွက် ဘယ်လောက်ခံသာသွားမယ် ဆိုတာကို တင်ပြသတ်မှတ်သွားဖို့ လုပ်နေပါတယ်"ဟု နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှစတင်၍ ဓါတ်အားခနှုန်းထားများကို အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ၅၀ ကျပ်ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်း သုံးမီတာတစ်ယူနစ်လျှင် ၁၀၀ ကျပ် သို့ ပြောင်းလဲတိုးမြှင့်ကောက်ခံသွား ရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။
လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ ရေအားလျှပ်စစ်တစ်ယူနစ်လျှင် ၂၀ ကျပ်နှုန်း၊ ဓါတ်ငွေ့တာဘိုင်များ အသုံးပြုဖြန့်ဖြူးခြင်းအတွက် တစ်ယူနစ်လျှင် ၁၂၇ ကျပ် အကုန်အကျခံကာ ဖြန့်ဖြူးပေးနေရခြင်းကြောင့် အ ရှုံးပေါ်လျက်ရှိ၍ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရလျက်ရှိကြောင်း၊ ဓါတ်အားခနှုန်းထားများ ပြောင်းလဲကောက်ခံခြင်းဖြင့် ရသုံးငွေမျှခြေသို့ ရောက်ရှိကာ ဓါတ်အားပုံမှန်ဖြန့်ဖြူးရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တိုးချဲ့တပ်ဆင်နိုင်ရေးတို့ကို ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။
"မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက်ဖော်ပြပြီးတဲ့နောက်မှာ နိုင်ငံတော်သမ္မတကြီးက ပြည်သူတွေထိမှာစိုးလို့ ပြန်လည်ပြင်ဆင် တွက်ချက်ဖို့ ညွှန်ကြားတဲ့အတွက် ပြန်ပြင်ဆင်တွက်ချက်တာလို့တော့ ကြားရပါတယ်။ အဓိကအချက်ကတော့ ပြည်သူတွေထိမှာစိုးလို့ မထိအောင်ပြန်ပြင်ဆင် တွက်ချက်တာပေါ့။ အခု ဒီနှုန်းနဲ့ကောက်ခံပြီးနောက် ပြည်သူတွေ ၀င်ငွေတိုးလာတဲ့အခါ တိုးလာတဲ့အပေါ် မူတည်ပြီး တစ်ဖြည်းဖြည်းချင်း ပြောင်းမယ့်သဘောပါ"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
EMG

လျှပ်စစ်မီတာခများ နှစ်ဆတိုးမြှင့် ကောက်ခံမည်မဟုတ်
Reviewed by သစ်ထူးလွင်
on
18:59
Rating:
3 comments:
ဒီလိုအများပြည်သူအတွက် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်။
ဆက်ပြီးကျိုးစားကြပါခင်ဗျာ။။။။။
အားလုံး ထဲမှာ သမ္မတကြီးကိုပဲ ကျေးဇူးတင်ရတော့မယ်
အခွေဆိုင်တွေကောခင်ဗျာလုပ်ငန်းသုံးဘဲပေးရမှာလားဆိုတာကိုမသိရှင်းပြပေးလိုရမလားခင်ဗျာဝန်ထမ်းတွေတော.ကျွန်တော်တို.ကိုလုပ်ငန်းသုံးဆိုပြီးတော....၅၀..ပေးရမယ်ဆိုပြီးတော.ေ၇းသွားပါတယ်ခွဲခွဲခြားခြားလေးပြောပေးပါလားလူကြီးမင်းများနင်.ချစ်လှစွာသောသမ္မတကြီးခင်ဗျာ...တ၀မ်းတခါးရှာစားရတာပင်ပန်းပါတယ်ဆရာတို.ရယ်
Post a Comment