ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လူရွင်တော် ဇာဂနာနှင့် အနုပညာရှင်များ၊
နိုင်/ကျဉ်းဟောင်းများ စုစည်း၍ တောင်ငူထောင်မှ နိုင်ငံရေး အကျဉ်းသားများကို
လိုအပ်တဲ့ပစ္စည်းများ ၊ ငွေကြေးများ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်
။ တောင်ငူထောင်မှ ထောင်ပိုင်အပါအဝင် တာဝန်ရှိသူများက
လာရောက်လှူဒါန်းသူတွေကို တောင်ငူထောင်ရှေ့မှာ ရှိတဲ့
အကျဉ်းဦးစီးဌာန၏ဧည့်ရိပ်သာမှာ အခမ်းအနား ပြုလုပ်၍ လက်ခံခဲ့ပါတယ် ။
အဆိုပါလှူဒါန်းတဲ့ပွဲမှာ ပါဝင်လှူဒါန်းခဲ့သည့် ၈၈ မျိုးဆက်
ကျောင်းသားတစ်ဦးဖြစ်သည့် ကိုကိုကြီး (စမ်းချောင်း) ကို ဘားမားဗီဂျေ
မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး – အကိုတို့က တောင်ငူထောင်ကို သွားပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို သွားရောက်လှူဒါန်းတယ်လို့ သိရပါတယ် ။ အဲအကြောင်း ပြောပြပေးပါ ။
ဖြေ – ဟုတ်ကဲ့ ။ ကျနော်တို့ ဒီနေ့ ကျနော်ရယ် ၊ ကိုဇာဂနာရယ် ၊ ကိုဇင်ဝိုင်းရယ် ၊ အရိုင်းတို့ ၊ ကင်းကောင်တို့ ၊ ငှက်ပျောကြော်တို့ ၊ ဂေါ်ဇီလာတို့ ၊ ပန်းသီးတို့ ၊ ဇီးသီးတို့ ၊ အများကြီးပဲဗျ ၊ နောက် မင်းသမီးတွေလည်း ပါတယ် ။ ကျနော်တို့ အားလုံး သွားကြတယ် ။ အခု တောင်ငူထောင်မှာ ကျနော်တို့ ၂နာရီခွဲလောက်ကနေ တောင်ငူထောင်ကို ရောက်ပါတယ် ။ တောင်ငူထောင်မှာ ရှိတဲ့ အကျဉ်းသားတွေ အရင်ကတော့ ၅၃ ယောက် ရှိတယ် ။ အခု နောက်ထပ် ၆ ယောက်က အကျဉ်းသားအဆင့် မသတ်မှတ်ရသေးဘူး ။ ကျနော်ကတော့ သူတို့ သတ်မှတ်ခြင်း ၊ မသတ်မှတ်ခြင်းထပ် ၅၉ ယောက် စလုံးကို ကျနော်က လှူခဲ့ပါတယ် ။
မေး – ဘာတွေ လှူခဲ့တယ်ဆိုတာ ပြောပြပေးပါ ။
ဖြေ – အဓိကကတော့ဗျာ အခုဆောင်းတွင်းဆိုတော့ ရာသီဥတုက ကျနော်တို့ ရန်ကုန်လို မဟုတ်တော့ ဒီမှာတော်တော်အေးတယ်လေ ။ တယောက်ကို အနွေးထည် တထည်စီနဲ့ ကျနော်နဲ့ ကိုဇာဂနာနဲ့က နောက်ထပ် ထပ်ပြီးတော့ တယောက်ကို ငွေတသောင်းခွဲစီနဲ့ အားလုံး ရှစ်သိန်းနဲ့ ရှစ်သောင်း ငါးထောင် လှူခဲ့ပါတယ် ။
မေး – အခုလိုမျိုး တောင်ငူထောင်ကို သွားလှူတာမှာ ဘယ်လိုမျိုး အခက်အခဲ ကြုံတွေ့ရတာမျိုး ရှိလား ။
ဖြေ – ဘာမှ အခက်အခဲ မရှိပါဘူး ။ တောင်ငူထောင်ကလဲ အားလုံး ကူညီပြီးတော့ လုပ်ပေးကြပါတယ် ။ သူတို့ထောင်ကို ဒီလိုမျိုး လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ကြောင်းလဲ ပြောပါတယ် ။ ကျနော်တို့ဘက်ကလဲ အားလုံး အဆင်ပြေပြေပါပဲ ။ သူတို့အားလုံး လာပြီး အလှူငွေကို လက်ခံတဲ့ အခမ်းအနားနဲ့ ကြိုဆိုပါတယ် ။
မေး – အခုလိုမျိုး အကိုတို့ သွားလှူဖို့ကို ကြိုတင်စီစဉ်ထားတာမျိုးလား ၊ (ဒါမှမဟုတ်) အခုမှ သွားလှူတာမျိုးလား ။
ဖြေ – ကျနော်တို့ ကြိုတင်စီစဉ်ထားမျိုး မရှိဘူးခင်ဗျ ။ မနေ့ကမှ ကောက်စီစဉ်ကြတာပါ ။ အဓိကကတော့ ကိုဇာဂနာက ခရီးသွားနေတယ်လေ ။ ခရီးသွားနေတာက မနေ့က ညခြောက်နာရီက ပြန်ရောက်လာတယ် ။ ခြောက်နာရီလောက်ကမှ ကျနော်တို့ ထပ်ပြီး စီစဉ်တာပါ ။ အနွေးထည်တွေကတော့ ညနေပိုင်းလောက်က ဝယ်ထားတယ် ။ အထည်ခြောက်ဆယ် ဝယ်ပြီးတော့ ည ၁၁နာရီလောက်အထိ လိုက်စီစဉ်ရတာပေါ့ ။ အခုလည်း ကမန်းကတန်းပါပဲ ။ ကျနော်တို့ အသေအချာ စနစ်တကျတော့ မလုပ်နိုင်လိုက်ဘူးပေါ့ ။ ကြိုတင်စီစဉ်ထားတော့ မရှိပါဘူး ။ ကိုဇာဂနာနဲ့ သီးလေးသီး ဒီနေ့ည တောင်ငူမှာ ပွဲကမှာဆိုတော့ ကိုဇာဂနာကလဲ လှူချင်တယ် ။ အဲတာနဲ့ ကျနော်ကလဲ လှူချင်ပါတယ် ပြောပြီးတော့ လှူလိုက်ကြတာပါ ။
မေး – အခုတောင်ငူထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုမျိုးထူးခြားတာမျိုး တွေ့ခဲ့လဲ ။
ဖြေ – ကျနော်တို့က တိုက်ရိုက်မတွေ့ရတော့ မသိရပါဘူး ။ ထောင်ပိုင်ကြီးကတော့ အားလုံးနေကောင်းပါတယ် ၊ အဆင်ပြေတယ် ဆိုပြီးတော့ ပြောပါတယ် ။ ကျနော်တို့ အမှုတွဲ ကိုဇော်ဇော်မင်း ဆိုတာက ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကပဲ အခုတောင်ငူထောင်မှာ ရှိပါတယ် ။ သူ့ကို လှမ်းမေးတော့ သူကတော့ စားစရာတော့ ရှိသေးတယ်တဲ့ ။ ပိုက်ဆံ မရှိတော့ဘူး ဆိုတဲ့အတွက်ကြောင့် သူ့အိမ်က ပေးခိုင်းလိုက်တဲ့ ပိုက်ဆံ နှစ်သောင်း ထပ်သွားပေးဦးမှာပါ ။
မေး – အကိုတို့ ဘယ်အချိန်က ဘယ်အချိန်ထိ သွားလှူခဲ့တာလဲ ။
ဖြေ – ကျနော်တို့ ၂ နာရီခွဲလောက်မှာ ထောင်ကို ရောက်ပါတယ် ။ အခု ၃ နာရီ ၁၅ လောက်မှာ ထောင်ကနေ ပြန်ထွက်လာပါတယ် ။
မေး – အခု တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို သွားလှူတဲ့အပေါ် အကိုအနေနဲ့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောပေးပါ ။
ဖြေ – ကျနော်တို့ ဒီလိုလိုက်လှူနေရတာတွေလဲ ကျနော်တို့က ပြီးစေချင်ပါပြီ ။ ဒီလူတွေ မြန်မြန်လွတ်လာမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်သွားမှာပေါ့ ။ အခုအနေအထားကတော့ ကိုယ်က ဘယ်လောက်မှ လှူနိုင်တာ မဟုတ်ဘူး ။ တောင်ငူထောင်ကလဲ လူခြောက်ဆယ် ၊ တယောက်ကို တသောင်းခွဲ လှူတာတောင် ကိုးသိန်းနီးနီး ကျနေတာ ။ ကျနော်တို့ကလဲ ဘယ်လောက် များများလှူနိုင်မှာတုန်း ၊ ဘယ်လောက်အကြိမ်ရေ များများ လှူနိုင်မှာတုန်း ။ အဲလိုအနေအထားလေးတွေ ရှိတာပေါ့ ။ ဒီလူတွေ အမြန်ဆုံး လွတ်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့အတွက်လဲ ကောင်းမယ် ။ နိုင်ငံအတွက်လဲ ကောင်းမယ် ။ ကျနော်တို့ကတော့ အမြန်ဆုံး လွတ်စေချင်ပါတယ် ။
မေး – အခု လေးရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်ဆိုတာမျိုး သတင်းတွေ ကြားနေတော့ အဲဒီအတွက်ကိုကော ဘယ်လိုမျိုး ကြားခဲ့တာမျိုး ရှိလဲ ။
ဖြေ – သီးခြားအနေနဲ့တော့ ကျွန်တော်တို့ အလှူဘက်ကိုပဲ မဲနေတာပေါ့နော် ။ ဒီလိုတော့ သူတို့ကတော့ ပြောပါတယ် ။ အကိုတို့ သူငယ်ချင်းတွေ သိပ်မကြာတော့ပါဘူး ။ သူတို့ မျှော်လင့်ပါတယ်ပေါ့နော် ။ ကျနော်တို့ကလဲ အဲဒီလိုမျိုး မျှော်လင့်ပါတယ် ။ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပါတယ် လို့ အဲလိုပဲပြောတာပါ ။ သီးခြားထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး ။
မေး – အခု အကို့အနေနဲ့ အခု နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ အပေါ် ဘယ်လိုမျိုး မျှော်လင့်ထားလဲ ။
ဖြေ – ကျနော် အများကြီး မျှော်လင့်ပါတယ် ။ အခုအနေအထားမှာ ကျနော် ၂၀၁၂ ရောက်တော့မယ် ။ ၂၀၁၂ မှာ ကျနော်တို့ မြန်မာနိုင်ငံက အခု ၂၀၁၄ အာဆီယံ ဥက္ကဌဆိုတာက ဝေးသေးတယ်လေ ။ ၂၀၁၂ မှာ ကျနော်တို့ မြန်မာနိုင်ငံက အာဆီယံနဲ့ အာဆီယံ နိုင်ငံရဲ့ ကိုယ်စား အမေရိကန်နိုင်ငံနဲ့ ဆက်သွယ်မှု ကိုယ်စားလှယ် အနေနဲ့ ဆောင်ရွက်ရမှာပေါ့ ။ ပွဲစားသဘောမျိုးပေါ့ ။ ကြားထဲက ဆက်သွယ်ဆောင်ရွက် ညှိနှိုင်းမှု တာဝန်ကို ယူရမယ် ။ အဲလိုအနေအထားမှာ ကျနော်တို့ နိုင်ငံက နိုင်ငံတကာရဲ့ ဦးဆောင်မှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်နေတဲ့ အနေအထားပေါ့ ။ အဲလိုအနေအထားမျိုးတွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်စေချင်ရင် ဒီအကျဉ်းသားတွေဟာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေပေါ့ ထောင်ထဲမှာ မရှိသင့်တော့ဘူး ။ ကျနော့ ယူဆချက်ပါ ။ အဲတော့ သူတို့ကို အမြန်ဆုံး လွှတ်သင့်ပြီလို့ ကျနော်လဲ ယူဆပါတယ် ။ အဲဒီအတွက်လဲ ကျနော် ဒီလာမဲ့ ဇန်နဝါရီ ၄ ရက်ပေါ့ ။ ဒီမတိုင်ခင် အခု လွှတ်ပေးရင်တော့ ပိုကောင်းတာပေါ့ ။ အမြန်ဆုံး လွတ်စေချင်တာပေါ့ ။
ဘားမားဗီဂျေ

ဇာဂနာ နှင့်အဖွဲ့ တောင်ငူ ထောင်ကို သွားရောက်ကူညီ
Reviewed by သစ်ထူးလွင်
on
20:43
Rating:
1 comment:
appreciate your donation.prisoner life is the worst in human life.very bad depression & same as a lost dead life.i wish people away from jails for ever & enjoy with family happily,pecefully.
Post a Comment