ပြည်တွင်းကြေးနန်းနှင့် ဖက်စ်ဝန်ဆောင်ခများ ပြောင်းလဲကောက်ခံတော့မည်

 ပြည်တွင်းကြေးနန်းဝန်ဆောင်ခများနှင့် ဖက်စ်ဝန်ဆောင်ခများကို ဒီဇင်ဘာလ (၁၄) ရက်နေ့မှစတင်ကာ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကြေးနန်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလ (၁) ရက်နေ့မှစ၍ ကြေးနန်းတစ်စောင်၏၀န်ဆောင်ခမှာ အနည်းဆုံးစာလုံးရေ (၁၆) လုံးကို (၂)ကျပ်ဖြစ်ပြီး ကြေးနန်းစာတစ်လုံးလျှင် ၁၅ ပြားနှုန်းဖြစ်ကြောင်း ဖက်စ်ကြေးနန်းလုပ်ငန်းကို ၁.၉.၁၉၉၂ နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး A4 ဆိုဒ်တစ်စောင်လျှင် ကျပ် (၄၀)နှုန်းဖြင့်လည်းကောင်း ကောက်ခံခဲ့ကြောင်း သိရသည်။ ယခုအခါ ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဝန်ဆောင်မှုပေးနိုင်ရန်နှင့် လက်ရှိကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကပြောကြားသည်။ ပြင်ဆင်သည့်နှုန်းထားသစ်များအနေဖြင့် မြန်မာစာကြေးနန်းစာလုံးရေ (၁၀၀) လျှင် ၂၀၀ ကျပ်နှင့် စာလုံးရေ (၁၀၀) ကျော်ပါက နောက်ထပ် ၂၀၀ ကျပ်စီပေးဆောင်ရမည်ဖြစ်ကြောင်း ၊ အင်္ဂလိပ်စာကြေးနန်း စာလုံးရေ (၅၀)လျှင် ၂၀၀ ကျပ်၊ စာလုံးရေ (၅၀) ကျော်ပါက နောက်ထပ် ၂၀၀ ကျပ်စီ ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ဖက်စ်ဝန်ဆောင်ခများအနေဖြင့် A4 ဆိုဒ်တစ်ရွက်လျှင် ယခင် ၄၀ ကျပ်မှ ယခု ၂၀၀ ကျပ်သို့လည်းကောင်း၊ အပိုအစိတ်အပိုင်းတိုင်းနှင့် အပိုစာရွက်တိုင်းအတွက် ယခင် ၄၀ ကျပ်မှ ယခု ၂၀၀ ကျပ်သို့လည်းကောင်း အသီးသီးပြောင်းလဲကောက်ခံမည်ဖြစ်သည်။ “ရင်းနှီးမြှုပ်နှံမှုပမာဏ များလာတာနဲ့အမျှ ကုန်ကျစရိတ်ဝင်ငွေ အချိုးမျှဖို့အတွက် အခုလိုကြေးနန်းဝန်ဆောင်ခတွေကို ပြောင်းလဲကောက်ခံလိုက်တာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောကြားသည်။ လိပ်စာတို Cable Address (နှစ်စဉ်ကြေး) ၀န်ဆောင်ခများလည်း ပြောင်းလဲမည်ဖြစ်ပြီး လိပ်စာတို Cable Address ကို မြန်မာ (သို့မဟုတ်) အင်္ဂလိပ်တစ်မျိုးစီအတွက် ၁၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကွန်ပျူတာအသုံးပြု ကြေးနန်းရုံးပေါင်း (၁၆၈)ရုံးရှိပြီး အများပြည်သူသုံး ဖက်စ်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသည့် ရုံးပေါင်း (၃၇၀) ရှိကာမြို့နယ်တိုင်းတွင် အများပြည်သူသုံး ဖက်စ်ဝန်ဆောင်မှုရှိကြောင်း သိရသည်။

ရေးသားသူ - ထွန်းထွန်း (အင်တာနက်ဂျာနယ်)
ပြည်တွင်းကြေးနန်းနှင့် ဖက်စ်ဝန်ဆောင်ခများ ပြောင်းလဲကောက်ခံတော့မည် ပြည်တွင်းကြေးနန်းနှင့် ဖက်စ်ဝန်ဆောင်ခများ ပြောင်းလဲကောက်ခံတော့မည် Reviewed by သစ်ထူးလွင် on 11:08 Rating: 5

No comments:

Powered by Blogger.