ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁)

အမေရိကန်အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ယွန်း နှင့် မေလလယ်ခန့်က တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားများ၏ မေးမြန်းချက်များအား ဖြေကြားနေစဉ်။
ဓာတ်ပုံ-ကောင်းထက်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးမှာ တစ်ကျော့ပြန် ပါဝင် လာမှုဟာ မြန်မာ့နိုင်ငံရေးလမ်းကြောင်းတစ်လျှောက်မှာ သိသာတဲ့ အပြောင်းအလဲ တစ်ခုပါပဲလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောပါတယ်။
နေအိမ်အကျယ်ချုပ်ကျစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာ ဝေဖန်သုံးသပ်မှု၊ ဆုံးဖြတ်မှုတို့ဟာ ပြင်ပနဲ့ ပြန်လည်ထိတွေ့ ခွင့် ရခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း များစွာပြောင်းလဲမှုတွေ ရှိလာတယ်လို့လည်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ဆိုပါတယ်။
နေအိမ်အကျယ်ချုပ်ကျနေခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့် ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့သာ ထိတွေ့မှုရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုဖြစ်စဉ်တွေကို အခုလောက် သိခွင့်မရခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ဦးခင်မောင်ဆွေ က ပြောပါတယ်။
"နေအိမ်အကျယ်ချုပ်မှာ နေရစဉ်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပ ရေဒီယိုတွေကိုပဲ နားထောင်ခဲ့ရတာ။ အခုလို လွတ်မြောက်လာချိန်မှာ ပြင်ပအနေအထားကို တွေ့ရတာနဲ့ မတူဘူး၊ ဒီတော့ သူ့ရဲ့အယူအဆတွေဟာ ပြောင်းလဲမှုရှိလာတယ်"လို့ သူက ပြောပါတယ်။
သူက ဆက်ပြောတာကတော့ သိခွင့်ရခဲ့တဲ့ အိမ်တွင်းက အနေအထား နဲ့ လွတ်မြောက်လာပြီး အနေအထား ပြောင်းလဲလာမှုကြောင့် အရင်လို သဘောထား တင်းမာမှုထက် ပျော့ပျောင်းညင်သာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှေးရှုပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်ဆိုတာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်တယ်လို့ သူက သုံးသပ်ပြပါတယ်။
"ပြင်ပက အနေအထားကို မသိသေးတဲ့အခါတုန်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုတောင် လက်မခံ ခဲ့ပေမယ့် အခုလို ပြင်ပနဲ့ ထိတွေ့ဆက်ဆံလာရတဲ့အခါ သူ့ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်မှု ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာချိန်မှာ အစိုးရအရာရှိကြီးတွေ၊ သံတမန်တွေ၊ နိုင်ငံ တကာက အစိုးရအဆင့်မြင့်အရာရှိတွေအပြင် ပြည်သူထဲ ကိုလည်း ထဲထဲ ၀င်ဝင်ထိတွေ့ခွင့်ရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဆောင် ချက်တွေ ပိုမိုပျော့ပျောင်းစွာ လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံမှုကတော့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ဖွံ့ဖြိုးမှုအရှိဆုံး ကိစ္စတစ်ခု ပါပဲ။ ဒီလို တွေ့ဆုံမှုအပြီးမှာပဲ သူ ဘာလုပ်ရမယ်ဆိုတာ ပိုပြီးသိသာ ထင်ရှားလာပြီး အခုဆိုရင် လွှတ်တော်ထဲပြန်ဝင်ဖို့ ပြင်ဆင်နေပါပြီ"လို့ ဦးခင်မောင်ဆွေက ဖြည့်စွက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး တစ်နှစ်တာကာလ အတွင်း လုပ်ဆောင်ချက်တွေထဲမှာ ပြည်သူနဲ့ ပိုထိတွေ့လာ နိုင်တာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလ ကထက်စာရင် ပိုပြီး အလားအလာ ကောင်းတွေ ရှိလာတယ်လို့ ဆိုကြပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲကို ပြန်လည် ၀င်ရောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အကောင်းဘက်ကို ပိုပြီး တွေးတောကြသလို သူ့အနေနဲ့ လူထုနဲ့ ပိုမို ထိတွေ့လာပြီး လူထု လိုအပ်ချက်ကို ဒီထက်ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ကြသူတွေ ရှိပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာနေတဲ့ အသက် ၆၄ နှစ်အရွယ် အငြိမ်းစားတစ်ဦးဖြစ်သူ ဦးမြင့်ကျော်ကတော့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ မဟာဗျူဟာအရ ဒီမိုကရေစီရေးရာများကို ဦးတည်ပြောဆို ဆောင်ရွက်ဖို့လိုပြီး နည်းဗျူဟာအရ နိုင်ငံရေးမှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ လွှတ်တော်ထဲဝင်ကာ ပြည်သူလိုအပ်ချက်ကို လုပ်ဆောင်နိုင်ဖို့ လိုပါတယ်လို့ သုံးသပ် ပြောပါတယ်။
"မဟာဗျူဟာအနေနဲ့တော့ ဒီမိုကရေစီအဆိုအမိန့်တွေကို ဆက်လက် ပြောဆိုနေဖို့ လိုသလို နည်းဗျူဟာအရတော့ ပြည်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ယူဆတယ်"လို့ သူက ဆိုပါတယ်။ နိုင်ငံရေးလေ့လာနေသူ ပြည်သူ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေအတွက် ရပ်တည်နိုင်မယ့်သူ တစ်ဦးဖြစ်တယ်ဆို တာကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အများက လက်ခံခဲ့တာဖြစ်တဲ့အတွက် အခုချိန်မှာ လက်တွေ့ကျကျလုပ်ဖို့ လိုအပ်လာ နေပြီး နိုင်ငံရေးအနေအထားဟာလည်း ၁၉၉၀ ကအနေအထားနဲ့ မတူညီ တော့ဘူးဆိုတာကို သိရှိဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
"အခုချိန်မှာ အင်န်အယ်လ်ဒီကို လူတိုင်းက အပြည့်အ၀ကို ထောက်ခံ မယ်လို့ မဆိုနိုင်သလို အချိန်ကာလအရ ကွာဟချက်တွေ ရှိလာနေပြီဆိုတာ ကိုလည်း သိရှိဖို့ လိုတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ မျိုးဆက် ကွာဟမှုတွေ ရှိနေပြီ"လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတိုင်မီက တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အိမ်တွင်းမှာ အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့အတွက် ပြင်ပလောကနဲ့ ထိတွေ့မှုပိုင်းမှာ အရင်က အားနည်းမှုများ ရှိကောင်း ရှိနိုင်မှာဖြစ်ပေမယ့် အခုချိန်မှာ ပြောင်းလဲမှုအားလုံးကို မြင်တွေ့နေပြီဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူအတွက် အမှန်တကယ်လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခုလို ဒီမိုကရေစီ အပြောင်းအလဲကာလဟာမွေးကင်းစ ကလေးငယ်ကို အထူးကြပ်မတ်ဆောင်မှာ ထားရှိရတဲ့ အချိန်လို အချိန်ပြည့် ဂရုစိုက်ပေးနေဖို့ လိုအပ်တဲ့ကာလလည်း ဖြစ်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ကလည်း ပျော့ပျောင်းညင်သာတဲ့ နည်းလမ်းစဉ် အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောက အတွင်းမှာ ကြိုဆိုခဲ့ပြီး လွှတ်တော်ကို ၀င်ရောက်မှုကို ကြိုဆိုခဲ့ပါတယ်။
ဒီလိုပြောင်းလာမှုတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာအလှည့်ပြောင်းတစ်ခု လို ကောင်းသောပြောင်းလဲခြင်းရဲ့အစလည်း ဖြစ်ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နှစ်တာအတွင်း ဘာတွေ လုပ်ဆောင် တယ်ဆိုတာကို ခန့်မှန်းပြောနေဖို့ မလိုပါဘူး။ အမှန်တကယ် ဘာတွေလုပ် နေလဲဆိုတာကို မြင်နိုင်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ရဲဝံ့စွာ လုပ်လာတာကို မြင်နေ ရပါတယ်"လို့ နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင်က သုံးသပ်ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်အခန်းကဏ္ဍက ပါဝင်မလဲဆိုတာ သူ့ရဲ့ အရည်အချင်းအတိုင်း ရလာမှာဖြစ်ပါတယ်။ လွှတ်တော်ကို ၀င်ပြီ ဆိုတာနဲ့ လွှတ်တော်အမတ်တစ်ယောက် လုပ်ဆောင်ရမယ့်အတိုင်း လိုက်နာ ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်"လို့ သူက ဆက်ပြောပါတယ်။ "သမ္မတကြီးကလည်း သူ့ကို ကြိုဆိုတယ်လို့ ဆိုခဲ့ပါတယ်"လို့ ဦးကိုကိုလှိုင်က ပြောပါတယ်။
တစ်နှစ်တာကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး အပြင် လူမှုရေးလုပ်ငန်းတော်တော်များများကို တက်တက်ကြွကြွ လုပ် ဆောင်ခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။ ဒီလို လူမှုရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ကိုင်ရင်းနဲ့ ပြည်သူ တွေနဲ့ ထိတွေ့ မှုရှိပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အာသီသ လူတိုင်းမှာ ရှိကြပါတယ်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထား ပြောင်းလဲလာနိုင်မယ်လို့ ပြည်သူတွေက ယူဆကြပါတယ်။
ကျော်ဆုမွန်  (မြန်မာ့တိုင်းမ်)
ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁) ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ (ပြန်လည်သုံးသပ်ခြင်း ၂၀၁၁) Reviewed by သစ်ထူးလွင် on 15:27 Rating: 5

3 comments:

အိုးဝေ said...

ခေါင်းဆောင် တယောက်ပဲရှိတယ်။ယုံကြည်တာလဲ တယောက်ပဲ ရှိတယ်။အားလုံးကို တခွန်းပဲ ပြောမယ်။အမေစု ခိုင်းတာလုပ်။ပြောတာနားထောင်။မဝေဖန်နဲ့.လေမကန်နဲ့။မင်းတို့ စဉ်းစားတာထက် အမေစု အပုံကြီးစဉ်းစားတတ်တယ်။မင်းတို့ တိုင်းပြည် ချစ်တာထက် အပုံကြီး သူက ပိုချစ်တယ်။

yein said...

ကောင်းလိုက်တဲ့comment.....
အားလုံးညီညွတ်ရမယ့်အချိန်ဆိုတာ
အလေးအနက်ယုံကြည်ထားဖို့လိုပြီ။

Anonymous said...

May God Bless Myanmar....

Powered by Blogger.