နှစ်ပေါင်းများစွာ
အစိုးရကို အတိုက်အခံပြု ဆန့်ကျင်လာခဲ့သည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ပါတီမှတ်ပုံတင်ရန်နှင့်
လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် နေရာပြည့်ဝင်ရောက်ယှဉ်ပြိုင်ရန်
ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်က မြန်မာ့နိုင်ငံရေးကို
ကြီးမားသော အချိုးအကွေ့ကြီးတစ်ခုဖြစ်စေခဲ့ပြီး ပြည်သူလူထုနှင့် NLD အပေါ်
သြဇာကြီးသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်လည်းဖြစ်၍
ကန့်ကွက်မှု မဆိုစလောက် ကြုံတွေ့ခဲ့ရသည်မှလွဲ၍ ပြည်သူလူထု တစ်ရပ်လုံးနှင့်
ပြည်ခိုင်ဖြိုး၊ တ.စ.ညအပါအဝင် နိုင်ငံရေးပါတီအားလုံးက
ကြိုဆိုခဲ့ကြသည်ကိုလည်းတွေ့ရသည်။
ပြည်သူလူထုနှင့်
နိုင်ငံတကာက စိတ်ဝင်စားသည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
ရွေးကောက်ပွဲ ဝင်မဝင်ဟူသည့် အချက်ဖြစ်ပြီး ယခုနောက်ဆုံး ရရှိသော
သတင်းများအရ လူထုခေါင်းဆောင်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မှ
ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဟု အတည်ပြုလိုက်ပြီ ဖြစ်သည်။ NLD
မှတ်ပုံတင်စဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်သင့်
မဝင်သင့်ဆိုသည့် သဘောထား မှတ်ချက်များ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ ယခု
သူမကိုယ်တိုင် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ထိုသို့
ရွေးကောက်ပွဲဝင်ခြင်းဖြင့် မည်သို့သော အကျိုးဆက်များ
ဖြစ်နိုင်ဖွယ်ရှိသနည်း၊ မည်သည့်နေရာကဝင်ပြိုင်သင့်သနည်း၊ မည်သည့်တာဝန်ကို
ယူသင့်သနည်းဟူသည့် စဉ်းစားဖွယ် အချက်များလည်း ရှိလာခဲ့သည်။
ပြည်သူ့လွှတ်တော်
ယခု
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်ရာ
သူမအနေဖြင့် ပြည်သူ့လွှတ်တော်ထဲ ရောက်လာလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို
စဉ်းစားရပေတော့မည်။ ပြည်သူ့လွှတ်တော်တွင် အဓိက ဦးဆောင်နေသူမှာ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းသည်
အပြောင်းအလဲကို အမှန်တကယ်ပြုလိုသူဟု ယူဆရပြီး နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးအတွက် ကြိုးပမ်းသည့် ကိစ္စတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၏
ကန့်ကွက်မှုကြောင့် ထိုအဆိုပျက်ပြယ်နိုင်မည့် အခြေအနေကို ထိန်းသိမ်းပြီး
အကောင်းဆုံး အဖြေရအောင် ဆောင်ရွက်နိုင်ခဲ့သည်။ လွှတ်တော်တွင်
သူလာခဲ့ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုး၏ လွှမ်းမိုးမှုမရှိစေရန် နှင့်
လွှတ်တော်များ၏ အသက်ဝင်မှု ကိုလည်း အထူးအလေးထား တည်ဆောက်နေသူဖြစ်သည်။ ထိုသို့
တည်ဆောက်သည့်အခါတွင် တစ်ခါ တစ်ရံ အမိန့်ပေးစနစ်ဖြင့် ကျင့်သုံးလိုက်ရသည်
များလည်း ရှိခဲ့သည်။ ၁၉၆၂ခုနှစ်ခန့်မှစ၍ အမိန့်ပေးစနစ်ဖြင့်
ယဉ်ပါးအသားကျလာခဲ့သော မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် လွတ်လပ်စွာ
ငြင်းခုံခွင့်ကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးမချနိုင်ဘဲ
လိုရာမရောက်ဖြစ်မည့် အခြေအနေများလည်း ရှိနေပေရာ တစ်ခါတစ်ရံတွင် လွတ်လပ်စွာ
သဘောထား ကွဲလွဲခွင့်ဆိုသည့် အချက်များကို လျစ်လျူရှုလိုက်ရသည်များလည်း
ရှိပါသည်။ အထက်ကဆိုခဲ့သော နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စတွင်
သူရဦးရွှေမန်းအနေဖြင့် တပ်မတော်သား ကိုယ်စားလှယ်များ ကို ထောက်ခံစေခြင်း၊
ပြည်ခိုင်ဖြိုးပါတီဝင်များ စောဒက မတက်နိုင်စေရန် အပိတ်မေးခွန်းဖြင့်
အတည်ပြုလိုက်ရခြင်းတို့မှာ ထင်ရှားမြင်သာ သည့်ကိစ္စပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ
Moral Person ဖြစ်သည်။ သူမအနေဖြင့် စာအုပ်ကြီးအတိုင်းဟု မဆိုနိုင်စေကာမူ
ဒီမိုကရေစီ၏ အနှစ်သာရကို အလေးပေးသူဖြစ်မည်မှာ သေချာသည်။ ထို့ကြောင့်
သူမအနေဖြင့် ဒီမိုကရက်တစ်ရှုထောင့်မှ တသွေမတိမ်း ရပ်ခံ၍ ပြည်သူ့လွှတ်တော်
အတွင်း၌ ဦးရွှေမန်းနှင့် ပါဝါချင်း ယှဉ်ပြိုင်လာရလျှင် လွှတ်တော်အတွင်း၌
ပါဝါကြီးသည့် ပုဂ္ဂိုလ်နှစ်ဦး ထိပ်တိုက်ရင်ဆိုင်မှုကြောင့် လိုရာမရောက်ဘဲ
ပြည်ခိုင်ဖြိုးနှင့် ဒီမိုကရက် အားပြိုင်မှုက
ပိုမိုကြီးမားလာနိုင်ဖွယ်ရှိသည်။ ဆိုရလျှင် ပြည်ခိုင်ဖြိုးကို
မျက်နှာသာမပေးသော ဦးရွှေမန်းသည် သူ၏ ပါဝါကို တည်ဆောက်ရန် ပြည်ခိုင်ဖြိုးဘက်
ပြန်လည်ရောက်သွားနိုင်စရာရှိသည်။ ထိုသို့ထိပ်သီးနှစ်ဦး ပါဝါပြိုင်မှုက
ပြည်သူ့လွှတ်တော်ကို အင်အားချိနဲ့သွားစေမည်ဖြစ်သလို တစ်ဖက်တွင်လည်း
အမျိုးသားလွှတ်တော်ကို အားကောင်းသွားစေနိုင်သည်။ ထို့ပြင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအနေဖြင့်လည်း တစ်ဖက်က ဦးရွှေမန်း တစ်ဖက်က
ဒေါ်အောင်ဆန်းစုကြည်ဆိုသည့် ထိပ်သီးနှစ်ဦးကြောင့် ယင်းတို့၏ အခန်းကဏ္ဍများ
ကျုံ့ဝင်သွားနိုင်သလို ရေငုံနှုတ်ပိတ် ဘဝမျိုးအထိ ရောက်သွားနိုင်ဖွယ်ရှိကာ
အကယ်၍ ဦးရွှေမန်းကသာ ၎င်းလုပ်ပိုင်ခွင့်ကို အသုံးချ၍ ပြည်သူ့လွှတ်တော်
ခေါ်ယူခြင်းမပြုရန် ဆုံးဖြတ်လိုက်လျှင် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍမှာ
ထိုးကျသွားမည်ဖြစ်သည်။ ဤသည်မှာ လူထုခေါင်းဆောင် ပြည်သူ့လွှတ်တော် အတွင်း
ဝင်လာခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးဖြစ်သည်။
အကယ်၍
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ မဟာဗျူဟာမိတ်ဖက်များအဖြစ်
အခြေအနေကို ညှိနှိုင်းလုပ်ဆောင်သွားကြ မည်ဆိုပါလျှင်မူ ပြည်သူ့လွှတ်တော်၏
အခန်းကဏ္ဍမှာ ပို၍ ကြီးမားလာနိုင်ပါလိမ့်မည်။ ဦးရွှေမန်းက ပြည်ခိုင်ဖြိုးကို
ထိန်းကျောင်း၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရက်ပါတီများကို
ထိန်းကျောင်း၍လည်းကောင်း ဖြစ်ပေါ်လာသည့် အခြေအနေပေါ် ညှိညှိနှိုင်းနှိုင်း
လုပ်ဆောင် သွားကြမည်ဆိုလျှင် ပြည်သူ့လွှတ်တော်မှာ အမျိုးသားလွှတ်တော်ကို
အားပြိုင်ထားနိုင်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ထိုကဲ့သို့သော
အခြေအနေမျိုးကို လက်ခံနိုင်ဖွယ်ရှိပါသည်။ ဥပမာ ဆိုရလျှင် မြစ်ဆုံကိစ္စကို
အကြီးအကျယ် ကန့်ကွက်ခဲ့သော်လည်း ဦးသိန်းစိန်နှင့် တရုတ်ပြည်အကြား
ပြဿနာမတက်စေရန် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကို
မသိကျိုးကျွံပြုပေးခဲ့သည်။ တစ်ဖက်တွင်လည်း သူမနှင့်ရင်းနှီးသော အမေရိကန်
ပြည်ထောင်စုနှင့် ဆက်ဆံရေးပြန်လည် စတင်နေပြီဖြစ်သည့်တိုင် နိုင်ငံမနာစေရန်
တရုတ်ပြည်နှင့် ဆက်ဆံရေးလည်း အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် Morality ရှုထောင့်ထက် အခြေအနေကို
ကြည့်၍ အကောင်းဆုံး ဆုံးဖြတ်နိုင်ကြောင်း ပြသနိုင်ခြင်းဖြစ်သည်။ ဆိုရလျှင်
သူမအနေဖြင့် မည်သည့်အချိန် တွင် တင်းရမည်၊ မည်သည့်အချိန်တွင် လျော့ရမည်ကို
ကောင်းစွာ သဘောပေါက် ထားပုံလည်းရသည်။ ထို့ကြောင့် လွှတ်တော်ထဲတွင်
ဦးရွှေမန်းနှင့် သူမသာ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်လျှင်တော့ များစွာ
အကျိုးရှိပါလိမ့်မည်။
အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာ အပြောင်းအလဲနှင့် ဒီမိုကရေစီအကြောင်း
တွင်တွင်ပြော၍ မီဒီယာစာမျက်နှာများ ပေါ်တွင် နေရာယူလာသော်လည်း
အမှန်တကယ်ပြောင်းလဲရန် ဆန္ဒရှိမရှိမှာ သံသယဖြစ်ဖွယ်အနေအထား၌ ရှိနေသေးသည်။
မကြာမီက ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သည့် ဥပဒေတစ်ခုကို သမ္မတ
လက်မှတ်ရေးထိုးခြင်းမပြုမီ ဖွဲ့စည်းပုံအခြေခံဥပဒေရုံးသို့ ပေးပို့
ရမည်ဟူသည့် ဥပဒေတစ်ခုကို ၎င်း၏ သဘောတစ်ခုတည်းနှင့် ဆုံးဖြတ်ခဲ့သဖြင့်
ပြည်သူ့လွှတ်တော်မှ ပြည်ခိုင်ဖြိုးနှင့် ဒီမိုကရက်ပါတီများ ပူးပေါင်း၍
ကန့်ကွက်ခဲ့ရသည်။
ထို့ကြောင့်
၎င်းအနေဖြင့်လည်း ပြည်သူ့လွှတ်တော်ကို အားပျော့ရန် စီစဉ်ထားသည့်
ထိုဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ရသည်။ ဆိုရလျှင် တစ်ဖက်၌
ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ကို တည်ဆောက်နေသကဲ့သို့
ဦးခင်အောင်မြင့်သည်လည်း သူ၏ အမျိုးသားလွှတ်တော်ကို တည်ဆောက်နေခြင်း
ဖြစ်သည်။ ထိုအခါ တစ်ဖက်နှင့် တစ်ဖက် အားပြိုင်မှုတွေရှိလာပြီး အထက်က
ဦးခင်အောင်မြင့် တင်သွင်းသည့် ဥပဒေကြမ်းမှာ ပြိုင်ဘက်ကို ခြေထိုးခံသည့်
မမျှတသည့် ယှဉ်ပြိုင်မှုမျိုးဖြစ်သည်။
အကယ်၍
ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားလွှတ်တော်ထဲ ရောက်သွားပါက Moral Person
ဖြစ်သော သူမသည် ဦးခင် အောင်မြင့်၏ လက်ခံနိုင်စရာမရှိသော
လွှမ်းမိုးမှုများကို ထိန်းသိမ်းရန် ကြိုးစားမည်မှာသေချာသည်။
အမျိုးသားလွှတ်တော်မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီးမှ
လွှတ်တော်ကိုယ်စားလှယ် အရေအတွက် အတူတူဖြစ်၍ ပါတီတံဆိပ်ထက် မိမိတို့
ဒေသအရေးကို ပိုမို အလေး ပေးဖွယ်ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ
ထောက်ခံမည့်သူမှာ တပ်မတော်သားကိုယ်စားလှယ်များပါ ပါဝင်လာနိုင်သည်။ သူမ
အနေဖြင့် ဦးခင်အောင်မြင့်နှင့် အားချင်းပြိုင်မှုကြောင့်
ဥပဒေကြမ်းတစ်ခုအတွက် အဆိုတစ်ခုအတွက် အငြင်းပွားလာရလျှင်ပင် ပြည်ထောင်စု
လွှတ်တော်၌ မဲခွဲဆုံးဖြတ်သည့်အခါ ပြည်သူ့လွှတ်တော်ကပါ သူမဘက်က
ရပ်ခံပါလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် အမျိုးသား လွှတ်တော် အတွင်း
ရောက်ရှိခဲ့ပါက ဦးခင်အောင်မြင့်အနေဖြင့် သူမနှင့် ပူးပေါင်းဆောင်ရွက်ရန်သာ
ရှိပါတော့သည်။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်မည် ဆိုပါက ပြည်သူ့လွှတ်တော်ကပါ
ဒေါ်အောင်ဆန်းစုကြည် နောက်တွင် ရှိနေမည်ဖြစ်ရာ ဦးခင်အောင်မြင့်အနေဖြင့်
စိတ်ကြိုက် ခြယ်လှယ်နိုင်မည့် အခြေအနေမရှိတော့သည်မှာသေချာသည်။ ထို့ကြောင့်
လူထုခေါင်းဆောင် အနေဖြင့် အမျိုးသားလွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်
ဆုံးဖြတ် ခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်ဖြစ်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်ရော ပြည်သူ့လွှတ်တော်ဥက္က သူရဦးရွှေမန်းရောပါ
အပြောင်းအလဲပြုလုပ်လိုသည်မှာ သေချာသော်လည်း ထိုကဲ့သို့ ကောင်းမွန်သော
အပြောင်းအလဲကို သူလုပ်မည် ငါလုပ်မည်ဟု အငြင်းပွားနေသည့် ပြဿနာဖြစ်သည်။
ထိုသို့ အငြင်းပွားရင်းမှ တစ်ဦး၏ အခန်းကဏ္ဍကို တစ်ဦးက ယှဉ်ပြိုင်ရန်
ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် လွှတ်တော်နှစ် ရပ်
ပူးပေါင်းဆောင်ရွက်ပြီး အကျိုးရှိမည့် ဥပဒေများ ဖြစ်ပေါ်လာရန်
အလားအလာရှိပါလျှက် ပါဝါချင်းယှဉ်နေမှုကြောင့် လိုရာမရောက်ဖြစ်နေရ သည်ကို
တွေ့ရပြီး အထက်က ဦးခင်အောင်မြင့် တင်သွင်းသည့် ဥပဒေမှာ အထင်ရှားဆုံးဖြစ်ကာ
အခန့်မသင့်ပါက လွှတ်တော်များ၏ အခန်းကဏ္ဍပါ သေးသိမ်သွားနိုင်သည်လည်းဖြစ်သည်။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုအခြေအနေများကို ရိပ်မိရန်လိုပါသည်။ သူမသည်
ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုကို ရရှိပြီးဖြစ်သလို သမ္မတနှင့် လွှတ်တော်ဥက္ကဌ
နှစ်ဦးလုံးကပါ သူမ၏ ပါဝါကို အသုံးချ၍ ၎င်းတို့၏ အခန်းကဏ္ဍကိုတည်ဆောက်ရန်
အလိုရှိနေကြသည်လည်း ဖြစ်ပါသည်။ ထိုကဲ့သို့သော ပါဝါချင်းပြိုင်မှုတွင်
လူထုခေါင်းဆောင်အနေဖြင့် မည်သည့်ဘက်ကရပ်တည်လိုက် ခြင်းဖြင့်
ထိုအားပြိုင်မှုများကို ပြေလည်စေပြီး မျှခြေတစ်ခုကို
ဖန်တီးနိုင်မည်ဆိုသည်ကိုလည်း စဉ်းစားရန်လိုပါသည်။ ယခုအချိန်တွင် ပြည်သူ့
လွှတ်တော်ထက် အမျိုးသားလွှတ်တော်တွင် ဝင်ရောက်လိုက်ခြင်းက
ဦးခင်အောင်မြင့်ကို ထိန်းပြီးဖြစ်သလို ပြည်သူအများစုကို ကိုယ်စားပြု သည့်
ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍကို
ပိုမိုမြင့်တက်လာစေလိမ့်မည်ဖြစ်ပါကြောင်း.........
****************************************************************************************************
YC
Myanmar News Now
လူထုခေါင်းဆောင် ရွေးကောက်ပွဲဝင်သော်
Reviewed by သစ်ထူးလွင်
on
08:28
Rating:

No comments:
Post a Comment