တံစိုးလက်ဆောင်

ယနေ့ကမ္ဘာကြီးရဲ့ တိုင်းနိုင်ငံအသီးသီးကို ဆန်းစစ်ကြည့်ရင် လာဘ်စားမှုကင်းတဲ့ အစိုးရဆိုတာ လက်ချိုးရေလို့ရပါတယ်။ တံစိုးလက်ဆောင်ကင်းတဲ့ နိုင်ငံတော့ မရှိဘူးပေါ့။ ဖွံ့ဖြိုးပြီးအဆင့်ရောက်နေတဲ့ တောင်ကိုရီးယား၊ တိုင်ဝမ် စတဲ့ နိုင်ငံတွေမှာဆို လာဘ်စားမှုတွေကြောင့် သမ္မတတွေ သတ်သေတာ၊ ထောင်ကျတာတွေအထိ ဟိုးလေးတကျော်ဖြစ်ခဲ့ကြပါတယ်။ လောဘကြီးလွန်း လို့လည်း ဖြစ်မှာပါလေ။ ဒီအဆင့်တွေက တံစိုးလက်ဆောင် လောက်နဲ့လည်း အဆင်ပြေနိုင်ပါရဲ့နော်။ ဖွံ့ဖြိုးမှုနည်းတဲ့ တိုင်းပြည် တွေမှာ အခြေခံလူတန်းစားရဲ့ဝင်ငွေဟာ သူ့တစ်ကိုယ်စာ သုံးစွဲနိုင်တဲ့ပမာဏလောက်ပဲ ရှိကြပါတယ်။ ၀င်ငွေနဲ့ သုံးစွဲငွေအချိုးလည်း မြင့်မားပါတယ်။

အရှေ့တောင်အာရှမှာ အဆင်ပြေတဲ့ အဆင့်ရောက်နေတဲ့ စင်ကာပူမှာ အနိမ့် ဆုံးအဆင့်လစာဟာ မြန်မာလုပ်သား တွေအတွက် အခြေအနေရ စင်ကာပူ ဒေါ်လာ ၄၀၀ နဲ့ ၇၀၀ အတွင်း ဖြစ်ပါတယ်။ နေ့စားလုပ်ခကတော့ ၂၅ ဒေါ်လာ ဖြစ်ပါတယ်။ သူတို့နိုင်ငံသား တွေရဲ့ လုပ်ခထက် သုံးပုံတစ်ပုံ နည်းပါ သေးတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ဖန်တီးထားတဲ့ အခြေအနေအရ တစ်နေ့ စင်ကာပူ ၁၀ ဒေါ်လာဆို လောက်တယ်။ ၀မ်း၀၀စားရတော့ သုံးပုံနှစ်ပုံလောက် ခေါင်းပုံဖြတ်ထားခဲ့ရသည့်တိုင် မြန်မာတွေ လုပ်ပျော်တယ်ပေါ့။
သူတို့နိုင်ငံသားတွေရဲ့ အနိမ့်ဆုံးက တော့ ၁,၅၀၀ နဲ့ ၂,၀၀၀ အတွင်း ဖြစ်ပါတယ်။ သူတို့ရဲ့ဝင်ငွေနဲ့ သုံးစွဲမှု (Consumption) အချိုးလေး ချကြည့်ရ အောင်ပါ။
စင်ကာပူနိုင်ငံသားတွေ မိသားစုဟာ သုံးယောက်ထက်မပိုတာ များပါတယ်။ စားစရိတ်က သုံးယောက် ဒေါ်လာ ၉၀၀ လောက်နဲ့ အထွေထွေ စရိတ်က ၃၀၀ လောက် ရှိမယ်။
ဒီတော့ မိသားစုတွေ လူတန်းစေ့ နေနိုင်ကြတယ်။
ဒါကြောင့် သူတို့ဟာ လာဘ်ပေးလာဘ် ယူမှု တိုက်ဖျက်တဲ့ စင်ကာပူနိုင်ငံရဲ့ လူနေမှုစနစ်အောက်မှာ အခက်အခဲမရှိ နေလို့ရပါတယ်။
Ratio Income to Consumption က မျှတတော့ လာဘ် ပေးလာဘ်ယူမှုကို အတတ်နိုင်ဆုံး လျော့ ကျစေခဲ့ပါတယ်။ လင်မယား နှစ်ယောက် စလုံး အလုပ်လုပ်ရင် အိမ်ဖော်ခ ၃၀၀။ စားစရိတ် ၁၅၀ ပိုကုန်မယ်။ အဆင်ပြေ တုန်းပါ။ ဒါက အနိမ့်ဆုံးအဆင့်ကိုသာ တွက်ပြတာပါ။ စင်ကာပူနိုင်ငံဟာ ဘာအရင်းအမြစ် မှ မရှိပါဘူး။ တစ်ကမ္ဘာလုံးက ပညာတတ် တွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တံခါးဖွင့်ထားတယ်။
သူ့နိုင်ငံက တက္ကသိုလ်တွေရဲ့ အရည်အသွေးကို မြင့်အောင် မြှင့်တင်တယ်။ နိုင်ငံရပ်ခြားက သူ့နိုင်ငံမှာလာသင်တဲ့ ပညာသင်တွေကို အရည်အချင်းအလိုက် ထောက်ပံ့ကြေး ပေးတယ်။
ပြီးရင် သူ့နိုင်ငံထူထောင် ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင် အောင်၊ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးတယ်။ နိုင်ငံသားခံယူခွင့်အထိ အခွင့် အရေးပေးတယ်။ စင်ကာပူမှာ စင်ကာပူ နိုင်ငံသား မြန်မာတွေ အများကြီးရှိပါ တယ်။ စံနမူနာယူထိုက်တဲ့ နိုင်ငံ တစ်နိုင်ငံပါ။
ကဲ ကျွန်တော်တို့နိုင်ငံအလှည့်။
လက်ရှိအနိမ့်ဆုံးလစာက ကျပ် ၅၀,၀၀၀ မပြည့်ပါ၊ သာသာထိုးထိုး ၅၀,၀၀၀ လို့ ထားကြရအောင်။ ထမင်းက တစ်ခါပြင် ၅၀၀၊ ချက်စားရင် ဒါထက်ပိုကုန်ပါတယ်။ ကဲပါလေ အ၀စားလို့ ပြောကြည့်ပါ။ တစ်လ နပ် ၆၀။ သုံးသောင်းကုန်ပြီ။
လမ်းစရိတ်က တစ်နေ့ ၂၀၀ ထား (တကယ်တော့ မရပါ)။ အလုပ်ဆင်းရက် ၂၂ ရက်၊ ၄,၄၀၀။
ဆင်ခြေဖုံးဒေသ ရေဖိုး စည်တစ်ဝက် ၅၀၊ ရက် ၃၀ မှာ ၁,၅၀၀။
မီးမရှိ မီးပျက် ဖယောင်းတိုင်ဖိုး (မီတာခဆိုပါစို့) ၂,၀၀၀ (ဒါထက်များပါမယ်)။
သာရေးနာရေး အလုပ်အကိုင်သစ်ရရှိရေး၊ ဖုန်းဆက်ခ တစ်ခါဆက် ၅၀၊ တစ်လ ပျမ်းမျှ ၁,၀၀၀ (တစ်ရက် တစ်ခါဆက်၊ ရက် ၂၀ လောက်များ အာတွေ့တွေ့ပြောလိုက်မိရင် တစ်သောင်းပါ၊ ဒါကိုဖယ်ပါ)၊
မနက်မိုးလင်းစာ ချွေချွေတာတာ တစ်မနက် ၅၀ (စမူဆာ ဒါမှမဟုတ် ဘိန်းမုန့်နဲ့ရေ) တစ်လလုံး ၁,၅၀၀ ပေါင်းလိုက်ရင် ၄၀,၀၀၀ ကျော်ရှိပြီ။
ဒါတွေက အနိမ့်ဆုံး စရိတ် အဆင့်နဲ့ တွက်ထားတာပါ။ အဲ မေ့နေလို့ အ၀တ်အစားနဲ့ နေဖို့နေရာ အတွက် တန်ဖိုးထည့်ပေါင်းရရင် ဘယ်လိုစဉ်းစားကြံစည်ရမှာပါလဲ။
ဒါက တစ်ကိုယ်ရေ တစ်ကာယအတွက်ပါ။
မိသားစုရှိရင်တော့ ဘ၀ခရီးကြမ်းကို ရုန်းရပါပြီ။
မိဘကျေးဇူးဆပ်ဖို့ဆိုတာလည်း မမျှော်မှန်းနိုင်ပါ။
မြန်မာလုပ်သားတွေအတွက် လျှပ်စစ် မီတာခ၊ ရေခ၊ လမ်းစရိတ်၊ ဆေးဝါးကုသ စရိတ်တွေဟာ ရလာတဲ့လစာငွေနဲ့ စာရင် တန်ဖိုးကြီးလွန်းနေပါတယ်။
ဒီတော့ ခဏမှေးလုပ်ပြီး အခြေခံလေးရရင် နိုင်ငံခြားမှာ အလုပ်လုပ်တော့ မြန်မာ ပြည်ထဲမှာ ကျွမ်းကျင်လုပ်သားတွေ ပြတ်လပ်လာ ပါတယ်။
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်က ကျောင်းဆင်းတွေကလည်း အထက်တန်းကျောင်း အဆင့်သာသာလောက်သာဖြစ်လို့ တိုင်းပြည်တည်ဆောက် ထူထောင်ရေးတွေမှာ ပညာသည်တွေအပိုင်း ခါးပြတ် ခဲ့ပါပြီ။
ပညာတတ်တွေဘက်က ကြည့်ရင် မြန်မာပြည်ထဲမှာ ကျပ်ကျပ်တည်း တည်းနေမယ့်အစား မျက်နှာငယ်ရင် ငယ်၊ နိုင်ငံခြားမှာပဲ အလုပ်သွားလုပ်မယ့် ဆိုတဲ့အတွေး ရှိလာကြပါတယ်။
လက်ရှိ အစိုးရ၀န်ထမ်းငယ်တွေအဖြစ် မတတ်သာလို့ လုပ်နေရသူတွေများဟာ ၀န်ထမ်းဆိုတဲ့ အကာအကွယ်နဲ့ ၀မ်းစာရေး လုံးပန်းနေရကြတာပါ။
ဒီအချိန်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ အတော်ဖြေရှင်းရခက်နေမှာပါ။
မြန်မာနိုင်ငံရဲ့ အသားကျနေပြီဖြစ်တဲ့ လက်ဖက်ရည်ဖိုးဆိုတာလေး ချပေးလိုက်ရင် မလူးသာ မငြင်းသာတဲ့ ၀န်ထမ်းလေးတွေခင်ဗျာ ပေးတဲ့ငွေလေးကို သူ့ စားပွဲထဲ အံဆွဲထဲ အသာလေး လျှောသွင်းလိုက်ရုံကလွဲလို့ အခြား ဘာကိုမှ တွေး မကြောက်အားတော့ပါ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်၊ အိမ်အပြန် ဆန်ဝယ်သွားရမယ်လေ။ ဆီဖိုး ဈေးဖိုးလေးလည်း လာပါစေဦးဗျာနဲ့ မျှော်သူမောပြီ ဆိုတဲ့ ဘ၀မျိုးက ဘယ်တော့လွတ်မှာပါလိမ့်လို့လည်း မတွေးသာသေးတဲ့ ၀န်ထမ်းငယ်တွေဘ၀ လက်ရှိဖြစ်နေစဉ်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ နားထဲမှာ မကြားရဲပါ၊ သီချင်းစာသား လိုပါ။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ရည်မှန်းချက်ထက် ကောင်းတာက Clean Government ဆိုထားတဲ့ သန့် ရှင်းသော အစိုးရဖြစ် ရေးက အကောင်း ဆုံးဖြစ်ပါတယ်။
လုပ်လို့အဖြစ်နိုင်ဆုံးနဲ့ အလွယ်ဆုံးပါ။ Clean Government ဆိုတဲ့ သန့်ရှင်းသော အစိုးရကို ပြည်သူကလုပ်လို့မရပါ။
အစိုးရအဖွဲ့ကိုယ်တိုင် သမာဓိရှိရှိ သိက္ခာရှိရှိ၊ အရှက်အကြောက်တရား သိသိနဲ့ လူသားဆန်စွာ အကောင် အထည်ဖော်မှ ရတာပါ။
လူသားချင်း စာနာထောက်ထား ညှာတာမှုလည်း လိုပါသေးတယ်။
မိမိအစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းထဲက လူတွေပဲ အစိုးရနဲ့ ပတ်သက်တဲ့ အသီးအပွင့်တွေ ခံစားနေကြတယ်ဆိုရင် ဒါဟာ Clean Government မဖြစ်နိုင်သေးလို့ပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်က ပြောခဲ့ဖူးတယ်။ ရန်ကုန်ကနေ ဘန်ကောက် ရောက်တော့ ရန်ကုန်ကို အမှိုက်ပုံလို့ မြင်တယ်။
စင်ကာပူနဲ့ ဥရောပနိုင်ငံတွေ ရောက်တော့ ဘန်ကောက်ကို အမှိုက်ပုံလို့ မြင်တယ်။
ဂျပန်နိုင်ငံကိုရောက်တော့ စင်ကာပူကို အမှိုက်ပုံလို့ မြင်ပြန်ရောတဲ့။
နောက်ဆက်ပြောတာက ဒီနေ့အထိ ရန်ကုန်မြို့တော်ဟာ အဲဒီအမွေအနှစ်ကို ထိန်းသိမ်းနိုင်ဆဲပါတဲ့ ခင်ဗျာ။
ကျွန်တော်တို့တိုင်းပြည်ဟာ နှစ် ၅၀ လောက်မှာ အုပ်စိုးမှုစနစ်ကို အားပြုခဲ့တော့ အရှေ့တောင်အာရှနိုင်ငံတွေ အတွင်းမှာတင် ဖွံ့ဖြိုးမှု တွေ နောက်ကျခဲ့ပြီး အာဆီယံအဖွဲ့ဥက္ကဋ္ဌရာထူးနဲ့တောင် မတန်သလိုပြောခံနေရတာတော့ ရင်နာစရာကောင်းလှပါတယ်။
ဘာလို့ မရထိုက်ရမှာလဲ၊ အဖွဲ့နိုင်ငံ အချင်းချင်း အဆင့်လျှော့ချထားသလို ဖြစ်နေတာပေါ့။
ကျွန်တော်တို့အစိုးရကလည်း နိုင်ငံတကာကျင့်သုံးတဲ့ မူဝါဒတွေကို နားလည်ရပါမယ်။
ကိုယ့်မူဟာ အများ နားမလည်နိုင်တာမျိုးဖြစ်နေရင် ဒါဟာ တစ်ယူသန်ဝါဒဆန်နေပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ Clean Government ဖြစ်အောင် တည်ဆောက် ရင်း မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ ပညာတတ်တွေ၊ မြန်မာပြည် လာလုပ်နိုင်တဲ့ စက်မှုလုပ်ငန်းတွေ ပေါ်ထွက်လာရေးအတွက် နည်းပညာ မြင့်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ် ပေါ်ရေး ရည်မှန်းချက်ကို အရေးတကြီး ချမှတ်သင့်ပါပြီ။
အဲဒီအတွက်လည်း ထိုက်သင့်တဲ့ မက်လုံးတွေနဲ့ အခွန်အတုတ် သက်သာခွင့်တွေ ဖော်ဆောင်ပေးရပါမယ်။
ပြည်တွင်းအားနဲ့ ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ကျွန်တော်တို့ရဲ့ လူအရင်းအမြစ်နဲ့ နည်းပညာတွေ နောက်ကျကျန်ခဲ့တဲ့ အရှိတရားကို နားလည်လက်ခံကြရ ပါမယ်။
ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတောင် သူ့စနစ်ရဲ့ ရန်သူလို သဘောထားတဲ့ အရင်းရှင်တွေ သူ့နိုင်ငံထဲလာပြီး ရင်းနှီးမြှုပ်နှံအောင် ကြံဆောင်နိုင်သေးတာ၊ ကျွန်တော်တို့လည်း လုပ်နိုင်ရမှာပေါ့။
Clean Government လည်းဖြစ်၊ ကမ္ဘာမှာ ပြန့်နေတဲ့ ပညာတတ်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေ မြန်မာပြည် ပြန်လာ အလုပ်လုပ် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာရင် အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ လျော့ပါးလာပါလိမ့်မယ်။

 မြင့်သန်းကျော်
တံစိုးလက်ဆောင် တံစိုးလက်ဆောင် Reviewed by သစ်ထူးလွင် on 15:31 Rating: 5

4 comments:

Thein Sein said...

မှန်တာတွေပြောနေပါလား။

shein said...

စာကောင်းတစ်ပုဒ်ပါပဲ။ တံစိုးလက်ဆောင်ကတော့ ဆင်းရဲမွဲတေမှု မပျောက်သေးသမျှ ရှိနေအုန်းမှာပါပဲ။

David Aung Ngwe. said...

thanks Myint Than Kyaw . you are right! The good government can set up good country as non-corruption. I believe , now our president,U Thein Sein has 3 'D's . 1. Discipline. 2. Determination . 3. Destiny. Then we have the great leader, Daw Su (Daw Aung San Su Kyi ) . they are working together now as the teamwork. We all support them . very soon , maybe very very soon! We (our country) will be here. All the best! thanks again, Myint Than Kyaw.

Komglatt said...

CLean Government ဖြစ်ဖို့အတွက် မည်မျှခရီးရောက်သည်တော့ ခန့်မှန်းလို့မရသေးပါ။ လယ်/ဆည်ဝန်ကြီးကတော့ ယခင်ကနိုင်ငံပိုင်ခြံတွေ ပြန်ငှားရမ်းတဲ့အခါ ခြံဝန်ထမ်းတွေရဲ့အခက်အခဲကိုထည့်သွင်းစဉ်းစားမှုမရှိဘူးလို့သိရတယ်၊ ၀န်ကြီးအမျိုးတွေလည်း ခြံတွေငှားရမ်းရယူတဲ့သူတွေထဲမှာ ခြေသွက်လက်ပ်သွက်ပါဝင်နေတယ်၊ ခြံဝန်ထမ်းတွေက လစာနဲ့မစားလောက်ပေမယ့် နေစရာလေးတွေရတဲ့အတွက် ဒီဝန်ထမ်းဘ၀မှာရပ်တည်နိုင်ကြတာဖြစ်တယ် CLean Governmentဖြစ်ဖို့ဆိုရင်တော့ လက်ရှိ လယ်/ဆည်ဝန်ကြီးလည်းမရှိမှရမယ်။

Powered by Blogger.