ဆိပ်ဖြူတွင် အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

ရှေ့ကျတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းပုံကိုတွေ့ ရစဉ်(googleimages)
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းမှ အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများအား မြန်မာ-ဂျပန် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း သုတေသနအဖွဲ့မှ နိုဝင်ဘာအတွင်းက တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။  ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များနှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ ပညာရှင်များ ပါဝင်သော မြန်မာ-ဂျပန် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနအဖွဲ့မှ ၂၀၁၁ နိုဝင်ဘာအတွင်းက မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဆပ်ပြာကျင်းကျစ်ချောင်း အတွင်းမှ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



အဆိုပါ တွေ့ရှိခဲ့သည့် အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ငါးခုမှာ ကိုလိုဗိုင်း (Colobine) အုပ်စုဝင် အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်ကြောင်း သိရသည်။ “အခုတွေ့ရှိခဲ့ရတဲ့ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ အရင်က တွေ့ရှိဖူးခဲ့ခြင်း မရှိတဲ့ သွားအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီရုပ်ကြွင်းတွေဟာ လူသားမျိုးနွယ်အစဖြစ်တဲ့ ပုံတောင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ ဆင့်ကဲ ပြောင်းလဲလာမှုသမိုင်းကို လေ့လာတဲ့အခါမှာ အရေးပါတဲ့ အထောက်အထားတွေဖြစ်ပါတယ်” ဟု နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ နိုဝင်ဘာ ၁ ရက်တွင် ရှေ့အံသွားတစ်ခု၊ နိုဝင်ဘာ ၉ ရက်နေ့တွင် ရှေ့သွားသုံးခုနှင့် ရွှေဘိုဒီဂရီကောလိပ်၊ ဘူမိဗေဒဌာနမှ နိုဝင်ဘာ ၆ ရက်တွင် အံသွားတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ “ပရိုင်းမိတ်ပညာရှင်တွေက မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ကမ္ဘာပေါ်မှာ အစောဆုံး ဖြစ်တယ်ဆိုတယ်လို့ ၁၉၇၉ ခုနှစ် လောက်ကတည်းက အသိအမှတ် ပြုထားပါတယ်။



၁၉၇၆ ကစပြီးတော့လဲ နိုင်ငံတကာက ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်စဉ် သုတေသန လေ့လာရှာဖွေရေး ပြုလုပ်ခဲ့တယ်။ အခုအချိန်အထိ ရှာဖွေတွေ့ရှိခဲ့မှုပေါင်းကလဲ အလွန်များပြားစွာ ရှာဖွေ စုဆောင်းနိုင်ပြီဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောသည်။ မြန်မာနိုင်ငံတွင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ၁၉၁၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ဖန်းကန်ရွာ အနီးတွင် စတင်တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ၁၉၇၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မိုးကောင်းရွာ အနီးမှလည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ယခုအချိန်အထိတိုင်အောင် နှစ်စဉ်စဉ်ဆက်မပြတ် မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်အနီးရှိ ပုံတောင် ကျောက်လွှာစုများတွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင်လည်းကောင်း တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

zthan@yangonmedia.com
ဆိပ်ဖြူတွင် အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ ဆိပ်ဖြူတွင် အဆင့်မြင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ Reviewed by သစ်ထူးလွင် on 11:13 Rating: 5

No comments:

Powered by Blogger.