ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အား အကဲဖြတ်ခြင်း

 (30 Nov 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Judging Cliton’s Burma visit ကို ဘာသာပြန်ဆိုသည်) ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ခရီးစတင်မည်ဖြစ်ရာ နှစ်ပေါင်းငါးဆယ်အတွင်း ထိုသို့ သော အမေရိကန်၏ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်သည် ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့နှင့် ယှဉ်လျှင် အရေးအကြီးဆုံး ပလေယာ မဟုတ် သော်လည်း မြန်မာအစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသောဆက်ဆံရေးအတွက် မျှော်လင့်သည်မှာ ရှင်းနေသည်။ အကြောင်းအမျိုးမျိုးမှာ မဟာဗျူဟာချိန်ခွင်လျှာညီမျှရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ်လုပ်ဆောင်လိုမှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာရေးနှင့် အခြားအကြောင်းများရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို အကဲဖြတ်ရလျှင် သူမ၏ အောက်ပါရည်ရွယ်ချက်များ အောင်မြင်မှု ရှိ မရှိ စဉ်းစားရန် အရေးကြီးသည်။ အောက်တွင် ဖော်ပြမည့် ရည်မှန်းချက်များ အကယ်၍ ပြည့်ဝခဲ့လျှင် မြန်မာနိုင်ငံတွင် အမေရိကန်၏ သြဇာ လွှမ်းမိုးမှု၏ အရေးကြီးပုံကို သရုပ်ဖော်ပြသကဲ့သို့ ရှိမည်ဖြစ်သည်။ (၁) နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး သေချာမှုရှိစေရန်ဖြစ်သည်။ မြန်မာအစိုးရသည် အစောပိုင်းက အကျဉ်းသားများကို တစ်သုတ် လွှတ်ပေးပြီး ဖြစ်သည်။ သို့သော် လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ခန့် ရှိနေသေးသည်ဟု သိရှိရသည်။ ယခင်က အမေရိကန်အစိုးရ တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တွန်းအားပေးခဲ့ရာ၊ မြန်မာခေါင်းဆောင်များက လျစ်လျူရှုခဲ့သည်ချည်းသာဖြစ်သည်။ ယခု နေ့ရက်များတွင် နောက်ထပ် အကျဉ်းသားများ လွှတ်ပေးရန်သတင်းများ အကြိမ်ကြိမ်ထွက်လျက်ရှိသည်။ အကယ်၍ ကလင်တန်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်သွားအောင်လုပ်ဆောင်နိုင်ခဲ့လျှင် အချိန်ယူပြီး တဖြည်းဖြည်းချင်းခွဲ၍ လွှတ်ပေးခြင်းမဟုတ်ခဲ့လျှင် အောင်မြင်မှုဟု ဆိုရလိမ့်မည်။ (၂) စစ်တပ်၏ အကြီးတန်းအဖွဲ့ဝင်များနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရေးရရှိရန်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ခြုံကြည့်လျှင် တွေ့ဆုံ ခဲ့သမျှသည် မြန်မာခေါင်းဆောင်ပိုင်းရှိ အရပ်သားဝန်ကြီးများနှင့်သာရှိပြီး၊ တပ်မတော်၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် ဖလှယ်မှု အနည်းငယ်သာရှိခဲ့သည်။ ၎င်းတို့ သည် စစ်မြေပြင်တွင် စစ်တပ်မှ လူ့အခွင့်အရေးကျူးလွန်မှုများ လျော့ချရေး၊ တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြေရှင်းရေးတွင် အရေးပါ သောသူများဖြစ်သည်။ (၃) တစ်ပြည်လုံးအနှံ့ တိုး၍ထိတွေ့လုပ်ဆောင်နိုင်ရေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာ လုပ်ဆောင်နေသော်လည်း မြန်မာ အများစု နေထိုင်သောဒေသအပြင်ရှိ ဒေသများတွင် နှစ်ပေါင်းများစွာကပင် မဖွံ့ဖြိုးမှု မည်မျှရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ တိုင်းရင်းသား ဒေသ များတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ၊ ကချင်ဒေသသည် ပြင်းထန်စွာ ထိခိုက်နေသောဒေသဖြစ်သည်။ အမေရိကန်သံတမန်များ၊ ကုလ သမဂ္ဂနှင့် အခြားစောင့်ကြည့်သူများသည် တိုင်းပြည်တွင် နေရာအနှံ့ ပြီးပြည့်စုံအောင် ထိတွေ့နိုင်မည်ဆိုပါက ကလင်တန်အတွက် အရေးပါသော အောင်မြင် မှု ဖြစ်လိမ့်မည်ဖြစ်သည်။ (၄) မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယားနှင့် ဆက်ဆံရေးကို ပိုမိုရှာဖွေဖော်ထုတ်နိုင်ရေးဖြစ်သည်။ မြန်မာစစ်တပ်၏ မြောက်ကိုးရီးယားနှင့် လျင်မြန်စွာ တိုးတက် လာသော ဆက်ဆံရေးသည် မရိုးမသားနှင့် မရှင်းမလင်း ရှိနေဆဲဖြစ်သည်။ ကလင်တန်၏ ခရီးစဉ်မတိုင်မီ ဆီနိတ်တာ Richard Lugar ၏ ရုံးသည် ကြေညာ ချက် တစ်ရပ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် လွန်ခဲ့သော ငါးနှစ်မှစ၍ ပြုံယမ်းထံမှ နျူကလီယားနှင့်ပတ်သက်သော အကူအညီများရယူရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ အကယ်၍ ကလင်တန်ကသာ မြန်မာခေါင်းဆောင်များအား ၎င်းတို့နှင့် မြောက်ကိုးရီးယားဆက်ဆံရေးကို ရှင်းလင်းမြင်သာသော ကြေညာချက် ထုတ်ပြန်ရန်နှင့် ဒုံးကျည်မှ နျူကလီယားအစီအစဉ်များနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသော သံသယဖြစ်ဖွယ် အဆောက်အဦးများကို ကြည့်ရှုသူများအား ခွင့်ပြုရန် နားချနိုင်ခဲ့လျှင် အောင်မြင်မှုများတွင် အကြီးမားဆုံးဖြစ်မည်ဖြစ်သည်။
yangonchronicle
Myanmar News Now
ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အား အကဲဖြတ်ခြင်း ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အား အကဲဖြတ်ခြင်း Reviewed by သစ်ထူးလွင် on 10:55 Rating: 5

No comments:

Powered by Blogger.