ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသ |
“ကျနော်တို့ရွာမှာဆက်ကြေး တော်တော်များတယ် တစ်လဆိုပျမ်းမျှ တစ်သောင်း ကျော်ကျော်(ကျပ်) ရှိတယ် တစ်နှစ်ဆိုရင်တော့ တစ်သိန်းခွဲလောက်ရှိတယ် ဒါတောင်သစ်ပင်စိုက်တာတို့ ၊ လူကြီးကြိုဆိုတာတို့၊ ရွာလမ်းပြင်တာတို့ စတဲ့ လုပ်အားပေးတွေ မပါသေးဘူး” ဟု ဟမ်းဆီးတောင်ရွာက အသက်၂၅နှစ် အရွယ်လူငယ်တစ်ယောက်က YPI သို့ ပြောသည်။
ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်မပြောင်းမီ PNO အဖြစ် အထူးဒေသ (၆) ငြိမ်းချမ်းရေး တပ်ဖွဲ့အဖြစ်အုပ်ချုပ်စဉ်ကလည်း ဆက်ကြေးကောက်ခံမှုရှိသော်လည်း ဒေသခံ ကျေးရွာသားများအနေဖြင့် ယခုနှစ်ပိုင်းတွင် အလုပ်အကိုင် မကောင်းခြင်းကြောင့် ပိုမိုဒဏ်ပိလာသည့် သဘောဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
အချို့သော ကျေးရွာသားများမှာ ဆက်ကြေး သက်သာသည့် ရွာများသို့ပြောင်းရွှေ့ကြသကဲ့သို့ ငွေကြေး တတ်နိုင်သူများမှာမူ တောင်ကြီး၊ ဟိုပုံးမြို့များသို့ ပြောင်းရွှေ့ကြရာ ယခင်တပတ်တွင်ပင် အိမ်လေးငါးလုံး ပြောင်းရွှေ့သွားကြသည်ဟု ယင်း ဟမ်းဆီးရွာသားက ပြောသည်။
နေအိမ် တလုံးချင်းအပေါ် မူတည်ပြီးဆက်ကြေး ကောက်ခံခြင်းဖြစ်၍ ပြောင်းရွှေ့သွားသည့် နေအိမ်များအား ရောင်းထုတ်ခြင်း ၊ အကယ်၍ ရောင်းမထွက်ပါက ဖြိုဖျက်လိုက်ကြကြောင်း ၎င်းကပင်ပြောသည်။ ဆက်ကြေးကောက်ခံရာတွင် ကျေးရွာသူကြီးနှင့် ဆယ်အိမ်မှူးတို့က အစည်းအဝေးခေါ် ရက်ချိန်းသတ်မှတ်ကာ ကောက်ခံပြီး အထက်သို့ပေးအပ်ကြရသည်ဟုလည်း သိရှိရသည်။
ဆက်ကြေးငွေပေးရန် ရက်ချိန်းပြည့်သည့်နေ့တွင် စည်းဝေးခေါ်ယူပြီး မပေးရသေးသည့် အိမ်ထောင်စုများအနေဖြင့် အိမ်ပြန်ယူခိုင်းရာ မရှိပါက အိမ်နီးချင်း၊ ဆွေမျိုးများထံမှ ချေးငှားကာ ပေးရကြောင်း၊ အကယ်၍ မပေးနိုင်သေးသရွေ့ ပြန်ခွင့်မပြုဟုလည်း အိမ်ရှင်မ တဦးကပြောသည်။ ဟမ်းဆီးနီးတူ နားရီးကျေးရွာတွင်လည်း အလာတူ အဖြစ်မျိုး ဖြစ်ပျက်နေသည်ဟု ၎င်းက ပြောသည်။
ဆတ်ကြေးသည် လမ်းတံတားများပြုပြင်ခြင်း၊ ရိုးရာပွဲများ ကျင်းပခြင်း၊ နှစ်စဉ်အမျိုးသားဘောလုံးပွဲ ကျင်းပ ခြင်း၊ ဆောက်လုပ်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ခံရခြင်းဖြစ်သည် ဟုသိရသည်။ ယင်းဒေသမှ ကျေးရွာသား တဦးကမူ ဆက်ကြေးကောက်ခံသည့် အခါဖေါ်ပြထားသည့် တံတားများတွင် တခါမျှမကြားဖူး မမြင်ဘူးသည့် တံတားများ လည်းပါဝင်လေ့ရှိသည်ဟုလည်း ဆိုသည်။
ယခုကဲ့သို့ ဆက်ကြေး ပမာဏများများ ကောက်ခံသည့်ကျေးရွာများတွင် တနှစ်ကို အိမ်ခြေ ၂ လုံး ၃ လုံးအပြင်တိုးပွားမှုမရှိပဲ စီးပွားရေး အနည်းငယ်ကောင်းသည်နှင့် မြို့ပေါ်သို့ တခါထည်းပြောင်းရွှေ့ကုန်ကြသည်ဟုလည်း ရွာခံများက ပြောသည်။
ဟမ်းဆီးကျေးရွာသည် အဓိက ကြက်သွန်ဖြူ ၊ မြေပဲ ၊ ပဲပုပ် နှင့်လယ်လုပ်ငန်း လုပ်ကိုင်ကြပြီး တောင်ကြီး၊ကက္ကူ နှင့်ကျောက်တလုံး ကားလမ်းမ ပေါ်တွင် တည်ရှိသည်။ PNO အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးနောက်တွင် ပြည်သူ့စစ် အသွင်ပြောင်းပြီး ဆက်လက်အုပ်ချုပ် လျှက်ရှိသည်။ ။
တောင်ကြီး၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၁ (YPI)
ဆက်ကြေးဝန်ပိ၍ မြို့သို့ပြောင်းရွှေ့သူများလာ
Reviewed by သစ်ထူးလွင်
on
11:00
Rating:
No comments:
Post a Comment