တွေ့ဆုံမေးမြန်းမှုမှ ကောက်နုတ်ချက် အချို့
” ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံ သမိုင်းမတင်ခင်ကနေ အခုအထိ နှစ်ပေါင်းမြောက်များစွာမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း”
”နိုင်ငံတော်ကသိမ်းတဲ့နေရာမှာ စက်ရုံဆောက်ဖို့သိမ်းချင်လည်းသိမ်းမယ်။ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ချထားပေးဖို့ သိမ်းတာလည်းရှိမယ်။ အစိုးရက သူပိုင်တဲ့မြေပဲ။ ဥပဒေမှာကို လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဆိုပြီး ဆိုရှယ်လစ်ခေတ်က ပြဋ္ဌာန်းထားခဲ့တာ”
(၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့တာဝန်ကို လွှဲပြောင်းလက်ခံခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် ယခင်ဆယ်စုနှစ် နှစ်ခုကျော် လုပ်ဆောင်ခြင်း မရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ လုပ်ဆောင်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများထဲမှ တခုဖြစ်သည့် လူ့အခွင့်အရေး ချိုးဖေါက်မှု ကိစ္စရပ်များအား တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်ကို စက်တင်ဘာ ၅ ရက်နေ့ တွင် ကြေညာချက်ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံသားများ၏ မူလအခွင့်အရေးများအား မြှင့်တင်ရန်နှင့် ကာကွယ်ရန်ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့်ဖွဲ့စည်းထားသည်၊ အဖွဲ့ဝင်အားလုံးနီးပါးမှာ အငြိမ်းစား အစိုးရ အရာရှိကြီးများဖြစ်သည်။ အငြိမ်းစား သံတမန်၊ ပါမောက္ခနှင့် အခြားသော အစိုးရဋ္ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သူ များဖြစ်သည်။ ကော်မရှင်၏ ဥက္ကဋ္ဌမှာ အငြိမ်းစား သံအမတ် ဦးဝင်းမြ ဖြစ်သည်။
ကော်မရှင်အနေဖြင့် မည်သို့သော ကိစ္စရပ်များတွင်လက်ရှိဆောင်ရွက်နေသည်၊ လုပ်ဆောင်နိုင်မှု အတိုင်းအတာနှင့် မည်သို့သော တိုင်ကြားမှုများကော်မရှင်မှ လက်ခံရရှိသည်ဆိုသည့်အချက်အလက်များကို သိရှိနိုင်စေရန် ကော်မရှင် အတွင်းရေးမှူး ဖြစ်သူ ဦးစစ်မြိုင်နှင့် Yangon Press International ၀ိုင်ပီအိုင်မှ တွေ့ဆုံမေးမြန်းသည်တို့ကို ဖေါ်ပြလိုက်ပါသည်။ ဦးစစ်မြိုင်သည် လူမှုဝန်ထမ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးဟောင်းဖြစ်သည်။)
ဝိုင်ပီအိုင်။ ။အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့လုပ်ငန်းဆောင်တာတွေကို သိပါရစေ။
ဦးစစ်မြိုင်။ ။သမ္မတကြီးက တာဝန်ပေးထားတာတော့ လူ့အခွင့်အရေး ကာကွယ်ဖို့နဲ့ မြင့်တင်ဖို့ပါ။ လက်ရှိမှာတော့ ကော်မရှင်အနေနဲ့ လုပ်လို့ရသလောက်လုပ်နေပါတယ်။ လသားပဲရှိသေးတဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်ပအဖွဲ့အစည်းတွေကတောင် အံ့သြနေကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ တိုင်စာကိစ္စတွေကို ဆောင်ရွက်နေတယ်။ တိုင်စာတွေထဲမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ခံစားချက်တွေကို အခုမှလာတိုင်တာမျိုးတောင်ရှိတယ်။ အဲဒီလိုကြာနေတဲ့ ကိစ္စတွေကျတော့ အဖြေထုတ်ဖို့ခက်တယ်။ မြေကိစ္စတွေလည်းပါတယ်။ ဒါတွေက အဖြစ်မှန်ကိုဖော်ထုတ်ဖို့ခက်တယ်။ ကာလ သတ်မှတ်ချက်ကရှိနေတယ်။ ကော်မရှင် စဖွဲ့တဲ့အချိန်ကစပြီး ဒီဘက်ပိုင်းကိုတော့ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်တယ်။
ဟိုဘက်ကာလဆိုရင်တော့ ဥပဒေ ပြဌာန်းချက်တွေ၊ အတည်ြ့ပုချက်တွေက ဒီနေ့လိုခိုင်ခိုင်မာမာ မရှိသေးဘူး။ နေ့တိုင်းကို တိုင်စာနဲ့ပတ်သတ်ပြီး အစည်းအဝေးရှိတယ်။ ၀ိုင်းပြီးစဉ်းစားကြရတယ်။ လူ့အခွင့်အရေး မြင့်တင်ရေးနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်က OHCHR လို့ခေါ်တဲ့ ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ လူအခွင့်အရေးရုံးနဲ့ ပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့တယ်။
လူ့အခွင့်အရေးနဲ့သတ်ဆိုင်တဲ့ ဌာနဆိုင်ရာ ၀န်ထမ်းအချို့ကို အသိပညာပေးတဲ့သဘောပါ။ နောက်ကိုလည်း အဲဒီလိုသင်တန်းတွေလုပ်ဖို့ရှိတယ်။
ဝိုင်ပီအိုင်။ ။လူ့အခွင့်အရေး ကော်မရှင်ကို လာတိုင်ထားတဲ့ တိုင်စာ ဘယ်နှခုလောက်ရှိပြီလဲ။ ဘယ်နှခုလောက် ကိုင်တွယ် ဖြေရှင်းပေးပြီးပြီလဲ။
ဦးစစ်မြိုင်။ ။ အားလုံးပေါင်း ၉၀၀ ကျော်ရှိတယ်။ ကိုင်တွယ်ပြီးတာ ၆၀၀ ကျော်လောက်ရှိတယ်။ အချို့က ကာလကျော်နေတာရှိတယ်။ အဲဒါမျိုးကိုတော့ ကာလသတ်မှတ်ချက်လွန်နေတယ်လို့ပဲ ပြန်လိုက်တယ်။ အချို့ကိစ္စတွေကို သက်ဆိုင်ရာဋ္ဌာနတွေကိုပို့တယ်။ အများစုကိုတော့ အစိုးရ အဖွဲ့ကိုပို့တယ်။ အစိုးရအဖွဲ့ကနေ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနတွေကို ပို့တယ်။ လိုအပ်သလိုဆောင်ရွက်ပေးပါပေါ့။ အစိုးရအပိုင်းကကူတယ်ပေါ့။
ဝိုင်ပီအိုင်။ ။ ဘယ်နှမှုလောက်ဖြေရှင်းပြီးပြီလဲ။
ဦးစစ်မြိုင်။ ။ ဖြေရှင်းပြီးတာက အရေအတွက်အတိအကျ မသိဘူး။
ဝိုင်ပီအိုင်။ ။ ခန့်မှန်းပေးလို့ရောရမလား။
ဦးစစ်မြိုင်။ ။ ခန့်မှန်းလည်းမပြောနိုင်ဘူး။ ဖြေရှင်းပြီးတယ်ဆိုတာက ညှိနှိုင်းလို့ပြီးတာ။ အစိုးရဋ္ဌာနနဲ့ဆိုင်တာ အစိုးရဋ္ဌာနကို အကြောင်းကြားလိုက်တယ်။ ဋ္ဌာနက လုပ်ထုံးလုပ်နည်းအရမည်သို့ဆောင်ရွက်ပြီးကြောင်းပြန်လာတယ်။ အချို့ကျတော့ တရားရုံးအမှုကို လာတိုင်တာရှိတယ်။ အဲဒါမျိုးက ကျွန်တော်တို့ကိုင်လို့မရဘူး။ ကျွန်တော်တို့ကော်မရှင်က လူ့အခွင့်အရေးကို မြင့်တင်ပေးတဲ့လုပ်ငန်းတွေ များများလုပ်ဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်။
ဝိုင်ပီအိုင်။ ။လယ်ယာမြေတွေ အငြင်းပွားဖွယ်အသိမ်းခံရတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီးတော့ရော ကော်မရှင်ကို လာတိုင်လို့ရလား။
ဦးစစ်မြိုင်။ ။ ဖြစ်တဲ့ကာလအပေါ်မူတည်တယ်။ ကော်မရှင်က စဖွဲ့ပြီးတဲ့ ဒီဘက်အပိုင်းကို ကိုင်တာဆိုတော့ ဒီဘက်ပိုင်ကိစ္စဆိုရင် ကိုင်တွယ်မှာပေါ့။ ကိုင်တွယ်တယ်ဆိုတဲ့နေရာမှာလဲ ကျွန်တော်တို့က မြေဆင်းတိုင်း၊ အမှုတွဲကြည့်ပြီး ဆုံးဖြတ်လို့ရတာမဟုတ်ဘူး။ သက်ဆိုင်ရာဋ္ဌာနက ပုဂ္ဂိုလ်တွေနဲ့ပဲ ကြားက ညှိနှိုင်းပေးလို့ရတာ။ ကျွန်တော်တို့က ဒီလိုပဲလုပ်လို့ရတာ။ စီရင်ပိုင်ခွင့်မရှိဘူးလေ။
ဝိုင်ပီအိုင်။ ။ လယ်ယာမြေတွေကို လယ်သမားတွေဆီက နိုင်ငံတော်နာမည်နဲ့သိမ်းပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလုပ်ကိုင်နေတဲ့အပေါ်လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဦးစစ်မြိုင်။ ။ နိုင်ငံတော်ကသိမ်းတဲ့နေရာမှာ စက်ရုံဆောက်ဖို့သိမ်းချင်လည်းသိမ်းမယ်။ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ချထားပေးဖို့ သိမ်းတာလည်းရှိမယ်။ အစိုးရက သူပိုင်တဲ့မြေပဲ။ ဥပဒေမှာကို လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဆိုပြီး ဆိုရှယ်လစ်ခေတ်က ပြဋ္ဌာန်းထားခဲ့တာ။ ပြည်သူတွေအမြင်မှာ အစိုးရက လယ်သမား ယာသမားတွေဆီက မတရားသိမ်းတယ်လို့ထင်နေတယ်။ သိမ်းရင်လည်း အစိုးရက လျော်ကြေးပေးတာပဲ။ ဒါပေမယ့် နိုင်ငံတော်က သတ်မှတ်ထားတဲ့နှုန်းနဲ့ လျော်တာပေါ့။ လက်ရှိပေါက်ဈေးက ဒီထက်များရင်များနေမယ်။ အဲဒါကို ပိုင်ရှင်တွေက မကျေနပ်ဘူး။ ကွာဟချက်က ဒါပဲ။ အစိုးရကကောက်ခံထားတဲ့ အခွန်ကလည်း နည်းတယ်။ သူပိုင်တယ်ဆိုတာသိရုံ ဆယ်ဂဏန်းပဲ ကောက်ထားတာ။ အဲဒီတော့လျော်ကြေးပေးတော့လဲ ဆယ်ဂဏန်းပဲပေးတာပေါ့။ တကယ့်ပေါက်ဈေးကတော့ ထောင်ဂဏန်းဖြစ်ချင်ဖြစ်နေနိုင်မယ်။ အဲဒါကွာဟချက်ပဲ။
ဝိုင်ပီအိုင်။ ။ အခုကော်မရှင်ကိုလာတိုင်တဲ့အထဲမှာ လူ့အခွင့်အရေးနဲ့မဆိုင်တဲ့ ကိစ္စတွေ ပါတယ်ဆိုတာ ဟုတ်လား။
ဦးစစ်မြိုင်။ ။ ဟုတ်ပါတယ်။ ကားကိစ္စတွေလည်းပါတယ်။ သူတို့ရဲ့ နစ်နာမှုတွေကို တိုင်တာပေါ့။ တိုင်တဲ့အပိုင်းမှာ နှစ်ခုတွေ့ရတယ်။ တစ်မျိုးက တကယ်အားကိုးလို့ လာတိုင်တာ။ နောက်တစ်မျိုးက အသုံးချချင်လို့ လာစမ်းသပ်တာပေါ့။
ဝိုင်ပီအိုင်။ ။ ကော်မရှင်အနေနဲ့၊ အမှုတွေကိုကိုင်တွယ်တဲ့အခါမှာ လွတ်လပ်မှုရှိရဲ့လား။
ဦးစစ်မြိုင်။ ။ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါတယ်။ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို ဘယ်ကိုမှ တင်ပြနေစရာမလိုပါဘူး။ ဒါပေမယ့် လွှတ်လပ်မှုလို့ပြောတဲ့နေရာမှာ တနိုင်ငံနဲ့တနိုင်ငံမတူဘူး။ တထပ်တည်းလုပ်လို့ မရနိုင်ဘူး။ အနောက်ရဲ့လွတ်လပ်မှုနဲ့ အရှေ့ရဲ့လွတ်လပ်မှုမတူဘူး။ ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံ သမိုင်းမတင်ခင်ကနေ အခုအထိ နှစ်ပေါင်းမြောက်များစွာမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း။ အဲဒါကြောင့်ကော်မရှင်အနေနဲ့ ကြိုးစားရုန်းကန်ရမှာလည်း အများကြီး ရှိတယ်။ ဒီအဖွဲ့က အခုမှ ရပ်တည်ဖို့ကြိုးစားနေတာ။ အဲဒီအခြေအနေနဲ့ ဆက်စပ်ပြီးတော့မှ ဒီအဖွဲ့အစည်းက လွတ်လပ်မှု ဘယ်လောက်ရှိလဲဆိုတာဖြစ်လာတာ။ ကျန်တဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းပုံလည်း မတူနိုင်ဘူး။ အခြားနိုင်ငံတွေမှာ အစိုးရ၀န်ထမ်းဟောင်းပါချင်ပါမယ်။ မပါချင်မပါဘူး။ အပြင်လူလည်းပါချင်ပါမယ်။
ဝိုင်ပီအိုင်။ ။ ကချင်ပြည်နယ်ခရီးစဉ်အကြောင်းသိပါရစေ။
ဦးစစ်မြိုင်။ ။ အခြေအနေသိချင်လို့သွားကြည့်တာပါ။ သတင်းတွေကလည်းထွက်နေတယ်လေ။ တပ်ကရွာသားတွေကို နှိပ်စက်တယ်။ အဓမ္မကျူးလွန်တယ်။ ပေါ်တာဆွဲတယ် စသည်ဖြင့် ကြားလို့သွားကြည့်တာပါ။ ဒါတွေ ဘယ်လောက်၊ ဘယ်လိုဖြစ်နေလဲသိချင်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့က ကယ်ဆယ်ရေးစခန်း တွေပဲရောက်ခဲ့တယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေက မြို့တက်လာပြီး ဘုန်းကြီးကျောင်း၊ church (ဘုရားရှစ်ခိုးကျောင်း) ကျောင်း၊ ဇရပ်နဲ့
နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတာပေါ့။ အဲဒီက ဒုက္ခသည်တွေနဲ့တွေ့ခဲ့တယ်။ အဲဒီမှာ ပြည်သူအပေါ်ကျူးလွန်တဲ့ အမှုတွေက ဘယ်ဘက်ကလုပ်တာလဲဆိုတာပြောဖို့ခက်တယ်။ ပြည်သူကတော့ မြေစာပင်ဖြစ်နေတာအမှန်ပဲ။ပြောရရင် အခြေအနေက ရှုပ်ထွေးနေတယ်။
ဝိုင်ပီအိုင်။ ။ တိုက်ပွဲဖြစ်နေတဲ့အတွက် ကချင်ပြည်နယ်တိုင်းရင်းသားတွေက လူ့အခွင့်အရေးအပြည့်အ၀ရရဲ့လား။ ချိုးဖောက်ခံနေရတာ ရှိလား။
ဦးစစ်မြိုင်။ ။လူ့အခွင့်အရေးအချိုးဖောက်ခံနေရတယ်ဆိုတာထက် ဆုံးရှုံးနေတယ်လို့ပြောရင် ပိုကောင်းမယ်ထင်တယ်။ အဲဒီက တိုင်းရင်းသားတွေ လူ့အခွင့်အရေးဆုံးရှုံးနေတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရတဲ့အချက်ပါ။ ပြည်နယ်အစိုးရက အကောင်းဆုံးလုပ်ပေးနေတယ်ဆိုတာလည်း အမှန်ပါပဲ။
ဝိုင်ပီအိုင်။ ။ အရင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အကျဥ်းသားလွှတ်ပေးဖို့ သမ္မတကို အိတ်ဖွင့်ပေးစာပေးပြီး တောင်းဆိုခဲ့ပြီးနောက်ရက်မှာပဲ အကျဥ်းသားတွေ လွှတ်ပေးခဲ့တယ်နော်။ အခုထပ်ပြီးတောင်းဆိုဖို့ရှိမလား။
ဦးစစ်မြိုင်။ ။ အဲဒီတုန်းက အကျဥ်းသားတွေလွှတ်ပေးခဲ့တယ်ဆိုတာအခြေအနေအရပ်ရပ်ကြောင့်ပါ။ အကျဉ်းသားကိစ္စက အခုအချိန်မှာ တော်တော်မျှော်လင့်နေကြတယ်။ ဖြစ်နိုင်မယ်၊ ဖြစ်လိမ့်မယ်လို့လဲထင်နေကြတယ်။ ကော်မရှင်က ထပ်ပြီးတိုက်တွန်းဖို့ကတော့ ကော်မရှင်တွင်းမှာ ဆွေးနွေးနေတုန်းပဲ။ ။
YPI
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း
Reviewed by သစ်ထူးလွင်
on
12:51
Rating:
1 comment:
Very good Robot , control by wireless remote from Kyatpaie (Naypyidaw).
Post a Comment